သတင်း

ခရမ်းမြို့ စစ်ကောင်စီခန့် ကမာကလူအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ကမာကလူကျေးရွာမှ ပြည်ခိုင်ဖြိုးအမတ်လောင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ယနေ့ (ဩဂုတ် ၅) တွင် ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခံရသည်။ 

မွန်းတည့် ၁ နာရီခွဲက ခရမ်းမြို့အထွက် ကမာကလူနှင့် ရဲမွန်ရွာကြားတွင် ၅၁ နှစ်အရွယ် ဦးဝင်းခိုင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

“သေနတ်နဲ့ ပစ်ခံရတာ နားထင်နားကို နှစ်ချက်ပေါ့။ ဖြစ်တာတော့ သူ အပြင်သွားနေတုန်း။ သူကတော့ ဆုံးသွားပြီ” ဟု ပစ်ခတ်မှုကို မျက်မြင်တွေ့ခဲ့ရသူ ထိုအမျိုးသားက ဆိုသည်။

ပစ်ခတ်သူအရေအတွက်နှင့် မည်သူမည်ဝါများဖြစ်ကြောင်း ၎င်းက အသေးစိတ်ပြောပြခဲ့ခြင်း မရှိပေ။ 

ပစ်သတ်ခံရပြီး ၁၀ မိနစ်ခန့်အကြာတွင် စစ်သားနှင့် ရဲများ ရွာထဲ ရောက်ရှိလာပြီး ဒေသခံတို့ကို စစ်ဆေးမေးမြန်းနေသည်ဟု ၎င်းက ဆက်ပြောသည်။

အသတ်ခံရသူ ဦးဝင်းခိုင်သည် ပြီးခဲ့သည့်၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ခရမ်းမြို့၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) တွင် ဝင်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။

စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရေး အဓိကကျသော အုပ်ချုပ်ရေးပိုင်းတွင် ဝင်ရောက်လုပ်ကိုင်သော အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်နှင့် ပနံသင့်သူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ မေလမှ စတင်ဖြစ်ပွားခဲ့ပြီး တစ်ပြိုင်နက်တည်းတွင် နုတ်ထွက်မှုများလည်း ရှိနေသည်။ 

မေ ၂၇ မနက်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ USDP ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ ဇွန် ၁၀ တွင် ပြည်ခိုင်ဖြိုး ဆိပ်ကမ်းအမတ်ဟောင်း ဦးနေမျိုးအောင်တို့ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခံရသည်။

ဇွန် ၂၅ မနက်က မန္တလေးမြို့တွင် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ဦးကျော်ကျော်မင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့သည်။ 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန်းမားမြို့၊ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ USDP ပါတီဝင် ဦးအေးမင်း ဈေးမှအပြန် ဇွန် ၁ တွင် ပစ်သတ်ခံရသည်။  ​​

အလားတူ ဇူလိုင် ၁၄  ညနေတွင် တောင်ဒဂုံမြို့နယ် (၅၃) ရပ်ကွက်၌ အမျိုးသားရေးအမည်ခံ တက်ကြွလှုပ်ရှားသူ ဦးတင်ထွန်းအောင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့သည်။

PDF များအားကောင်းသည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများနုတ်ထွက်ရန်နှင့် မနုတ်ထွက်ပါက သုတ်သင်ရှင်းလင်းမည်ဟု ပုလဲ PDF က ဇူလိုင် ၂၉ တွင် သတိပေးပြီးနောက် နုတ်ထွက်သူ ၁၅ ဦးခန့် ရှိခဲ့သည်။ 

Show More

Related Articles

Back to top button