အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြိုင်မြို့နယ်အတွင်း တိုက်ပွဲတစ်ခုတွင် PDF ခေါင်းဆောင် သေဆုံး

မကွေးတိုင်း မြိုင်မြို့နယ်အနောက်ဘက် ဗဟင်းရွာ ရဲစခန်းရှေ့၌ ယမန်နေ့ (ဩဂုတ် ၁) ညနေ ၆ နာရီဝန်းကျင်က ဖြစ်ပွားသည့် တိုက်ပွဲတွင် ခေါင်းဆောင်ဖြစ်သူ သေဆုံးခဲ့ရကြောင်း မြိုင်မြို့နယ် ဒေသကာကွယ်ရေးအဖွဲ့ (PDF)ဝင် နှစ်ဦးက Myanmar Now ကို အတည်ပြုသည်။

“ဗဟင်းရဲစခန်းရှေ့ရောက်တော့ သေနတ်နဲ့ ထိုးချိန်၊ နောက်က ကားက ဝင်တိုက်လိုက်တာ။ အဲဒီအချိန်မှာ ဦးဌေးက သေနတ်နဲ့ ပစ်တာ။ သူတို့လည်းပစ်။ ကိုယ်လည်းပစ်ကြတာ။ ဦးဌေးက သူ့လူတွေကို ပြန်ဆုတ်လို့ရအောင် တစ်ယောက်တည်းခံပစ်နေတာ။ သူ့လူတွေလည်း အကုန်လွတ်တယ်။ ဦးဌေးခံမပစ်ရင် ပါသွားတဲ့ ရဲဘော်တွေ အကုန်ကျမှာ”ဟု တိုက်ပွဲတွင် ပါဝင်ခဲ့ပြီး လွတ်မြောက်ခဲ့သည့် PDF အဖွဲ့ဝင် ပထမသတင်းရင်းမြစ်က ပြောသည်။

ဗဟင်းရွာကို ဒေသခံ PDF အဖွဲ့က ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာစဉ် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့က ကြားဖြတ်တိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ရဲတစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရသော်လည်း အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

“လမ်းက ဗဟင်းရဲစခန်းလမ်းကို ရွေးမိသွားတာပေါ့။ ပထမသွားတဲ့အဖွဲ့ကို မဖမ်းဘဲနဲ့ နောက်ကပါတဲ့ အဖွဲ့ကို အချဉ်ဖမ်းမယ့်ပုံစံလုပ်တော့ ပြန်ခုခံကျတာ။ အဲဒီကနေ တိုက်ပွဲဖြစ်သွားတာပါ။ သူတို့(ရဲ)က ကင်းပုန်းတွေနဲ့ စောင့်နေကြတာ”ဟု ထိုဖြစ်စဉ်မှ လွတ်မြောက်ခဲ့သူ PDF အဖွဲ့ဝင် ဒုတိယသတင်းရင်းမြစ်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးဖိုးဌေးစီးနင်းလာသည့် ဆိုင်ကယ်ကို ရဲစခန်းရှေ့၌ ဖြတ်တိုက်သည့် TOYOTA Mark II ကားမှာ PDF အဖွဲ့ ဗဟင်းရွာသို့ မရောက်မီ နာရီဝက်ခန့်အလို ရေနံမှော်များရှိရာဘက်မှ ဆင်းလာသည့် လမ်းတစ်နေရာကတည်းက တောက်လျှောက်လိုက်ပါခြင်းဖြစ်သည်ဟု PDF အဖွဲ့ဝင် ပထမသတင်းရင်းမြစ်က ပြောသည်။

“ကျွန်တော်တို့က လက်နက်တွေ ဝှက်ယူသွားတာပါ။ လက်နက်တွေ ပေါ်တင်ယူလို့ တိုက်ခံရတယ်ဆိုပြီး သတင်းအမှားတွေလည်း ပျံ့နေတယ်။ မဟုတ်ပါဘူး။ သတင်းကြိုရလို့ တိုက်ခံရတာပါ။ သူက မသေမချင်းခံပစ်ပေးနေလို့ ကျွန်တော်တို့လွတ်တာ”ဟု ၎င်းက ဆိုသည်။

သေဆုံးသွားသည့် PDF အဖွဲ့ခေါင်းဆောင် အသက် ၄၀ ကျော်အရွယ် ဦးအောင်ကျော်ဌေး (ခ) ဦးဖိုးဌေးမှာ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ထို့အပြင် ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲခေါင်းဆောင်အဖြစ် တာဝန်ယူဖူးသည်။

ဦးဖိုးဌေး၏ ရုပ်အလောင်းကို စစ်ကောင်စီက ကောက်ယူသွားပြီး ယနေ့ (ဩဂုတ် ၂) နံနက်ပိုင်းအထိ မိသားစုထံ ပြန်မရောက်သေးကြောင်း၊ စစ်ကောင်စီ၏ တပ်မ ၁၀၁ တပ်ရင်းက တိုက်ပွဲဖြစ်ပွားခဲ့သည့် ဗဟင်းရဲစခန်းနှင့် ကျေးရွာ အထက်တန်းကျောင်းတွင် တပ်စွဲထားကြောင်း အထက်ပါ PDF အဖွဲ့ဝင်များက ပြောသည်။

အာဏာသိမ်းပြီးကတည်းက ၎င်းကိုဆန့်ကျင်သူများကို အပြင်းအထန် ရက်စက်စွာနှိမ်နင်းနေသည့် စစ်ကောင်စီကို ခုခံရန် မကွေးတိုင်းအတွင်း မြို့နယ် ၁၃ ခုတွင် စည်းထားသည့် PDF အဖွဲ့များက မဟာမိတ်အဖြစ်စုစည်းကာ မကွေးတိုင်းဒေသကြီးတပ်မတော် (MDA)အဖြစ် ဇူလိုင် ၂၄ ရက်၌ ဖွဲ့စည်းထားပြီးဖြစ်သည်။

ထိုအခြေအနေတွင် စစ်ကောင်စီတပ်များကလည်း မကွေးတိုင်းရှိ ဒေသအချို့တွင် လက်နက်ကိုင်အင်အားစုများကို ပိုက်စိပ်တိုက် ဝင်ရောက်ရှာဖွေမှုများရှိနေပြီး ပေါက်မြို့နယ်အတွင်းရှိ ကင်းမနှင့် ဝန်ချုံးရွာတို့ မီးရှို့ခံရသည့်ဖြစ်စဉ်များမှာ ထင်ရှားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button