ကျောက်ဖြူ – ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ချောင်းစွယ်ကျေးရွာအုပ်စုတစ်နေရာမှာ အင်တန် ကျယ်ပြန့်တဲ့ ရေပြင်ကြီးကို တွေ့ရပါတယ်။
ပင်လယ်ဒီရေက လယ်ကွင်းထဲဝင်လာတဲ့အတွက် ရေကန်လို ဖြစ်နေတာပါ။ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်တဲ့ ကျောက်ဖြူရဲ့ စိုက်ပျိုးရေးလုပ်ငန်းဟာ တာတမံတွေကို အဓိက မှီခို အားထားနေရတာကြောင့် တာတမံတွေ သဘာဝဘေးဒဏ်ကို မခံနိုင်လို့ ပျက်စီးသွားတဲ့အခါ ဆားငန်ရည်က အလွယ်တကူ ဝင်ရောက်လာပါတော့တယ်။
ပင်လယ်ရေ ဝင်ရောက်လာမှုနောက်ဆက်တွဲအဖြစ် စိုက်ပျိုးရေးလုပ်ငန်း နာလန်မထူနိုင်တဲ့ ကျေးရွာတချို့ကို ဒီဒေသမှာ တွေ့ရမှာပါ။ လုပ်ငန်းခွင် ပြန်မဝင်နိုင်သေးတဲ့ လယ်သမားတွေထဲမှာ ကျောက်ဖြူမြို့ကနေ စက်လှေနဲ့ ရေမိုင် ၂၅ မိုင်ကျော် သွားလာရတဲ့ ချောင်းစွယ်ကျေးရွာသား ဦးအုန်းဖေလည်း ပါဝင်ပါတယ်။
“အခုထိ စက်ရှိတဲ့သူရော၊ နွားရှိတဲ့သူတွေရော လယ်မလုပ်နိုင်ဘဲ ရေပြင်ကြီးဖြစ်နေတုန်းပဲ” လို့ ၅၆ နှစ်အရွယ် ဦးအုန်းဖေက ရေဖုံးလွှမ်းနေတဲ့ သူ့လယ်ကို လက်ညှိုးထိုးပြရင်း ပြောပါတယ်။
၂ဝ၁ဝ ပြည့်နှစ် ဂီရိမုန်တိုင်းဒဏ်ကြောင့် တာတမံ ပျက်စီးမှု အများအပြားရှိခဲ့ပါတယ်။ ဒီဒေသရဲ့ စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ဦးမော့နိုင်ဖို့ဆိုရင် ဆားငန်ဒီရေ အမြဲဝင်ရောက်နေတဲ့ နေရာက တာတမံတွေ ပြန်လည်ပြုပြင်ဖို့ အလွန်အရေးကြီးတယ်လို့ မကြာသေးခင်က ကျောက်ဖြူမှာ တွေ့ရတဲ့ လယ်သမားတွေ၊ စိုက်ပျိုးရေးဘက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
ကိုယ်ထူကိုယ်ထ
လယ်သမား ၁ဝ၅ ဦးရှိပြီး လယ်ဧက ၅ဝဝ ကျော် ရှိတဲ့ ချောင်းစွယ်ရွာဟာ ပြင်ပအကူအညီနဲ့ အလှမ်းဝေးတဲ့ ရွာလေးတစ်ရွာပါပဲ။ သူတို့ဆီက တာတမံကို ပြန်ဆယ်ဖို့ လယ်သမားတစ်ဦးကို ငွေကျပ် ၁၈ဝ,ဝဝဝ ကျော်ကနေ ၃ဝဝ,ဝဝဝ ကျော်အထိ ထည့်ဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ စုပေါင်းထည့်ဝင်ရမယ့်ငွေကို ဒေသခံ အများအပြားက ၅ ကျပ်တိုး၊ ၁ဝ တိုး တို့နဲ့ ချေးငှား ရှာဖွေခဲ့ရတယ်လို့ သိရပါတယ်။
ပြုပြင်နေဆဲတာတမံက ကိုယ်ထူကိုယ်ထလုပ်ထားမှန်း သိသိသာသာ ပေါ်လွင်နေတာပါ။ တာအကျယ် ၂ ပေ မပြည့်၊ အမြင့်ကလည်း ၅ ပေတောင် မရှိပါဘူး။ ပြုပြင်မှု အပြီးမသတ်နိုင် သေးတဲ့အတွက် ကနေ့အချိန်အထိ လယ်မစိုက်နိုင်သေးပါဘူး။
ကျောက်ဖြူမြို့နယ်အတွင်း လယ်ယာစိုက်ပျိုးမြေ ဖော်ထုတ်ဖို့ရာမှာ တာတမံတွေ ပြန်လည် ပြုပြင်ဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ကျောက်ဖြူခရိုင်၊ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာနက ဦးစီးအရာရှိ ဦးသက်လွင်ထွန်းက ပြောပါတယ်။ အမည်ပေါက်ပြီး စိုက်ပျိုးမြေဧက များတဲ့ တာတွေရော၊ စိုက်ပျိုးမြေနည်းပြီး အမည်မပေါက်တဲ့ တာတမံတွေရော ဂီရိမုန်တိုင်း တိုက်ပြီးနောက်ပိုင်းမှာ ပြုပြင်ခဲ့ပြီးဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
“ဒေသက မိုးရေချိန် လက်မ ၂ဝဝ လောက် အထိ ရွာတတ်တဲ့နေရာ၊ ရာသီဥတု ဖောက်ပြန်တတ်တာတွေကြောင့် တာတွေဟာ ရေထိန်းတံခါးမကောင်းတာနဲ့၊ ပျက်စီးတာနဲ့ ချောင်း၊ မြောင်းတွေ ဖြစ်ကုန်ရော။ ဘတ်ဂျက် အနေအထားနဲ့ ကျွန်တော်တို့လုပ်တဲ့တာတွေက အကျယ်ထိပ်ဝ ၈ ပေ၊ အမြင့် ၈ ပေလောက်အထိ၊ ရေထိန်းတံခါးတွေ ဘာတွေနဲ့ စနစ်တကျ လုပ်ပေးတဲ့တာ” လို့ သူက ဆိုပါတယ်။
ဘတ်ဂျက်အကန့်အသတ်
လယ်မြေထဲ ဆားငန်ရည်တိုးဝင်ခြင်း၊ ဆားငန်ရည်ဖုံးလွှမ်းခြင်းတို့ဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး နယ်မြေတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ စပါးအထွက်နှုန်းနည်းပါးရတဲ့ အကြောင်းရင်းတွေထဲ ပါဝင်ပါတယ်။
ဒီလိုအခြေအနေကြောင့် သမားရိုးကျ စိုက်ပျိုးနည်းစနစ်တွေထက် ပျိုးထောင်ကောက်စိုက်ချိန်မှန်မှန်နဲ့ နည်းစနစ်တကျ စိုက်ပျိုးဖို့ အရေးကြီးသလို ဆားငန်ဒဏ်ခံနိုင်တဲ့ မျိုးစပါးတွေ အသုံးပြုလာဖို့ လိုအပ်တယ်လို့ ကျောက်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်ခင်စိုးက ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ ၂ဝ၁၆ – ၂ဝ၁၇ ဘဏ္ဍာနှစ် ဘတ်ဂျက်ရဲ့ ဝ ဒသမ ၇ ရာခိုင်နှုန်း (ကျပ် ၁၃ဝ ဘီလျံ) သာ ရရှိခဲ့တာပါ။ စိုင်ခြုံကျေးရွာက တာတမံကို ဆက်လက်လုပ်ပေးရေးအတွက် အစီအစဉ် ရှိပေမယ့် ဒီနှစ်ဘတ်ဂျက်ထဲမှာ မပါဝင်ဘူးလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမျိုးသားလွှတ်တော်မှာ ပြီးခဲ့တဲ့လ ၁၃ ရက်နေ့က ပြောပါတယ်။
“ဂီရိမုန်တိုင်းနောက်ပိုင်းမှာ ကျိုးပေါက်ခဲ့ပြီး ဌာနက ပေ ၁ဝ,ဝဝဝ ကို လုပ်ပေးခဲ့ပေမယ့် ကျန် ပေ ၁ဝ,ဝဝဝ ကျော်ကို ဆက်လုပ်ဖို့ …. ကျပ်သန်း ၂၉၂ ကုန်ကျမှာပါ။ လိုအပ်တဲ့ရန်ပုံ ငွေကို ၂ဝ၁၇ – ၂ဝ၁၈ ဘဏ္ဍာနှစ်မှာ ရခိုင်ပြည်နယ်အစိုးရအသုံးစရိတ်ထဲမှာ ထည့်သွင်း ဆောင်ရွက်ပေးသွားမှာဖြစ်တယ်” လို့ ဒုတိယဝန်ကြီးက လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။
အမျိုးသားလွှတ်တော်ရဲ့ ကျောက်ဖြူမြို့နယ်အမတ် ဦးကျော်သန်းက လွှတ်တော်ကိုယ်စားလှယ်တို့ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း ၁,ဝဝဝ အစီအစဉ် ရှိတယ်ဆိုသော်လည်း တာတမံအပိုင်း ဆောင်ရွက်နိုင်တဲ့ ပမာဏမဟုတ်တာကြောင့် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ရဲ့ ပူးပေါင်းစီမံဆောင်ရွက်ပြီး ကူညီသင့်တယ်လို့ ဆိုပါတယ်။
“ဒေသခံလူထုကလည်း ဆင်းရဲ၊ အလုပ်အကိုင် အခွင့်အလမ်းတွေပါ တဖြည်းဖြည်းနဲ့ ပိုလျော့ပါးလာမယ်ဆိုရင် အခုတောင် ရွှေ့ပြောင်းအခြေချမှုတွေ အရမ်းများပြားနေတာဆိုတော့ ပိုဆိုးဖို့ပဲ ရှိတော့မယ်” လို့ ဦးကျော်သန်းက ဆိုပါတယ်။
ကျောက်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်က စပါးအပါအဝင် သီးနှံစုံ စိုက်ပျိုးခဲ့တာက ၄၅,၇၇၄ ဧက ရှိခဲ့ပြီး ယခုနှစ်ရဲ့တောင်သူတွေရဲ့ အခြေအနေကို စစ်တမ်းပြုလုပ်နေတယ်၊ ၂ဝ၁၇ – ၂ဝ၁၈ ခုနှစ် အတွက် ဒေသနဲ့ကိုက်ညီတဲ့ စီမံကိန်းတွေကို ရေးဆွဲသွားဖို့ ဆောင်ရွက်နေတယ်လို့ ကျောက်ဖြူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ခင်စိုးက ပြောပါတယ်။
“ကျွန်တော်တို့ ဌာနဆိုင်ရာတွေလည်း စီမံချက်နဲ့ လုပ်နေကြတယ်။ တောင်သူတွေကလည်း သူတို့နိုင်တဲ့ အတိုင်းအတာနဲ့ လုပ်ကြပါတယ်။ ဒါပေမယ့် မဆိုစကောင်း သဘာဝဘေးသာ ကျမယ် ဆိုရင် ဘယ်လို လွတ်နိုင်မလဲ” လို့ သူက ဆိုပါတယ်။
ဆားငန်ရည်မဝင်ရောက်စေဖို့၊ သောက်သုံးရေအရင်းအမြစ်တွေကို အကာအကွယ်ပေးဖို့အတွက် ၂ဝ၁၄၊ ၂ဝ၁၅ နှစ်တွေမှာ တာတမံ အရှည် ၁၄၈ ကီလိုမီတာ တည်ဆောက်ခဲ့ကြောင်း နိုင်ငံတကာ စီမံကိန်း တစ်ခု ဖြစ်တဲ့ အသက်မွေး ဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေအဖွဲ့ရဲ့ ၂ဝ၁၅ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါဟာ စပါးစိုက်ဧက ၂၂,ဝဝဝ ကျော်ကို အကာအကွယ် ပေးနိုင်တဲ့ တာတမံ တည်ဆောက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာအကူအညီနဲ့ တည်ဆောက်ခဲ့တဲ့ တာတမံ အရှည် ၁၄၈ ကီလိုမီတာရဲ့ ၉၄ ရာခိုင်နှုန်းဟာ ၂ဝ၁၅ နှစ်လယ်ပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ကိုမန် မုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ရေးထားတာ တွေ့ရပါတယ်။
တာတမံကြံ့ခိုင်ရေး
ချောင်းစွယ်ကျေးရွာမှ ဦးအုန်းဖေက ဂီရိမုန်တိုင်း ဖျက်ဆီးလိုက်တဲ့ သူတို့ရွာက တာတမံကို ၂ဝ၁၄ ခုနှစ်တုန်းက အစိုးရဘတ်ဂျက်ကျလာလို့ ကုမ္ပဏီတစ်ခုက ပြုပြင်ပေးတယ်၊ သို့သော်လည်း ဒီပြုပြင်မှုက အလုပ်မဖြစ်တာကြောင့် ပြန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ကျောက်ငူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်ကလည်း သူတို့ဒေသရဲ့ လယ်ဧက ၅,ဝဝဝ ကျော်ထဲက ဧက ၁ဝဝ ကျော်သာ လုပ်ကိုင်နိုင်တော့တာဟာ တာတမံတွေ ကာလတိုအတွင်း ပျက်စီးသွားရတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အကျိုးဆက်အားဖြင့် ဂီရိမုန်တိုင်းနောက်ပိုင်းမှာ ဒေသခံ ၁ဝဝ ဝန်းကျင်က တခြားဒေသကို ရွှေ့ပြောင်းသွားကြပြီလို့ သူက ဆက်ပြောပါတယ်။
“အစိုးရအနေနဲ့ ဆက်ပစ်ထားမယ်ဆိုရင် နောင် အနှစ် ၂ဝ အတွင်းမှာ ကျွန်တော်တို့ရွာတွေ အကုန် ပျက်စီးသွားလိမ့်မယ်။ အခု ကဏန်းထောင်ပြီး နေ့စဉ်စားဝတ်နေရေးကို ဖြေရှင်းနေကြတယ်ဆိုပေမယ့် စျေးကွက်တမ်းဝင် ကဏန်းရှားလာတာနဲ့ အသေးရောအကြီးပါ အကုန်ဖမ်းကြရော။ မဖမ်းရင်လည်း သူတို့ ဘယ်ဟာနဲ့ သွားစားကြမလဲ။ အသေးတွေပါ ဖမ်းတော့လည်း ပိုရှားရုံပဲရှိတော့မယ်” လို့ သူက ဆိုပါတယ်။
တာတမံတွေကို တင်ဒါစနစ်နဲ့ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေအနေနဲ့ ပျက်စီးနေတာတွေကို ပြန်လည် တည်ဆောက်ပေးဖို့ တာဝန်ရှိတယ်၊ ပြန်တည်ဆောက်ပေးဖို့ ကုမ္ပဏီတွေကို တိုက်တွန်းခဲ့တယ်လို့ ကျောက်ဖြူခရိုင် ဆည်မြောင်းဦးစီးမှူး ဦးသက်လွင်ထွန်းက ပြောပါတယ်။
တာတမံပျက်တချို့ဟာ ၂ဝ၁၄ – ၂ဝ၁၅ ခုနှစ်အတွင်း ကုမ္ပဏီ တစ်ခုတည်းကိုပဲ လုပ်ငန်း အများအပြား ချထားပေးလိုက်ခြင်းရဲ့ အကျိုးဆက်ပါပဲလို့ ဦးစီးမှူးက ပြောပါတယ်။ ကုမ္ပဏီက ကျွမ်းကျင်အင်ဂျင်နီယာ၊ စက်ကိရိယာ မပြည့်စုံ၊ လုပ်ငန်းရဲ့သဘောတရားကို နားမလည်တာကြောင့် ဆောက်ပြီး တစ်နှစ်အတွင်းမှာ ပျက်စီးခဲ့ရတာ ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။
ဆိုးဝါးတဲ့ သဘာဝဘေးအန္တရာယ်မျိုး မကြုံတွေ့ရဘူးဆိုရင် တာတမံတွေကို ၃ နှစ်အထိ အာမခံပေးရမယ်၊ ဒီကာလ မတိုင်ခင် ပျက်စီးသွားမယ်ဆိုရင် ကုမ္ပဏီရဲ့ တာဝန်ဖြစ်ကြောင်း လုပ်ငန်းစာချုပ်မှာ ဖော်ပြထားတယ်လို့ သူက ဆိုပါတယ်။
“ကုမ္ပဏီတွေက တစ်နေရာမှာလုပ်နေရင် နောက်တစ်နေရာအတွက် လုပ်ဖို့ အင်အားမရှိဘူး။ ကျောက်ငူရွာတို့၊ လောင်းကုတ် တောင်ရွာတို့ဆိုရင် လုပ်ငန်းနောက်ကျနေပြီလို့ ၂ဝ၁၄ ခုနှစ်ဧပြီလမှ စာအကြိမ်ကြိမ်ထုတ်မှ လာတာ” လို့ ဦးစီးမှူးက ပြောပါတယ်။
တာတမံတွေပေါ်မှာ ကျွဲ၊ နွား၊ ဝက် မွေးမြူ လွှတ််ကျောင်းခြင်းကိုလည်း မပြုလုပ်ကြဖို့ တာတမံဆိုင်ရာ ဥပဒေမှာ ပြဋ္ဌာန်းထားတာကို ဒေသခံတွေ သတိထားဖို့ လိုတယ်၊ လွှတ်ကျောင်းမယ်ဆိုရင် တာတမံတွေရဲ့ ကြံ့ခိုင်ရေးကို များစွာ ထိခိုက်စေတယ်လို့ သူက ဆိုပါတယ်။
ကျောက်ငူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်က အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့၊ အကူအညီ ရရှိမှ သဘာဝဘေးဒဏ်သင့်ဒေသမှာ နေထိုင်သူတွေ ပိုမို အဆင်ပြေတယ်လို့ သုံးသပ်ပါတယ်။ ပညာရေးအတွက် စာသင်ကျောင်းတွေ တိုးချဲ့ တည်ဆောက်ပေးနေသလို ဒေသကို အကျိုးပြုမယ့် အရည်အသွေးပြည့် တာတမံတွေလည်း လိုအပ်တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“ကျွန်တော်တို့ အဓိကတောင်းချင်တာက တာတမံတွေပဲ။ မြို့နဲ့ အလှမ်းဝေးတဲ့ ကျွန်တော်တို့ရွာတွေကို တိုးတက်အောင်လုပ်ပေးပါလို့ တောင်းဆိုချင်တယ်” လို့ အုပ်ချုပ်ရေးမှူးက ပြောလိုက်ပါတယ်။ ။