ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာကာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်း (ရခိုင်ကမ်းရိုးတန်း) သို့ ဝင်ရောက်နိုင်ပြီး တစ်နာရီလျှင် မိုင် ၈၀ ခန့်အထိ တိုက်ခတ်နိုင်သည်ဟု စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) က မေလ ၈ ရက်တွင် ထုတ်ပြန်သည်။
မေ ၉ ရက်မှ ၁၄ ရက်နေ့အတွင်း မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်သည်၊ မိုးသက်လေပြင်း ကျရောက်စဉ် မုန်တိုင်းသည် တစ်နာရီလျှင် မိုင် ၇၀ မှ ၈၀ နှုန်း ရှိနိုင်သည်ဟု မေ ၈ မွန်းလွဲ ၁ နာရီ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်း (မိုခါ) အဖြစ်သို့ မကူးပြောင်းသေးဘဲ မုန်တိုင်းဖြစ်ပေါ်ပါက မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု ဆိုသည်၊ သို့သော် မည်သည့်လမ်းကြောင်းမှ ရွေ့လျားမည်ကို ခန့်မှန်း၍မရသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။
“အကယ်၍ ဖြစ်လာခဲ့ရင် ဘယ်ကို ရွေ့မယ်ဆိုတာကတော့ အခုက လမ်းကြောင်းတွေက အမျိုးမျိုးဖြစ်နေတယ်။ ဟိုအရင်ရက်တွေတုန်းကဆိုရင် ရန်ကုန်၊ ဧရာဝတီပေါ့ ဒါမျိုးတွေ ပြောနေတာ။ မဖြစ်သေးတဲ့ မုန်တိုင်းတစ်ခုကို ကြိုတင်ခန့်မှန်းတာကတော့ နည်းနည်းစောတယ်” ဟု ဦးလှထွန်းက ပြောသည်။
မိုးဇလ၏ မေ ၈ ညနေ ၄:၀၀ နာရီ ထုတ်ပြန်ချက်တွင်မူ “ဆိုင်ကလုန်းမုန်တိုင်းသည် ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး မေလ ၁၁ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိကာ ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက်သို့ ကွေ့ကာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်း (ရခိုင်) သို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရသည်” ဟု ထပ်မံထုတ်ပြန်ထားသည်။
မုန်တိုင်းကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ် ၁၄ ခုလုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် မိုးကြီးနိုင်သည်ဟု မိုးဇလက သတိပေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း မုန်တိုင်းနှင့် ပတ်သက်သည့် အချက်အလက်များနှင့် သတိပေးချက်များကို အဆက်မပြတ် ထုတ်ပြန်နေသည်။ စစ်ကောင်စီနှင့် NUG နှစ်ဖွဲ့လုံးက ဥရောပမိုးလေဝသခန့်မှန်းရေးဗဟိုဌာန (European Centre for Medium-Range Weather Forecasts – ECMWF) နှင့် အာရှဒေသဆိုင်ရာ မိုးလေဝသခန့်မှန်းရေးဗဟိုဌာန (Global Forecasting Models – GFS) တို့၏ ခန့်မှန်းချက်များကို ကိုးကားထားကြသည်။
ECMWF နှင့် GFS တို့၏ ခန့်မှန်းချက်များအရ အဆိုပါမုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဝင်ရောက်လာနိုင်ပြီး ဝင်ရောက်နိုင်သည့် လမ်းကြောင်းမှာ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့ ဖြစ်နိုင်သည်ဟု သိရသည်။
မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းများကြောင့် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ ပင်လယ်ပြင် ကမ်းနီးကမ်းဝေး ငါးဖမ်းစက်လှေများ ကမ်းစပ်သို့ ပြန်လာကြပြီး အချို့မြို့နယ်များတွင် စစ်ကောင်စီအုပ်ချုပ်ရေးပိုင်း၏ ပြင်ဆင်ဆောင်ရွက်မှုများ မတွေ့ရသော်လည်း မုန်တိုင်းအန္တရာယ် သတိထားကြရန် အသံချဲ့စက်များဖြင့် လိုက်လံဆော်သြသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။
ထို့ပြင် ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေသို့ ခရီးသည်အချို့ ရောက်လာကြသော်လည်း အချို့ခရီးသည်များမှာ ခရီးစဉ်ကို ဖျက်သိမ်းလိုက်သည်ဟု ငွေဆောင်ဒေသခံ အသက် (၄၀) ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“တချို့ဧည့်သည်တွေကတော့ ပုံမှန် လာနေတာပဲ၊ တချို့ဟိုတယ်တွေကတော့ အဖွဲ့လိုက်လာတဲ့သူတွေကို အစီအစဉ်ဖျက်တာပေါ့။ မုန်တိုင်းလွန်မှ လာဖို့ကို ဟိုတယ်က ပြန်ပြီး စီစဉ်ပေးတယ်၊ ဈေးဆိုင်ခန်းတွေက ၈၀ ရာခိုင်နှုန်းလောက် ဖျက်ပြီးတော့ ကုန်းပေါ်ကို အကုန်ပြန်တင်လိုက်ပြီ၊ ပစ္စည်းတွေအကုန်ပေါ့ဗျာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ရခိုင်ဒေသခံအချို့ကလည်း မုန်တိုင်းအတွက် သောက်ရေနှင့် အစားအသောက်တို့ စုဆောင်းထားကြသည်ဟု ငပလီကမ်းခြေအနီးတွင် ရှိသည့် ငပလီမြို့၊ လင်းသာရပ်ကွက်မှ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ အသက် (၅၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“တချို့ကကျတော့ ဆေးအိတ်တွေဘာတွေ ထည့်ထားတယ်၊ စာရွက်စာတမ်း ဘာညာတို့ ရေဘူးတို့ ဆောင်ထားကြတယ်၊ တချို့လည်း လှုပ်လှုပ်ရှားရှားတော့ မရှိဘူး၊ ငါးဖမ်းလှေတွေကတော့ တစ်ခုမှ မထွက်တော့ဘူး” ဟု ပြောသည်။
သို့သော် ငပလီကမ်းခြေရှိ ဟိုတယ်အများစု ပိတ်ထားခြင်းမရှိသေးဘဲ ခရီးသွားကားများလည်း သွားလာလျက်ပင် ရှိသေးသည်၊ မြို့ပေါ်တွင်လည်း ပုံမှန်အတိုင်းပင် သွားလာနေသည်ဟု ၎င်းက ပြောသည်။
ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းနှင့် ပတ်သက်၍ ရခိုင်ပြည်အတွင်းရှိ ပြည်သူများ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ ခရီးသည်တင်ရေယာဉ်များ၊ ပင်လယ်၊ မြစ်ချောင်းများတွင် ဝမ်းစားရှာဖွေစားသောက်သူများ အထူးသတိထားကြရန် ရက္ခိုင့်တပ်တော် (AA) က မေ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၁၅ နှစ် ၂၀၀၈ ခုနှစ် မေ ၃ ရက်က အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြီး နာဂစ်သည် မြန်မာနိုင်ငံ ဧရာဝတီတိုင်းသို့ ဦးတည်ကာ ဝင်ရောက်တိုက်ခတ်သောကြောင့် လူပေါင်း ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့ကြဖူးပြီး ယခုဖြစ်ပေါ်လာမည့် မုန်တိုင်းမိုချာနှင့် ပတ်သက်ပြီးလည်း ဒေသခံပြည်သူများ စိုးရိမ်နေကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)