ဆောင်းပါး

ဆေးစွဲသူတို့ ပုံမှန်ဘဝရောက်ရန် အားပေး၊ ဖေးမမှု လိုအပ်

မြစ်ကြီးနား – ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ရှိ “နားခိုရာ စင်တာ” ဟု အမည်ပေးထားသည့် အဆောက်အအုံအတွင်း လူတချို့က ဇယ်တောက်ကစားနေသူနှစ်ဦးဘေးတွင် ဝိုင်းဖွဲ့ကြည့်ရှုနေကြသည်။ ဇယ်တောက်ခုံအနီး ဂီတာတီးသီချင်းဆိုသူ၊ ဝိုင်းဖွဲ့စကားပြောသူ၊ ရုပ်မြင်သံကြား ကြည့်နေကြသူများလည်း ရှိသည်။

မြေမြင့်ရပ်ကွက်ရှိ ကမ္ဘာ့ဆရာဝန်များအဖွဲ့ (Medecins Du Monde – MdM) ရုံးဝင်းအတွင်း တည်ရှိသည့် ထိုစင်တာသည် မူးယစ်ဆေးစွဲနေသူတို့ကို ဆေးဖြတ်ပေးသည့်နေရာတစ်ခု ဖြစ်ပြီး ဆေးဖြတ်သူတို့ လိုအပ်သည့် မူးယစ်ဆေးအစားထိုး မက်သဒုံးဆေး ထောက်ပံ့ခြင်း အပါအဝင် ကျန်းမာရေး ဝန်ဆောင်မှုများလည်း ပေးအပ်နေသည်။

၁၄ နှစ် အရွယ်ကတည်းက တနိုင်းမြို့နယ်ရှိရွှေမှော်များတွင် အလုပ်လုပ်ကိုင်ရင်း မူးယစ်ဆေးစွဲခဲ့သူ ကိုကျော်ကျော်သည် အဖွဲ့အစည်းများ၏ကူညီမှု၊ မိသားစု၏ အားပေးဖေးမမှုများ ကြောင့် ကိုယ်တိုင် ဆေးပြတ်ရုံသာမက MdM ရုံးတွင် ကျန်းမာရေးပညာပေးဆိုင်ရာ ကူညီပေးသူအဖြစ် ပြန်လည် ဆောင်ရွက်နေသည်။

“အရင်ကဆိုရင် ကျွန်တော့် အဒေါ်က ကျွန်တော့်ကို မကြည်ဖြူဘူး။ အိမ်အရိပ်တောင်မနင်းနဲ့လို့ ပြောတာ။ အခုတော့ ငါ့သား၊ ငါ့သားနဲ့ ပါးစပ်ဖျားက မချတော့ဘူး ” ဟု ၃၄ နှစ် ရှိပြီဖြစ်သည့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့သား ကိုကျော်ကျော်က ပြောသည်။

“ဒီလိုအခြေအနေမျိုး ပြန်ရောက်တာက အစ်မတွေက ကျွန်တော့်ကို အပြစ်မမြင်ဘဲ ဆေးဖြတ်ဖို့ ဝိုင်းတိုက်တွန်းခဲ့တာကြောင့်လည်း ပါတယ်” ဟု ကျန်ခဲ့သည့် လအနည်းငယ်က အိမ်ထောင်ကျပြီး သာယာသည့် မိသားစုဘဝ တည်ထောင်ထားနိုင်သည့် ကိုကျော်ကျော်က ဆိုသည်။

မူးယစ်ဆေးစွဲသူများကို ဖမ်းဆီးထောင်ချခြင်း၊ ပြစ်တင်ကြိမ်းမောင်းခြင်းတို့ထက် အားပေး ဖေးမသည့် နည်းလမ်းကို အသုံးပြုမှ ၎င်းတို့ ပုံမှန်ဘဝရောက်အောင် ပြန်ဆွဲခေါ်နိုင်မည် ဖြစ်သည်ဟု မူးယစ်နွံမှ ရုန်းထွက်လာသူများ၊ ကျန်းမာရေးဝန်ဆောင်မှုပေးနေသူများက ပြောကြသည်။

ဓာတ်ပုံ – အောင်ငြိမ်းချမ်း / Myanmar Now

ကူညီနေသည့်အဖွဲ့များ

ကိုကျော်ကျော် ကူညီလုပ်ကိုင်ပေးနေသည့် နားခိုရာစင်တာနှင့် ထိတွေ့နေကြသော မူးယစ်ဆေး စွဲနေသူများ၊ မက်သဒုံးသောက်သုံးနေကြသူများထဲတွင် ခုခံအားကျဆင်းမှုကူးစက်ရောဂါပိုး (HIV) ရှိထားပြီးသူများ၊ တီဘီ ရောဂါပိုးကြောင့် တီဘီဆေး သောက်သုံးနေရသူများလည်း ပါဝင်သည်။

ကိုကျော်ကျော်ကဲ့သို့ ဘဝတူကူညီပညာပေးသူပေါင်း ၁၈ ယောက်နှင့် ဆေးခန်းအကူ ၁ဝ ယောက်ခန့်ကို အသုံးပြုပြီး အန္တရာယ်လျှော့ချရေးလုပ်ငန်းလုပ်ဆောင်နေသည့် မြစ်ကြီးနားမြို့ရှိ MdM အဖွဲ့သည် ဆေးထိုးအပ်ပေါင်း ၈ဝ,ဝဝဝ ကျော် လစဉ် ဖြန့်ဝေနေသည်။ အသုံးပြုပြီးအပ်များ စနစ်တကျ စွန့်ပစ် ဖျက်ဆီးရေးကိုလည်း ဆောင်ရွက်နေရာ ဖြန့်ဝေထားသည့် အပ်အရေအတွက်၏ ရာခိုင်နှုန်း ၈ဝ ကျော်ကို ပြန်လည်ကောက်ယူနိုင်ကြောင်း သိရသည်။

မူးယစ်ဆေးကိုဖြတ်တောက်ပြီး မက်သဒုံးသောက်သုံးသူဦးရေ တိုးပွားလျက်ရှိရာ ယခုအခါ အရေအတွက် ၁,၅ဝဝ ဝန်းကျင်သို့ ရောက်လာသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့သည် ဘိန်းနှင့် တခြားသော မူးယစ်ဆေးများ စိုက်ပျိုး ထုတ်လုပ်မှုတွင် နာမည်ဆိုးဖြင့်ကျော်ကြားသောဒေသများဖြစ်ပြီး မူးယစ်ဆေးစွဲသူ အမြောက်အမြား တွေ့ရှိရသည့် ဒေသများလည်းဖြစ်သည်။ UNAIDS ခေါ် ကုလသမဂ္ဂ ခုခံကျရောဂါ တိုက်ဖျက်ရေး အစီအစဉ်၏ ၂ဝ၁၄ စစ်တမ်းများအရ မူးယစ်ဆေး အကြောထဲ ထိုးသွင်းအသုံးပြုသူအများစုမှာ ထိုဒေသနှစ်ခုမှ အများဆုံး ဖြစ်နေသည်။ ဝိုင်းမော်၊ ဗန်းမော် နှင့် မူဆယ်မြို့နယ်များ၌ မူးယစ်ဆေး အကြောထဲထိုးသွင်းသူ နှစ်ဦးလျှင် တစ်ဦးမှာ HIV ပိုးကူးစက်ခံနေရကြောင်း စစ်တမ်းများက ဆိုသည်။

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေး အကြောထဲထိုးသွင်းအသုံးပြုနေသူများအကြား HIV ပိုးနှင့် သွေးမှတစ်ဆင့်ကူးစက်စေသည့် အခြား ရောဂါများ ပြန့်ပွားခြင်းမရှိစေရေးအတွက် အန္တရာယ်လျှော့ချရေးလုပ်ငန်းများလုပ်ဆောင်နေသည့် အဖွဲ့အစည်းများတွင် ကမ္ဘာ့ဆရာဝန်များအဖွဲ့ (MDM)၊ မူးယစ်ဆေးစွဲရောဂါ သုတေသနအဖွဲ့ (SARA) နှင့် မေတ္တာဖောင်ဒေးရှင်း အဖွဲ့တို့လည်းအပါအဝင်ဖြစ်သည်။

ဓာတ်ပုံ – အောင်ငြိမ်းချမ်း / Myanmar Now

ထိုအဖွဲ့များ၏ အဓိက ရည်ရွယ်ချက်မှာ အန္တရာယ်လျှော့ချရေးလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော ဆေးထိုးအပ် ဖြန့်ဝေခြင်း၊ ပြန်လည်သိမ်းဆည်းခြင်းများအပြင် အခြားကျန်းမာရေး ဝန်ဆောင်မှုများ၊ မူးယစ်ဆေး အစားထိုး ကုသမှု မက်သဒုံးဆေး တိုက်ကျွေးခြင်းများလည်းပါဝင်သည်။ မက်သဒုံးတိုက်ကျွေးခြင်းကို အစိုးရက တာဝန်ယူဆောင်ရွက်နေပြီး ကျန်အဖွဲ့အစည်းများက ဝန်းရံကူညီနေသည်ဟု ၎င်းတို့က ပြောသည်။

၂ဝ၁၆ ခုနှစ်စာရင်းများအရ မြန်မာနိုင်ငံတွင် အစိုးရကဖွင့်လှစ်ထားသည့် မက်သဒုံးဆေးတိုက်ကျွေးရန်နေရာ ၅ဝ ရှိရာ ၁၇ နေရာမှာ ကချင်ပြည်နယ်၊ ၁၅ နေရာမှာ ရှမ်းပြည်နယ်တွင် တည်ရှိသည်။ မူးယစ်ဆေး သုံးစွဲနေသူများအတွင်း ကိုယ်ကိုယ်တိုင် နှစ်သက်စွာသုံးစွဲခဲ့သူများ ပါဝင်သလို၊ ပတ်ဝန်းကျင်၏စေ့ဆော်မှု၊ ရှောင်လွှဲမရနိုင်သည့် အခြေအနေများကြောင့် သုံးစွဲခဲ့ရသူများလည်း ပါဝင်သည်။ ၎င်းတို့ လမ်းမှန် ပြန်ရောက်ရန်အတွက် အဖွဲ့အစည်းများ၏ အကူအညီများအပြင် မိသားစု၊ မိတ်ဆွေ အပေါင်းအသင်းများ၏ ဖေးမ ကူညီမှုများပါ လိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူတို့က ပြောသည်။

မေတ္တာအလင်းအိမ်စင်တာ၏ ညှိနှိုင်းရေးမှူး ဒေါ်ဂျုံးညွယ်က မူးယစ်ဆေးသုံးစွဲသူများကို ကျန်းမာရေးဆိုင်ရာ အကူအညီပေးနေပြီး အောင်မြင်မှုများလည်း ရရှိနေသည်ဟု ပြောသည်။

“လူတစ်ယောက်ရဲ့ ဘဝကို ပြန်ပြီးတော့မှ တည်ဆောက်ပေးနိုင်တယ်ဆိုတော့၊ သူတို့အဲဒီလိုမျိုးဖြစ်လာတော့ ကျွန်မတို့က ပျော်တာပေါ့” ဟု ၎င်းက ဆိုသည်။

ဆေးစွဲတဲ့သူတွေကို ရောဂါပိုးတွေမကူးစက်စေရန်အတွက် ကာကွယ်နည်းများကို သင်တန်းများပို့ချခြင်း၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းများသို့သွားရောက်ပြီး ကာကွယ်နည်း သင်တန်းပေးကာ အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး ထိုးပေးခြင်းများ ပြုလုပ်နေသည်ဟု မူးယစ်ဆေးစွဲရောဂါ သုသေသနအသင်း (SARA) မှ စီမံချက်အရာရှိ ဒေါက်တာအောင်စန်းလင်းက ပြောသည်။

ဓာတ်ပုံ – အောင်ငြိမ်းချမ်း / Myanmar Now

အဆိုပါအဖွဲ့အစည်းများအနေဖြင့် မူးယစ်ဆေးစွဲနေသူများ၊ မက်သဒုံးသောက်သုံးနေသူများနှင့်၊ အခြားကျန်းမာရေးဝန်ဆောင်မှုရယူနေသူများအတွက် နားခိုရာ စင်တာများတည်ဆောက် ပေးထားပြီး ဆေးဖြတ်သူများ အပန်းဖြေရန် အဆိုပါစင်တာများအတွင်း ရုပ်မြင်သံကြားစက်၊ ဇယ်ခုံ၊ ဂီတာ စသည်တို့ကို ထားရှိပေးထားသည်။

မူးယစ်ဆေးသုံးစွဲနေသူများကိုသာမက သူတို့၏မိသားစုဝင်များကိုလည်း ဆွေးနွေးနှစ်သိမ့်ပေးကာ ကျန်းမာရေးဗဟုသုတများဖြန့်ဝေပေးနေကြသည်ဟု ကူညီပေးနေသည့် အဖွဲ့အစည်းများက ဆိုသည်။

အဖွဲ့အစည်းများ၏ဆောင်ရွက်မှုများကြောင့် မူးယစ်ဆေးပြတ်ကာ ယိုယွင်းနေသည့် မိသားစုဘဝများကို ပြန်လည် တည်ဆောက်နိုင်သူများလည်း ရှိလာခဲ့သည်ဟု သိရသည်။

လက်တွဲခေါ်ရေး

မူးယစ်သုံးစွဲသူများကို နှိမ့်ချဆက်ဆံမည့်အစား ပစ်ပယ်မထားဘဲ အားပေးဖေးကူသင့်သည်ဟု မူးယစ်နွံတွင်းမှ ရုန်းထွက်လာခဲ့သူ ကိုကျော်ကျော်က ပြောသည်။

ဆယ်ကျော်သက်အရွယ်ကတည်းက မူးယစ်ဆေးစွဲခဲ့သူ ကိုကျော်ကျော်သည် တစ်သက်လုံး ဆေးသမားတစ်ယောက်အဖြစ် နေထိုင်သွားရန် ဆုံးဖြတ်ဖူးသည်ဟု ဆိုသည်။

“ကျွန်တော့်ဘဝက နောက်ဆုံး ဆေးသမားဘဝနဲ့ပဲ အဆုံးသတ်မယ်လို့စဉ်းစားထားတာ” ဟု ကိုကျော်ကျော် ကဆိုသည်။

မိသားစု၏ အားပေးဖေးကူမှုကြောင့်သာ လမ်းမှန်သို့ရောက်ရှိလာရခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ဝိုင်းမော်မြို့နယ်တွင်နေထိုင်သည့် ကိုဝဆုပ်ဇလွမ်းက ဆေးသမားဆိုလျှင် ပတ်ဝန်းကျင်က နှိမ်ကြပြီး အပေါင်းအသင်းများကလည်း ကြဉ်ဖယ်ထားကြကြောင်း ပြောပြသည်။

“ကျွန်တော့်ကို ဆိုရင် လမ်းမှာတွေ့တဲ့သူတွေက အစ ရိုက်တယ်၊ ကန်တယ်။ ကျွန်တော်ဆေးသုံးလို့တဲ့ ” ဟု ၎င်းကပြောသည်။

မေတ္တာအလင်းအိမ် စင်တာမှ ဒေါ်ဂျုံးညွယ်က မူးယစ်ဆေးသုံးစွဲသူအများစုကို နှိမ့်ချဆက်ဆံခြင်း၊ ပစ်ပယ်ခြင်းလုပ်မည့်အစား အားပေးဖေးကူညီ၍ လမ်းမှန်သို့ရောက်အောင် ပြန်လည်ခေါ်ဆောင်သင့်ကြောင်း ပြောသည်။

ဓာတ်ပုံ – အောင်ငြိမ်းချမ်း / Myanmar Now

“တချို့ဆို ကလေးနှစ်ယောက်သုံးယောက်နဲ့ ဖခင်အဖြစ်၊ အိမ်ထောင်ဦးစီးအဖြစ် အကြာကြီး အသက် ရှင်ရဦးမယ်။ ကျွန်မတို့က ဒီလိုမျိုး မလုပ်ဘူး ဆိုရင် သူတို့ရဲ့ သက်တမ်းလေးတွေ တိုသွားမှာ။ ပြီးတော့မှ သူတို့ရဲ့ စိတ်ထဲမှာလည်း မထီမဲ့မြင်စိတ်တွေ ရွဲ့ချင်စိတ်တွေ ဖြစ်လာလိမ့်မယ်။ ကိုယ့်ကို ဂရုမစိုက်ဘူး ဆိုရင်တော့ ပိုဆိုးလာဖို့ပဲ ရှိတယ်” ဟု ၄င်းကပြောသည်။

ရပ်ကွက်ကျေးရွာအတွင်း ပစ္စည်းပျောက်လျှင် မူးယစ်ဆေးသုံးစွဲသူများကိုသာ သံသယ ထားတတ်ကြပြီး ဖမ်းဆီးမှုများလည်း ရှိနေသည်ဟု ဒေါ်ဂျုံးညွယ်က ပြောသည်။

“ဆေးသုံးတယ်ဆိုတော့ အိမ်ကလည်းလက်မခံချင်ဘူး။ ပြီးတော့ အသိုင်းအဝိုင်းထဲမှာလည်းမဝင်ဆံ့တော့ဘူး။ ပြီးတော့ ဘုရား၊ တရားကဏ္ဍမှာလည်း ကျမ်းစာထဲကလိုပေါ့ အငယ်ဆုံးသော လူမျိုးလို အပယ်ခံလူတန်းစား အမှိုက်လေးတွေ ဖြစ်နေတယ်။ သူတို့ကို ဒီအတိုင်းပဲဆက်ထားနေရင်လည်း အမှိုက်တွေပွားလာဖို့ပဲရှိတာပေါ့” ဟု ဒေါ်ဂျုံးညွယ်က ရှင်းပြသည်။

UNAIDS ၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Mr. Eamonn Murphy က မူးယစ်ဆေးစွဲလမ်းခြင်းကို ကျန်းမာရေးပြဿနာတစ်ခုအဖြစ် မြင်သင့်ကြောင်းနှင့် ၎င်းတို့အား အပြစ်ပေးခြင်း ထက် ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုပေးသင့်ကြောင်း ယမန်နှစ်က ပြောကြားခဲ့ဖူးသည်။

UNAIDS ၏ ၂ဝ၁၆ ဇူလိုင်လအတွင်းထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်အထက် မူးယစ်ဆေးအကြောထဲထိုးသွင်းသူအရေအတွက်မှာ ၈၃,ဝဝဝ ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ယင်းအရေအတွက်မှာ အမျိုးသားလူဦးရေစုစုပေါင်း၏ သုည ဒသမ ၆၁ ရာခိုင်နူန်း ရှိသည်ဟု သိရသည်။

ဥပဒေပြင်ဆင်မှု

မြန်မာနိုင်ငံတွင် HIV ပိုးနှင့် အသက်ရှင်နေထိုင်သူပေါင်း ၂၃ဝ,ဝဝဝ ခန့်ရှိနေသည်။ HIV ပိုးပြန့်ပွားမှုနှုန်းအရ အမျိုးသားချင်းလိင်ဆက်ဆံသူများအကြားတွင် ၁၁ ဒသမ ၆ ရာခိုင်နှုန်း၊ အမျိုးသမီး လိင်အလုပ်သမများ အကြားတွင် ၁၄ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး မူးယစ်ဆေး အကြောထဲထိုးသွင်းသူများအကြားတွင် ၂၈ ဒသမ ၅ ရာခိုင်နှုန်း ဖြင့် အများဆုံးဖြစ်နေသည်။

ဓာတ်ပုံ – အောင်ငြိမ်းချမ်း / Myanmar Now

ဝိုင်းမော်သည် မူးယစ်ဆေး အကြောထဲသွင်းသူများအကြား HIV ပိုးပြန့်ပွားမှု ၄၇ ရာခိုင်နှုန်းဖြင့် မြန်မာနိုင်ငံတွင် အမြင့်ဆုံးမြို့နယ်ဖြစ်နေကြောင်း UNAIDS ၏ ၂ဝ၁၇ ဇူလိုင်လအတွင်း ထုတ်ပြန်ချက်များအရ သိရသည်။

၁၉၉၃ ခုနှစ် မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေတွင် မူးယစ်ဆေးသုံးစွဲသူကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ချမှတ်နိုင်ပြီး မူးယစ်ဆေးလက်ဝယ် တွေ့ရှိပါက ထောင်ဒဏ် ၅ နှစ်မှ ၁ဝ နှစ်အထိ ချမှတ်နိုင်ကာ ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ အစိုးရက ပြီးခဲ့သည့် မတ်လက ထုတ်ပြန်ကြေညာခဲ့သည့် အဆိုပါ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် မူးယစ်ဆေး သုံးစွဲသူများကို ထောင်ဒဏ်အစား ပထမအဆင့်အနေဖြင့် လူမှုရေးပြစ်ဒဏ်များဖြစ်သည့် သစ်ပင်စိုက်ခြင်း၊ စိုက်ပျိုးရေးလုပ်ခြင်း တို့နှင့် အစားထိုးထားပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွင်လည်း ဆွေးနွေးနေပြီဟု သိရသည်။

ဝိုင်းမော်မြို့နယ်တွင်နေထိုင်သည့် ကိုဇရှိလုတ်ဘောမ်သည် လယ်ဧက အနည်းငယ်နှင့် ထော်လာဂျီတစ်စီး ပိုင်ဆိုင်ထား၍ စားဝတ်နေရေးအတွက် ပူပန်စရာမရှိခဲ့သော်လည်း သူငယ်ချင်းများနှင့် အလုပ်အတူလုပ်ရင်းက မူးယစ်ဆေးစွဲခဲ့သူဖြစ်သည်။

ဆေးသုံးစွဲမှုကြာလာသည်နှင့် အပ်ဝေမျှသုံးစွဲရာမှ ကျန်းမာရေးချို့ယွင်းလာပြီး အလုပ် မလုပ်နိုင်တော့သဖြင့် ဘဝကို အရှုံးပေးလိုက်ဖို့ပင် စဉ်းစားခဲ့ကြောင်း ကိုဇရှိလုတ်ဘော်မ်က ဆိုသည်။

“ကျွန်တော့်ဟာ ကျွန်တော်ဆို ဒီအတိုင်း အသေခံလိုက်တော့မလို့။ ဒါပေမဲ့ ဇနီးက ဆေးကုဖို့ ပြောတယ်၊ အားပေးတယ် ” ဟု ၂ နှစ်အရွယ် သားငယ်ကို မုန့်ထုပ်ဖြည်ပေးရင်း ကိုဇရှိလုတ်ဘောမ်က ရှင်းပြသည်။

ဇနီးသည်၏ အားပေးမှုကြောင့် ကလေးလေးယောက်ဖခင် ကိုဇရှိလုတ်ဘောမ် ဘဝကို အသစ်ပြန်စဖို့ အစီအစဉ်ချမှတ်ပြီးပြီ ဟု ဆိုသည်။

“ကျွန်တော် လယ်တော့ ပြန်မလုပ်နိုင်တော့ဘူး။ လယ်နဲ့ ထော်လာဂျီကိုရောင်းပြီး စျေးဆိုင်လေးတစ်ဆိုင် ဖွင့်မယ်၊ မိသားစုစီးဖို့ ကားလေးတစ်စီးဝယ်မယ်။ ဘဝကို အေးအေးဆေးဆေးပဲ ဖြတ်သန်းတော့မယ်” ဟု အနားတွင် ဆော့နေသော သားလေးကို ငေးကြည့်ရင်း ၎င်းက ပြောလိုက်သည်။ ။

Show More

Related Articles

Back to top button