
ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ရေးတင်းမာနေချိန်တွင် စစ်ကောင်စီရေတပ်၏ အကြီးဆုံး မုတ္တမစစ်သင်္ဘောက ရခိုင်ကမ်းရိုးတန်းတစ်လျှောက် သွားလာနေပြီး မြေပြင်တပ်များ ပို့ဆောင်နေသည်။
UMS Mottama 1501 အမည်ရှိ အဆိုပါ စစ်သင်္ဘောသည် မေလနှောင်းပိုင်းကတည်းက ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် စစ်ဆင်ရေးလုပ်နေကြောင်း နိုင်ငံတကာစစ်ရေးသတင်းများ ဖော်ပြနေသည့် Global Defense Corp (GDC) က ဇွန် ၁၈ ရက်တွင် ဖော်ပြသည်။
မုတ္တမစစ်သင်္ဘောသည် အမြောက်နှင့် ဒုံးကျည်များပါဝင်သည့် ခြေလျင်တပ်များကို စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်၊ အငူမော်ကမ်းခြေမှတစ်ဆင့် ဇွန် ၂ ရက်က ပို့ဆောင်ခဲ့ကြောင်းလည်း GDC က ဆိုသည်။
မေ ၃၀ နံနက်ပိုင်းက စစ်ရေယာဉ်တစ်စီးသည် ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းတွင် ကုန်ချနေသည်ကို တွေ့ရပြီး ရိက္ခာနှင့် လက်နက်ခဲယမ်းများ ဖြစ်သည်ဟု ယူဆရကြောင်း၊ ထရပ်ကား ၅ စီးထက်မနည်း တွေ့ရှိခဲ့ရကြောင်း ဒေသခံများကလည်း Myanmar Now ကို ပြောထားသည်။
ရသေ့တောင်တွင် စစ်အင်အားဖြည့်တင်းမှုသည် ရခိုင်တွင် ပို၍ကျယ်ပြန့်လာသည့် စစ်တပ်၏ စစ်ရေးလှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မေလနှောင်းပိုင်းကမူ တပ်သား ၁၀၀၀ ခန့် ကျောက်ဖြူသို့ ပို့ဆောင်ခဲ့ကြောင်း ပြောသည်။
မေလ ၃၁ ရက်က အမြောက်များတပ်ဆင်ထားသည့် စစ်သင်္ဘောကြီးတစ်စင်း ကျောက်ဖြူအမှတ် (၃) ဆိပ်ကမ်းကို ကပ်ပြီး စစ်သားများချခဲ့ကြောင်း၊ စစ်သားရာချီရှိကြောင်း ကျောက်ဖြူမြို့ခံများပြောပြချက်ကို ကိုးကား၍ RFA သတင်းဌာနကလည်း ဇွန် ၂ ရက်တွင် သတင်းဖော်ပြသည်။
ရခိုင်တွင် စစ်ရေးတင်းမာမှုမှာ ညှိနှိုင်း၍မရသည့် အခြေအနေတွင်ရှိကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ်က ပြောထားသလို စစ်ကောင်စီဘက်ကလည်း ရခိုင်လူထုကို ငဲ့နေရသဖြင့် သည်းခံနေရကြောင်း ပြောထားသည်။
စစ်ကောင်စီက လက်နက်၊ လူအင်အား ဖြည့်တင်းနေသလို AA ခြေကုပ်ယူထားသည့် ရခိုင်မြောက်ပိုင်းတွင် ဇွန်လ ၁၁ ရက်မှစ၍ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် စစ်တွေမြို့နယ်တို့တွင်လည်း AA နှင့် စစ်တပ် အပြန်အလှန် ဖမ်းဆီးမှုများ ပြုလုပ်သည်။
စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွင် အသုံးပြုနေသည့် မုတ္တမစစ်သင်္ဘောမှာ ရေတပ်အတွက် အလွန်အရေးပါသည့် မဟာဗျူဟာမြောက် သင်္ဘောတစ်ခုဖြစ်ပြီး တပ်မတစ်ခုလုံးကို ပြောင်းရွှေ့ကာ ကမ်းရိုးတန်းဒေသများကို စစ်ထိုးနိုင်ကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံအထိပင် စစ်ဆင်ရေး အကြီးစားများပင် လုပ်နိုင်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူ ရေတပ်တပ်ကြပ်ကြီးတစ်ဦးက ပြောသည်။
ထိုစစ်သင်္ဘာအတွက် တောင်ကိုရီးယားနိုင်ငံ POSCO Daewoo Corporation နှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတတ်တို့ ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ကာ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ဦးပိုင်ကို လွှဲပြောင်းပေးခဲ့ကာ ထိုနှစ် ဒီဇင်ဘာလအတွင်း ၇၂ နှစ်မြောက် ရေတပ်နှစ်ပတ်လည်နေ့တွင် တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။
သင်္ဘောမှာ Landing Platform Dock (LPD) အမျိုးအစားဖြစ်သော်လည်း နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုကို ရှောင်လွှဲနိုင်ရန် အရပ်ဘက်သုံး ခေါင်းစဉ်အောက်တွင် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း မုတ္တမစစ်သင်္ဘောတွင် တာဝန်ထမ်းဆောင်ခဲ့သူ ရေတပ်တပ်ကြပ်ကြီး မြတ်မင်းသူက ပြောသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် Mulitpurpose Support Vessel (MPSV) အဖြစ် စာချုပ်ချုပ်ဆိုခဲ့သည်ဟု ဆိုသည်။
“တကယ်တမ်းတော့ စစ်သင်္ဘောက စစ်သင်္ဘောပဲလေ။ ဂျူတီက ဘယ်လိုဂျူတီလည်းဆိုတော့ Sea Lift Duty လို့ ခေါ်တယ်။ ရေတပ်မှာ Sea Lift ဆိုတာ အဓိက သယ်ယူပို့ဆောင်ရေးပေါ့။ တပ်တွေကို ပို့လိုရတယ်။ အရမ်းကို အရေးကြီးတဲ့ သင်္ဘောမျိုးပဲ။ တခြား သင်္ဘောတွေ သူ့လောက်မစွမ်းဆောင်နိုင်ဘူး” ၎င်းက ပြောသည်။
သင်္ဘောပေါ်တွင် ရဟတ်ယာဉ်သုံးစီးအထိ ရပ်နားနိုင်ပြီး သင်္ဘောဝမ်းဗိုက်တွင် သံချပ်ကာယာဉ်လေးစီး၊ ကုန်း/ရေနှစ်သွယ်သွား အပေါ့စားတင့်ကား ၁၂ စီးနှင့် ၁၆ တန်အလေးချိန်ရှိ ထရပ်ကား ၁၅ စီးအထိ တင်ဆောင်နိုင်ကြောင်း သိရသည်။
ထို့ပြင် အမြန်သွားဖိုင်ဘာရေယာဉ် လေးစီးနှင့် ကမ်းထိုးရေယာဉ်နှစ်စီးလည်း ပါရှိပြီး တပ်ဖွဲ့ဝင် ၅၅၇ ဦးအတွက် လူနေခန်းများ ပါဝင်သည်။ သင်္ဘောကုန်းပတ်ပေါ်တွင် လူ ၁၀၀၀ ကျော် တင်ဆောင်နိုင် ကြောင်း၊ ဘောလုံးကွင်းတစ်ကွင်းစာ ရှည်လျားသည့် ထိုစစ်သင်္ဘောသည် အလျားပေ ၄၀၀၊ အနံ ၇၂ ပေကျော်ရှိသည်။
တောင်ကိုရီးယားနိုင်ငံက အဆိုပါ စစ်သင်္ဘောအမျိုးအစားများကို အင်ဒိုနီးရှား၊ ပီရူး၊ ဖိလစ်ပိုင်နှင့် မြန်မာရေတပ်တို့အတွက် ၁၀ စင်း တည်ဆောက်ပေးခဲ့ပြီး မြန်မာစစ်တပ်မှာ ၇ စင်းမြောက်သင်္ဘောဖြစ်သည်။
၂၀၁၈ နှစ်ကုန်မှစ၍ ရခိုင်မြောက်ပိုင်းတွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲများဖြစ်ခဲ့ပြီး ၂၀၂၀ နိုဝင်ဘာလဆန်း၌ နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်ခဲ့ကာ ၂၀၂၁ ဒီဇင်ဘာမှစ၍ ထိတွေ့တိုက်ပွဲများ ပြန်ဖြစ်လာသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြို့ကြီးများပေါ်တွင် AA က ဆက်တိုက်ဖမ်းဆီးနေသလို စစ်တပ်ကလည်း ဒေသခံများကို AA သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)