
အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲမူဝါဒကို ဝမ်းမြောက်ကြိုဆိုကြောင်း ၂၈ ပါတီ၏ ကြေညာချက်တွင် ထောက်ခံလက်မှတ်ရေးထိုးထားသည်မှာ ပါတီဥက္ကဋ္ဌက ပါတီ၏ ခွင့်ပြုချက်မရဘဲ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ယမန်နေ့ (သြဂုတ် ၆) တွင် “ဝ” အမျိုးသားပါတီ (WNP) ဗဟိုကော်မတီဝင် ဦးဆိုင်နပ်က ပြောသည်။
ထိုလုပ်ရပ်အတွက် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်းကိုလည်း “ဝ” အမျိုးသားပါတီက သြဂုတ် ၆ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထိုသို့ လက်မှတ်ထိုးခြင်းသည် “ပါတီအပေါ်ထားရှိသည့် ပြည်သူလူထု၏ ယုံကြည်မှုများကို ထိခိုက်စေသော လုပ်ရပ်ဖြစ်သည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး သဘောတူကြောင်း၊ ရွေးကောက်ပွဲပြန်လုပ်ပေးမည်ဆိုသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောဆိုချက်ကို ကြိုဆိုကြောင်း စသည်ဖြင့် ဩဂုတ် ၄ တွင် ကြေညာချက်ထုတ်ပြန်ရာ ပါတီစာရင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမည်ကို ထိပ်ဆုံးတွင် တွေ့ရသည်။
“ပြည်ခိုင်ဖြိုးပါတီနဲ့ ပူးတွဲထုတ်ပြန်တဲ့ဟာကတော့ ဥက္ကဋ္ဌတစ်ဦးတည်းရဲ့သဘောနဲ့ လုပ်သွားတာပါခင်ဗျာ။ ဒီကိစ္စကို ကျွန်တော်တို့ ဗဟိုကော်မတီဝင်တွေ မသိရပါဘူးခင်ဗျ။ အဲ့ဒါကြောင့် ကန့်ကွက်ကြောင်းကို သဘောထားပြန်ပြီး ထုတ်ပြန်တာပါ” ဟု ဦးဆိုင်နပ်က Myanmar Now ကို ပြောသည်။
ဖေဖော်ဝါရီ ၁ တွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် စစ်ကောင်စီသည် အိမ်စောင့်အစိုးရအသွင် ပြောင်းလဲခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စစ်ကောင်စီ၏ ဥက္ကဋ္ဌနေရာနှင့် အိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ယူကြောင်း ကြေညာထားသည်။
NLD အစိုးရခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များကို ဖမ်းဆီးကာ အာဏာသိမ်းယူပြီးနောက် တစ်နှစ်အတွင်း ရွေးကောက်ပွဲပြန်လုပ်မည်ဟု ပြောဆိုခဲ့သော်လည်း နောက်ခြောက်လအကြာတွင် လေသံပြောင်းသွားခဲ့သည်။
ဩဂုတ် ၁ တွင် စစ်ကောင်စီ၏ ၆ လပြည့်မိန့်ခွန်းတွင် ၂၀၂၃ သြဂုတ်မှ အထွေထွရွေးကောက်ပွဲ ပြန်လုပ်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံ့အာဏာကို ဆက်လက်ရယူထားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က အသိပေးခဲ့သည်။
” ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အရေးပေါ်ကာလကန့်သတ်ချက်ဆိုတာရှိပါတယ်။ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ (ခ) အရ အရေးပေါ်ကာလ တစ်နှစ်အတွင်းမှာ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးရင် နောက်ထပ် ၆ လ နှစ်ကြိမ်သာ တိုးမြှင့်နိုင်ပါတယ်။ ဥပဒေအရ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် ၆ လ ပေးပြီး ဆောင်ရွက်ရပါမယ်။ ဒီကာလများကို တွက်ကြည့်ရင် လုပ်ငန်းရပ်များအားလုံးဟာ ၂၀၂၃ ဩဂုတ်လအတွင်း ပြီးစီးရမယ်ဆိုတာပါပဲ” ဟု စစ်ခေါင်းဆောင်က ဆိုသည်။
သို့ရာတွင် မည်သို့သောစနစ်ဖြင့် ရွေးကောက်ပွဲပြန်လုပ်မည်ကို တိကျစွာ ၎င်းက ပြောဆိုခြင်း မရှိပေ။
စစ်ကောင်စီကို ထောက်ခံကြောင်း၊ စစ်ကောင်စီလုပ်ဆောင်ချက်များကို ကြိုဆိုကြောင်း သဘောထားကြေညာချက်ထုတ်ပြန်ခဲ့သည့် ၂၈ ပါတီအနက် ၂၆ ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲမကျင်းပမီ ဩဂုတ်လအတွင်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် ၃၄ ပါတီတွင် အပါအဝင်ဖြစ်ပြီး ထိုစဉ်က “ဝ” အမျိုးသားပါတီသည်လည်း ပါဝင်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထို ၃၄ ပါတီတွေ့ဆုံပွဲတွင် ရွေးကောက်ပွဲမသမာမှုများရှိပါက ဝင်ရောက်ဖြေရှင်းပေးရန် ပါတီခေါင်းဆောင်တချို့က ပြောဆိုခဲ့ရာ စစ်ခေါင်းဆောင်က ၎င်းမလုပ်ရဲသည်မှာ ဘာမှမရှိကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ ဒေါက်တာနေဇင်လတ်၏ အမျိုးသားတိုးတက်ရေးပါတီ (NDP) နှင့် ကရင်ပါတီများပူးပေါင်းထားသည့် ကရင်ပြည်သူ့ပါတီ (KPP) သည် စစ်ခေါင်းဆောင်ကို ထောက်ခံမှုတွင် ပါဝင်လာခဲ့သည်။
ယင်းအပေါ် အင်အားကြီးနိုင်ငံရေးပါတီတချို့က သဘောထားမှတ်ချက်မပေးခဲ့သော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းပြီးမှ ပြန်လက်တွဲဖြုတ်ခဲ့သည့် ရခိုင်အမျိုးသားပါတီကမူ စိုးရိမ်မိကြောင်း သဘောထားမှတ်ချက်ပြုသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေမရှိကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှ ပြောသည်။
” အခု အခြေအနေမှာ ရွေးကောက်ပွဲတစ်ခုလုပ်နိုင်တဲ့ အခင်းအကျင်းမျိုးဖြစ်ပေါ်နေပြီလို့ ကျွန်တော်တို့ မရှုမြင်ဘူး။ အဲ့ဒါကြောင့် ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောဆိုတဲ့ပုံစံက လောလောဆယ်အခြေအနေအရ ပါးစပ်က ပြောရုံသက်သက်ပဲအခြေအနေရှိတယ်လို့ မြင်တယ်” ဟု ဦးသာထွန်းလှက ဆိုသည်။
စစ်ကောင်စီနှင့် ပူးပေါင်းပြီး ရာထူးတာဝန်များယူခဲ့သည့် မွန်ညီညွတ်ရေးပါတီ (MUP) က ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်ပြီး ပါတီတွင်း ဆွေးနွေးမှုများပြုလုပ်ရမည် ဖြစ်သည့်အတွက် လတ်တလောအခြေအနေတွင် တစ်စုံတစ်ရာမှတ်ချက်မပေးနိုင်သေးကြောင်း MUP ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ဆိုသည်။
ထို့အပြင် ရှမ်းပြည်နယ်မှ အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်ကို ဆက်သွယ်မေးမြန်းရာ ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်မပေးလိုကြောင်း ပြောသည်။
SNLD က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နှင့် စပ်လျဉ်းသည့် ဇူလိုင် ၂၈ တွင် သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီက ရွေးကောက်ပွဲရလဒ်တစ်ခုလုံးကို ပယ်ဖျက်လိုက်ခြင်းသည် “ဥပဒေနှင့်အညီ ရိုးသားဖြောင့်မတ်စွာ ရွေးကောက်ပွဲဝင်ခဲ့ကြသူ ကိုယ်စားလှယ်လောင်းများ၊ ဆန္ဒမဲပေးခဲ့ကြသည့် ပြည်သူများအား မတရားသဖြင့် နိုင့်ထက်စီးနင်းပြုရာရောက်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အနိုင်ရထားသော SNLD ပါတီ၏ အမတ်လောင်း ၄၂ ဦးသည် သက်ဆိုင်ရာ မဲဆန္ဒရှင် ပြည်သူလူထု၏ လူထုကိုယ်စားလှယများအဖြစ် ပါတီက အသိအမှတ်ဆက်ပြုထားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
၂၈ ပါတီ ထုတ်ပြန်ချက်တွင် လက်မှတ်ထိုးခဲ့သော “ဝ” အမျိုးသားပါတီ ဥက္ကဋ္ဌကို ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။
“ဝ” အမျိုးသားပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောလောင်း ၂၀ ဦး ဝင်ပြိုင်ခဲ့ရာ ပြည်ထောင်စုလွှတ်တော် ၁ နေရာ၊ တိုင်း/ပြည်နယ် လွှတ်တော် ၂ နေရာ အနိုင်ရရှိထားသည်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့အခြေစိုက် “ဝ” အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ ” ဝ” ဒီမိုကရက်တစ်ပါတီ၊ ၂၀၁၆ တွင် စတင်ထူထောင်ခဲ့သည့် ရှမ်းပြည်နယ် လားရှိုးအခြေစိုက် ” ဝ” လစ်ဘရယ်ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီတို့သည် သုံးပါတီပူးပေါင်းပြီး “ဝ” အမျိုးသားပါတီအဖြစ် ၂၀၂၀ ရွေးကောက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။