အီရန်စစ်ပွဲကြောင့် ကမ္ဘာ့နိုင်ငံအများအပြား ရင်ဆိုင်နေရသည့် လောင်စာဆီ အကျပ်အတည်းသည် စစ်ဗိုလ်ချုပ်ကြီးများအာဏာသိမ်းထားသော မြန်မာတွင် ကြီးမားစွာသက်ရောက်မှုရှိနေပြီး နိုင်ငံ၏ အဓိကအသက်သွေးကြောဖြစ်သော ဆန်စပါးလုပ်ငန်းကို ကိုင်လှုပ်လျက်ရှိသည်။
နှစ်စဉ် မတ်လနှင့် ဧပြီလသည် နွေစပါးများရိတ်သိမ်းချိန်ဖြစ်သည့်နည်းတူ မိုးစပါးစိုက်ပျိုးရန် ထွန်ရေးပြင်ရသည့်အချိန်ဖြစ်ရာ ဆန်စပါးလုပ်ငန်းအတွက် စက်သုံးဆီလိုအပ်ချက် အများဆုံး ကာလလည်းဖြစ်သည်။
လက်ရှိတွင် အီရန်စစ်ပွဲကြောင့် ဒေသတွင်းနိုင်ငံများတွင် ဆီရှားပါးပြီး တင်သွင်းရန်အခက်ခဲရှိလာရာ ပြည်တွင်းလောင်စာဆီဈေး တဟုန်ထိုးတိုးတက်လာသလို ဆီပြတ်လပ်မှုများဖြစ်ပေါ်နေခြင်းကြောင့် ဆန်စပါးလုပ်ငန်းအပေါ် ကြီးမားစွာသက်ရောက်နေကြောင်း လယ်သမားများ၊ ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များက ပြောသည်။
မြန်မာတွင် စပါးသည် အဓိကသီးနှံဖြစ်ပြီး သီးနှံစိုက်ပျိုးဧရိယာအားလုံး၏ ၃၄ ရာခိုင်နှုန်းခန့်ရှိသည်။ နှစ်စဉ် မိုးစပါးနှင့် နွေစပါးစိုက်ဧကပေါင်း ၁၈ သန်းနီးပါးစိုက်ပျိုးနေပြီး ဆန်စပါးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်းစားသုံးပြီး ၂၀ ရာခိုင်နှုန်းကို ပြည်ပတင်ပို့သည်ဟု ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်သည့် ဆန်စပါးညီလာခံ အချက်အလက်များက ဆိုသည်။
ကျွဲနွားများဖြင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူအများအပြားရှိနေဆဲဖြစ်သော်လည်း နိုင်ငံအောက်ပိုင်းရှိ ဆန်စပါးအဓိက ထုတ်လုပ်သည့် ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းတို့တွင် စပါးစိုက်ရန် ထွန်ယက်ခြင်းမှအစ ရိတ်သိမ်းခြွေလှေ့ခြင်း၊ ဆန်ကြိတ်ခွဲခြင်း၊ ပြည်ပတင်ပို့ခြင်းအထိ စက်ယန္တရားများအသုံးပြုကြသည်။ ထိုစက်ယန္တရားများလည်ပတ်ရန် စက်သုံးဆီသည် အသက်သွေးကြောပင်ဖြစ်သည်။
လက်ရှိတွင် မြန်မာ၏ စပါးကျီဟု တင်စားသည့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတွင် နွေစပါးများပေါ်နေပြီး ဧကပေါင်းသိန်းနှင့်ချီသည့် နွေစပါးစိုက်ခင်းများကို ဆက်တိုက်ရိတ်သိမ်းရတော့မည်ဖြစ်သော်လည်း စက်သုံးဆီဝယ်မရ၍ စပါးရိတ်သိမ်းရန် ဒုက္ခရောက်နေကြသည်ဟု Myanmar Now က မေးမြန်းခဲ့သည့် လယ်သမားငါးဦးထက်မနည်းက ပြောဆိုကြသည်။

လာမည့် ၁၀ ရက်အတွင်း စပါးခင်းများရိတ်သိမ်းတော့မည်ဖြစ်ပြီး စက်သုံးဆီကို ဝယ်မရသေးကြောင်း ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် အောက်ဂုံမင်းမြှောင်ရွာမှ နွေစပါးဧက ၃၀ ကျော်ရိတ်သိမ်းရန်ရှိနေသည့် အမည်မဖော်လိုသည့် လယ်သမားတစ်ဦးက ပြောသည်။
“စက်တွေနဲ့ပဲရိတ်ရမှာပေါ့။ အပေါ်က အုပ်ချုပ်ရေးပိုင်းက ဆီက ထုတ်ပေးမယ်ပြောတာပဲ။ ဘယ်လိုမှလည်း ဆက်သွယ်လို့မရဘူး။ ဝယ်ကို မရဘူး။ ဈေးကတော့ ခါတိုင်းထက်တော့ မြင့်တာပေါ့။ ဆိုင်တွေက ရောင်းပေးမှပဲ ရမှာလေ။ ဆီကမရသေးတဲ့သဘောပဲ။ ဆီမရှိဘူးပေါ့။ အဲ့ဒါပဲ စောင့်တော့ကြည့်နေရတာပဲ” ဟု ၎င်းက ဆိုသည်။
လယ်ယာလုပ်သားရှားပါးမှုကြောင့် လက်ရှိနွေစပါးစိုက်ခင်းများကို လူငှားရိတ်ရန်မဖြစ်နိုင်ပေ။ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းရန်လည်း စက်သုံးဆီဝယ်မရဖြစ်နေ၍ စိုက်ခင်းများကို ငုတ်တုတ်ထိုင်ကြည့်နေရမည့်အခြေအနေဖြစ်ကြောင်း ထိုကျေးရွာမှ လယ် ၂၄ ဧကစိုက်ပျိုးသူ နောက်ထပ်လယ်သမားတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းဆီလိုအပ်ချက်၏ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပမှတင်သွင်းနေရပြီး နှစ်စဉ်တန်ချိန် ငါးသန်းခန့်၊ အမေရိကန်ဒေါ်လာ ငါးဘီလီယံခန့်ရှိနိုင်ကြောင်း စစ်ကော်မရှင်ထိန်းချုပ် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဒီဇယ်နှင့် ဓာတ်ဆီကဲ့သို့ သန့်စင်ပြီးလောင်စာဆီများကို စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အဓိကတင်သွင်းရောင်းချနေခြင်းဖြစ်သည်။
အီရန်နိုင်ငံကို အမေရိကန်နှင့် အစ္စရေးတို့က တိုက်ခိုက်မှုများပြုလုပ်လာပြီးနောက် ကမ္ဘာ့ရေနံတင်ပို့မှု ငါးပုံတစ်ပုံ ဖြတ်သန်းသယ်ဆောင်သော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့လျက်ရှိရာ ကမ္ဘာတစ်ဝန်းစက်သုံးဆီအခက်ခဲဖြစ်လာပြီး ပြည်ပတင်သွင်းမှုကိုမှီခိုရသည့် မြန်မာနိုင်ငံအနေဖြင့် အခက်အခဲဆုံးအခြေအနေနှင့် ရင်ဆိုင်လာရသည်။

အာဏာသိမ်းချိန်မှစ၍ နိုင်ငံခြားငွေအခက်ခဲကြောင့် စက်သုံးဆီလုံလောက်စွာတင်သွင်းနိုင်ခြင်းမရှိဘဲ မကြာခဏပြတ်လပ်ခဲ့သည်။ ယခုအခါ အီရန်စစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်း လောင်စာဆီအကျပ်အတည်း ကြုံလာရချိန် စစ်ကော်မရှင်က ဆီချွေတာနိုင်သမျှ ချွေတာနိုင်မည့် ပုံမှန်မဟုတ်သော အစီအစဉ်များကို ချမှတ်ခဲ့သည်။
လျှပ်စစ်ကားမဟုတ်သော ပုဂ္ဂလိကပိုင် အိမ်စီးကားနှင့် ဆိုင်ကယ်များကို မတ်လ ၇ ရက်မှစ၍ တစ်ရက်သုံး တစ်ရက်နား မောင်းနှင်ရန် သတ်မှတ်ခဲ့သည်။ ကားနံပါတ်၏ စုံဂဏန်းဖြင့်စသော ယာဉ်များကို စုံရက်များတွင်မောင်းနင်ရန်နှင့် “မ”နံပါတ်ဖြင့် စသောယာဉ်များကို “မ” ရက်တွင်မောင်းရန် ညွှန်ကြားခဲ့သည်။ ကားအင်ဂျင်အရွယ်အစားအလိုက် ဆီခွဲတမ်းသတ်မှတ်၍ အပတ်စဉ် ဝယ်ရက်သတ်မှတ် ရောင်းချရန်စီစဉ်ခဲ့သည်။
လယ်ယာစိုက်ပျိုးရေးသုံး ထွန်စက်များ၊ ရေစုပ်စက်နှင့် အခြားစက်ယန္တရားများအတွက် လိုအပ်သည့် ဒီဇယ်နှင့် ဓာတ်ဆီများကို ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်၊ လယ်ယာမြေပိုင်ဆိုင်ကြောင်း ထောက်ခံချက်နှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏ ထောက်ခံချက်ဖြင့် ဝယ်ယူရန် သတ်မှတ်ထားသည်ဟုသော သတင်းများလည်းထွက်ပေါ်လျက်ရှိသည်။
ဆီချွေတာရန် ကန့်သတ်ချက်များကြား စက်သုံးဆီလုံးဝ ဝယ်မရတော့သည့် အခြေအနေဖြစ်လာပြီး ကျွမ်းတော့မည့်စပါးများကို ပစ်ထားရကြောင်း ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်၊ ကူစုကျေးရွာမှ အမည်မဖော်လိုသည့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် အမျိုးသားတစ်ဦးက ပြောသည်။
“အချိန်မီမရိတ်နိုင်ရင်တော့ စပါးက အလေအလွင့်တွေတအားဖြစ်ကုန်မှာပေါ့။ စပါးတွေ ကျွမ်းမယ်။ ကျွမ်းပြီးတော့ အကုန်လုံးပြတ်ကျကုန်မယ်။ ဆုံးရှုံးမှုတွေ အများကြီးဖြစ်မှာပေါ့ဗျာ။ အဲ့ဒီတော့ လောင်စာဆီရအောင် လှုပ်ရှားနေကြရတာပေါ့။ ကျေးရွာအုပ်ချုပ်ရေးထောက်ခံချက်နဲ့ မြို့ပေါ်တွေမှာ တစ်ဂါလန်ရရ၊ နှစ်ဂါလန်ရရ အဲ့ဒီလိုပဲလိုက်တိုးနေကြရတာပဲ” ဟု ၎င်းက ဆိုသည်။
သို့ရာတွင် ရသည့်ဆီမှာ ဆင်ပါးစပ်နှမ်းပက်ရုံသာဖြစ်ပြီး လုံလောက်မှုမရှိကြောင်း ၎င်းက ဆိုသည်။ လယ်ယာသုံးစက်ယန္တရားကြီးများအတွက် ဒီဇယ်ဆီအဓိကလိုအပ်ပြီး စစ်ကော်မရှင်ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီဆိုင်များတွင် ထောက်ခံချက်ပြသ၍ ဆီဝယ်ခွင့်ပြုသော်လည်း အနည်းငယ်သာရရှိကြောင်း သိရသည်။
ထို့ကြောင့် ပြင်ပမှောင်ခိုဈေးကွက်တွင် ဒီဇယ်တစ်ဂါလန်( ၃ ဒသမ ၈ လီတာ) လျှင် ခြောက်သောင်းကျပ်အထိ ဈေးပေးဝယ်ယူသူများရှိနေပြီး ထိုဈေးနှုန်းဖြင့်လည်း လိုသလောက်ဝယ်မရကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ၏ ညီနောင်အသင်းဖြစ်သော မြန်မာနိုင်ငံဆန်စက်အသင်းက စွမ်းအင်ဝန်ကြီးဌာနကို တင်ပြပြီး စက်သုံးဆီများဝယ်ကာ နွေစပါးရိတ်သိမ်းတော့မည့်တောင်သူများကို ပထမဦးစားပေးအဖြစ် ဆီထုတ်ပေးနေသည်ဟု သိရသည်။
ထို့အပြင် နွေရာသီ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မီးစက်ဖြင့်လည်ပတ်ရသည့် ဆန်စက်များအတွက် နွေစပါးများကြိတ်ခွဲရန်အလို့ငှာ လိုအပ်သည့်ဆီများကို ဒုတိယဦးစားပေးအဖြစ်ဖြန့်ဖြူးပေးနေကြောင်း ဆန်လုပ်ငန်းရှင်များက ဆိုသည်။
စစ်ကော်မရှင်သတ်မှတ်ချက်အတိုင်း ဆန်စပါးအသင်းက ထုတ်ပေးသော ဒီဇယ်တစ်ပီပါဈေးနှုန်းမှာ ကျပ်သိန်း ၂၀ ဝန်းကျင်ရှိပြီး ပြင်ပဈေးမှာ ကျပ် ၂၅ သိန်းကျော်ဈေးရှိသည်ဟု သိရသည်။
လက်လှမ်းမီသမျှ ဆီထုတ်ပေးနေသော်လည်း လိုအပ်ချက်ကို အလုံးစုံမကာမိကြောင်း ပဲခူးတိုင်း အနောက်ခြမ်း လက်ပံတန်းမြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဆန်စက်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။
“ပုံမှန်အခြေအနေမှာတော့ လိုသလိုဝယ်ပြီး ပေါက်ဈေးနဲ့ အဆင်ပြေသလိုပေါ့။ ရိတ်ခြွေစက်တွေလည်း ပေါက်ဈေးနဲ့ ဝယ်ရိတ်၊ ဆန်စက်တွေလည်း လိုအပ်တဲ့ဆီကို ပေါက်ဈေးနဲ့ဝယ်ပြီးမှ လုပ်ငန်းဖြစ်အောင် လည်ပတ်ကြရတာပေါ့” ဟု သူက ဆိုသည်။
“အခုကတော့ စက်သုံးဆီက တော်တော်ရှားပါးပြီး အခက်အခဲဖြစ်တဲ့အခါကြတော့ ဆီဈေးလည်း ကြီးမြင့်လာသလို ဆီလည်းဝယ်ရတာ တော်တော်ခက်ခဲလာတယ်” သူက ဆက်ပြောသည်။
အီရန်ကို အမေရိကန်နှင့် အစ္စရေးတိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်က စစ်ကော်မရှင်သတ်မှတ်သည့် ဒီဇယ်နှင့် ဓာတ်ဆီဈေးမှာ တစ်လီတာလျှင် ၂,၅၀၀ ကျပ်မှ ၃,၀၀၀ ကျပ်ဝန်းကျင်ကြားသာရှိသော်လည်း လက်ရှိတွင် ၄,၆၀၀ ကျပ်မှ ၇,၀၀၀ ဝန်းကျင်အထိဈေးမြင့်တက်သွားသည်။ ပြင်ပဈေးကွက်တွင်မူ တစ်လီတာလျှင် ကျပ် ၁၅,၀၀၀ အထိဈေးရှိနေသည်။
ဆီဆိုင်များတွင် ပုံမှန်ဝယ်မရခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်းနှင့် မဖြစ်မနေလိုအပ်၍ ပြင်ပဈေးကွက်တွင် ဈေးကြီးပေးဝယ်သည့်တိုင် လိုသလောက်မရခြင်းတို့ကြောင့် လက်ရှိစက်သုံးဆီအကျပ်အတည်းသည် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးဖြစ်ကြောင်းလည်း လက်ပံတန်းမြို့နယ်မှ ထိုဆန်စက်လုပ်ငန်းရှင် အမျိုးသားက ဆိုသည်။
“စိုက်ပျိုးဖို့ မြေပြင်တဲ့အချိန်ကနေပြီးတော့မှ ဆန်စက်ကို ရောက်တဲ့အထိ ဆန်စက်ကနေ အခြောက်ခံစက်တွေနဲ့ အခြောက်ခံပြီး ဆန်ဖြစ်အောင်ကြိတ်ပြီးရင် နိုင်ငံခြားကို တင်ပို့ရောင်းချတဲ့ Exporter တွေရဲ့ သတ်မှတ်ထားတဲ့ စုပုံတဲ့ဂိုဒေါင် သိုမဟုတ် ဆိပ်ကမ်းရောက်အောင်ပို့တဲ့အထိက ဒီဆီက ဆန်စပါးကဏ္ဍရဲ့ ထုတ်လုပ်မှုကဏ္ဍတစ်ခုလုံးအတွက် သက်ရောက်မှုက အရမ်းများပါတယ်” ဟု သူက ဆိုသည်။
ဒီဇယ်တစ်လီတာပေါ်တွင် မြင့်တက်သွားသည့် ဈေးနှုန်းအလိုက် ဆန်စပါးထုတ်လုပ်မှုအဆင့်တိုင်းတွင် ကုန်ကျစရိတ်များမြင့်တက်လာသည်ဟု ၎င်းက ဆိုသည်။
လယ်ထွန်စက်ဖြင့် လယ်တစ်ဧကထွန်ယက်လျှင် ဆီ သုံးဂါလန်( ၁၁ လီတာ) ဝန်းကျင်လိုအပ်ပြီး ယခင်က စက်သုံးဆီဖိုး ကျပ် ၃၀,၀၀၀ ဝန်းကျင်အောက်သာရှိရာမှ ယခုအခါ ကျပ်တစ်သိန်းခွဲနှင့် အထက်ကုန်ကျနိုင်သည်။ ရိတ်သိမ်းခြွေလှေ့စက်ငှားရမ်းခမှာ ယခင်က တစ်ဧကလျှင် ကျပ် ၁၂၀,၀၀၀ ရှိရာမှ နှစ်သိန်းကျော်အထိ ဈေးပေါက်ကြောင်း သိရသည်။

ထိုစပါးကို ထရပ်ကားများဖြင့် ဆန်စက်များသို့ သယ်ယူကြရသည်။ လက်ရှိတွင် လျှပ်စစ်မီးပျက်နေ၍ စပါးအခြောက်ခံခြင်းနှင့် ကြိတ်ခွဲခြင်းအတွက် ဒီဇယ်အင်ဂျင်ဖြင့် လည်ပတ်ကြရာ စက်သုံးဆီလိုသည်။ ကြိတ်ခွဲပြီးနောက် ဆန်များကို ဈေးကွက်သို့တင်ပို့ရန် ကုန်တင်ကားများဖြင့် ထပ်မံသယ်ယူကြရသည်။
ယခင်က မိုင်တစ်ရာပတ်လည်အတွင်း ဆန်တစ်အိတ်သယ်ယူပို့ဆောင်စရိတ်မှာ ကျပ် ၁,၅၀၀ ခန့်သာ ရှိသော်လည်း လက်ရှိဆီအခက်ခဲနှင့် ဆီဈေးမြင့်တက်မှုကြောင့် ဆန်တစ်အိတ်ကို ၃၂၀၀ ကျပ်အထိ ဈေးတက်သွားသည်။ သို့ရာတွင် ကုန်ကားများလည်းဆီခက်ခဲနေ၍ ချောချောမွေ့မွေ့မသယ်နိုင်ကြောင်း လက်ပံတန်းမြို့နယ်မှ ထိုဆန်စက်လုပ်ငန်းရှင် အမျိုးသားက ဆိုသည်။
“ဆန်စပါးကဏ္ဍနဲ့ပတ်သက်တဲ့ Process (လုပ်ငန်းစဉ်) တစ်ခုလုံးက ဆီက အသက်သွေးကြောလို ဖြစ်နေတာပေါ့” ဟု ၎င်းက ဆိုသည်။
လျှပ်စစ်မီးပြတ်တောက်နေပြီး စက်သုံးဆီဝယ်မရသည့် အကျိုးဆက်ကြောင့် ပြည်တွင်းစားဆန်နှင့် နိုင်ငံခြားတင်ပို့သည့် တန်းမြင့်ဆန်ဈေးနှုန်းများပေါ် သက်ရောက်မှုရှိသည်။ အီရန်စစ်ပွဲဖြစ်လာပြီးနောက် ပြည်တွင်း တန်းမြင့်ဆန်ဈေးနှုန်းများ မြင့်တက်သွားသည်ဟု သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက် က ရွှေဘိုပေါ်ဆန်း(အဟောင်း) ထိပ်စ လက်ကားဈေးသည် တစ်အိတ်လျှင် ကျပ် ၁၇၅,၀၀၀ ကျပ်ရှိရာမှ ယခု ဧပြီလ ၆ ရက်တွင် ကျပ်နှစ်သိန်းထိ ဈေးတက်သွားကြောင်း ဆန်စပါးကုန်သည်အသင်းက ထုတ်ပြန်သည့် ဈေးနှုန်းများတွင် တွေ့ရသည်။ ဧည့်မထဆန်တစ်အိတ်လျှင် ယခင်က ၅၂,၀၀၀ ကျပ်ရှိရာမှ ၅၉,၀၀၀ အထိဈေးတက်လာခဲ့သည်ဟု ထိုဈေးနှုန်းများတွင် တွေ့ရသည်။
ဆန်ဈေးနှုန်းများကြီးလာသော်လည်း ပြည်တွင်း၌ ဆန်ရှားပါးပြတ်လပ်သည်အထိ မဖြစ်နိုင်ကြောင်း၊ သို့ရာတွင် ပြည်ပဆန်တင်ပို့မှုအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း ဆန်လုပ်ငန်းရှင်များက ဆိုသည်။
ယခု ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် သုံးသန်းတင်ပို့ရန်ရည်မှန်းထားပြီး ဖေဖော်ဝါရီအထိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၇ သန်းခန့်သာတင်ပို့ထားကြောင်း ဆန်စပါးအသင်းချုပ်အဖွဲ့ဝင် ဆန်လုပ်ငန်းရှင်များက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ဆန်နှင့် ဆန်ကွဲကို အာရှနှင့် ဥရောပဈေးကွက်များသို့ တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသည် အကြီးဆုံးဝယ်လက်ဖြစ်ကာ ထိုနှစ်အတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၀၆ သန်းကျော်ဝယ်ယူခဲ့ကြောင်း သိရသည်။

ဆန်ထုတ်လုပ်မှုစရိတ်တက်လာခြင်းကြောင့် ပြည်တွင်းဆန်ဈေးမြင့်တက်လာသော်လည်း ပြည်ပသို့ ရောင်းချရာတွင် ကမ္ဘာ့ဆန်ဈေးအတိုင်း သတ်မှတ်ရောင်းချရသဖြင့် တွက်ခြေမကိုက်ဖြစ်နိုင်ကြောင်း ဧရာဝတီတိုင်း ပုသိမ်မြို့မှ ဆန်စက်လုပ်ငန်းရှင် အမျိုးသားတစ်ဦးကလည်း ပြောသည်။
ပြည်ပဆန်တင်ပို့မှုသည် ပြည်တွင်းဆန်ဖူလုံမှုအပေါ်တွင်မူတည်သည်။ ပြည်တွင်းဆန်ဖူလုံရေးသည် လယ်သမားများ၏ စပါးစိုက်ပျိုးထုတ်လုပ်မှုအပေါ်တွင် ပြန်လည်တည်မှီနေသည်ဟု သိရသည်။
“တောင်သူက စပါးဈေးနဲ့ တွက်ခြေကိုက်မှုမရှိရင်တော့ လယ်တွေကို ရှေ့ဆက်လုပ်ဖို့ကတော့ စဉ်းစားလိမ့်မယ်ထင်တာပဲ။ သူစိုက်ထုတ်သုံးစွဲရတဲ့ စရိတ်စကကို ပြန်မရဘူးဆိုရင်တော့ ရှုံးပြီဆိုရင် သူဘယ်လုပ်နိုင်တော့မလဲ။ သူအတွက် အကျိုးအမြတ်ကျန်ရင်တော့ စိုက်ရင်တော့စိုက်မှာပေါ့” ဟု ပုသိမ်မြို့မှ ဆန်စက်လုပ်ငန်းရှင် အမျိုးသားက ပြောသည်။
“ထွက်လာတဲ့ ဆန်စပါးအရေအတွက်ကလျော့နည်းသွားရင် ကြိတ်ခွဲမယ့်စက်တွေက များနေရင် ကျွန်တော်တို့ ဆန်စက်လုပ်ငန်းတွေလည်းထိခိုက်လာမှာပေါ့။ ဆန်စက်လုပ်ငန်းတွေက ကြိတ်ခွဲထုတ်လုပ်မှု မပေးနိုင်ဘူးဆိုရင် ပြည်တွင်းစားသုံးမှုတို့ Export (ပြည်ပတင်ပို့မှု)တို့က တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိတော့ ထိခိုက်ကြမှာပေါ့” ဟု သူက ဆက်ပြောသည်။
လက်ရှိ စပါးဈေးမှာလည်း တောင်သူများအတွက် တွက်ခြေမကိုက်ကြောင်း လယ်သမားများက ဆိုသည်။ နေရာဒေသအလိုက် ဈေးနှုန်းကွာခြားမှုရှိသော်လည်း ယခုဈေးနှုန်းများအတိုင်း စပါးတစ်ဧကစိုက်လျှင် ကျပ်ဆယ်သိန်းဝန်းကျင်ကုန်ကျနိုင်ပြီး စပါးဈေးမှာ (၄၆ ပေါင်) စပါးတင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းသာ ရှိခြင်းကြောင့် အကျိုးအမြတ်မရှိတော့ကြောင်း နေပြည်တော်မှ အသက် ၄၀ အရွယ် တောင်သူတစ်ဦးက ပြောသည်။
“အရင်းကျေရင် ကံကောင်းနေပြီ။ မြတ်ဖို့က ဝေးလာဝေးပဲ။ လယ်ရှိလို့သာ လုပ်နေရတာ။ အခု ၁၅ ဧက သမားစိုက်တဲ့ အသိတစ်ယောက်ဆိုရင် နွေစပါးစိုက်တောင်မစိုက်ကြတော့ဘူး။ ပျဉ်းမနားဘက်က ရွာတွေဆိုရင် ရွာလုံးကျွတ် မစိုက်ကြတာတွေရှိတယ်။ ပစ်ထားကြတော့တာ” ဟု ၎င်းက ပြောသည်။
လောင်စာဆီဈေးကြောင့် လယ်ယာလုပ်ငန်းကို အကြီးကျယ်ရိုက်ခတ်လာချိန် သွင်းအားစုဟုခေါ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများလည်းမြင့်တက်လာသဖြင့် လယ်စိုက်ရန် ပို၍ခက်ခဲလာနိုင်ကြောင်း ၎င်းက ဆိုသည်။

မြန်မာသည် ဆန်ထုတ်လုပ်မှုများသလို စားသုံးမှုလည်းများပြားခြင်းကြောင့် ဆန်ဈေးကွက်တည်ငြိမ်ရန် အရေးကြီးကြောင်း ဆန်လုပ်ငန်းရှင်များက ဆိုသည်။ ဆန်ဈေးကြီးမြင့်ပါက စားသုံးသူများထိခိုက်နိုင်ပြီး ဆန်ဈေးအလွန်အကျွံကျဆင်းလျင်လည်း စပါးစိုက်တောင်သူများ တွက်ခြေမကိုက်ဖြစ်နိုင်သည်။
စစ်ကော်မရှင်က ဆန်ဈေးနှုန်းများကို အတင်းအကျပ်လိုက်လံထိန်းချုပ်နေပြီး ပြီးခဲ့သည့်နှစ်များအတွင်း ဆန်ဈေးတင်ရောင်းသည်ဆိုကာ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မဖြင့် လုပ်ငန်းရှင်များကို ဖမ်းဆီးအရေးယူခဲ့သည်။
အထွေထွေကုန်ဈေးနှုန်းတက်လာချိန် ဆန်ဈေးနှုန်းမြင့်တက်လာမှုကို စစ်ကော်မရှင်က စိုးရိမ်တကြီး အတင်းအကျပ်ထိန်းချုပ်နေခြင်းသည် လယ်သမားနှင့် စားသုံးသူများကြား ဈေးနှုန်းမျှခြေတစ်ခုကို ထိန်းသိမ်းရန်ခက်ခဲသွားကြောင်း ပုသိမ်မှ ဆန်စက်လုပ်ငန်းရှင်က ဆိုသည်။
“ဆန်ဈေး ကန့်သတ်တာတို့ ရည်ညွှန်ဈေးတွေသတ်မှတ်တာတို့က အဲ့ဒါတွေလုပ်တဲ့အခါကြတော့ စပါးဈေးက တော်ရုံတန်ရုံ တွက်ခြေကိုက်တဲ့ဈေးကို တက်ချင်ပေမယ့် အပေါ်ကနေ ဖိဖိနေတော့ လယ်သမားတွေအဖို့မှာ အခက်ခဲတွေအများကြီးရှိတယ်” ဟု သူကဆိုသည်။



