သတင်း

မြိုင်မြို့နယ်တွင် ရွာမီးရှို့သူတို့က ၂ ဦးကို ပစ်သတ်ပြီး ၃၀ ခန့် ဖမ်းသွား

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်တပ်က အမျိုးသား၂ ဦးကို ပစ်သတ်၊ ကလေးများနှင့် ကိုယ်ဝန်ဆောင် အပါအဝင် ၃၀ ခန့်ကို ဖမ်းဆီးကာ အိမ်များကို မီးရှို့သွားသည်။ ရွာအနီး တော်လှန်ရေးစခန်းလည်း စီးနင်းခံရသည်။

မေ ၈ ရက် နံနက်တွင် စစ်တပ်က မကွေးတိုင်း၊ မြိုင်မြို့နယ် ကျေးလက်ဒေသကို စစ်ကြောင်းထိုးစဉ် အမျိုးသား ၂ ဦးကို ပစ်သတ်ကာ လူ ၃၀ ခန့်ကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောကြသည်။

အင်အား ၈၀ ပါ စစ်ကြောင်းတွင် ပျူစောထီး ခေါ် ပြည်သူ့စစ်များလည်း ပါဝင်သည်၊ မြို့တောင်ဘက် အိမ်ခြေ ၁၃၀ ခန့်ရှိသော ကံသစ်ရွာကို နံနက် ၅ နာရီဝန်းကျင်ခန့်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ကြောင်းနှင့် တိုးပြီး ပစ်သတ်ခံရသူများမှာ အသက် ၄၀ ဝန်းကျင်အရွယ်များဖြစ်သော ကံသစ်ရွာသား ကိုအောင်ဇော်ဦး၊ အနီးဝန်းကျင် သမင်အုပ်ရွာမှ လာရောက်နေထိုင်သော ကိုနန်းအောင်တို့ ဖြစ်ကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သူက (ကိုအောင်ဇော်ဦးက) ကံသစ်ရွာသားပါ။ သူ့ရဲ့ အဖေရော၊ ညီရော၊ သားပါမချန် အကုန် ဖမ်းခံလိုက်ရတယ်။ သူ့ရဲ့အိမ်ကိုလည်း မီးရှို့သွားတယ်” ဟု ကံသစ်ရွာသားတစ်ဦးက ပြောသည်။

လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ပြီး ရွာထဲ ရုတ်တရက်ဝင်ရောက်စီးနင်းစဉ် ဒေသခံများ ဘေးလွတ်ရာသို့ အလျင်အမြန် ထွက်ပြေးခဲ့ရကြောင်း၊ သူကိုယ်တိုင်လည်း ဇနီးသည်၊ ၇ နှစ်အရွယ်နှင့် လသားအရွယ် ကလေးတို့နှင့်အတူ ရွာအနောက်ပိုင်းသို့ ထွက်ပြေးခဲ့ရကြောင်း ဆက်ပြောသည်။ 

“ကျွန်တော်တို့ မိသားစုလေးယောက်၊ ရေနဲ့ စားစရာနည်းနည်းတော့ ပါလာတယ်၊ ရုတ်တရုတ် စစ်ကြောင်းထိုးလာလို့ ကျန်တာ ဘာမှမယူခဲ့ရဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ ထွက်ပြေးရတယ်” ဟု သူက ပြောသည်။

ထိုစစ်ကြောင်းက ကံသစ်ရွာတွင် နေအိမ်များကို ရှာဖွေမွှေနှောက်ပြီး တန်ဖိုးကြီးပစ္စည်းများ၊ ဆိုင်ကယ် ၅ စီး၊ ကား ၁ စီးတို့ ယူဆောင်သွားသည်ဟု ကံသစ်ရွာခံများက ပြောသည်။

စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသူများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး၊ ကလေးငယ် ၃ ဦးလည်း ပါဝင်သည်ဟု ရွာခံများထံမှ သိရသည်။

အမျိုးသမီးနှင့် ကလေးများကို ပခုက္ကူမြို့မရဲစခန်းတွင် ထားကာ အမျိုးသားများကိုမူ ပခုက္ကူ-ပေါက် ကားလမ်းဘေးရှိ အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်စခန်းသို့ ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

ထို့နေ့ နေ့လယ်မှာပင် ထိုစစ်ကြောင်းက ရွာကို မီးရှို့၍ ပြန်ထွက်သွားရာ တိမ်းရှောင်နေသူများထဲမှ တချို့က ရွာအတွင်းဝင်ရောက်ကာ မီးငြှိမ်းသတ်ခဲ့ကြသဖြင့် နေအိမ် ၁၃ လုံးခန့်သာ မီးလောင်ခဲ့ကြောင်း သိရသည်။

ရွာဘက်မှ မီးခိုးလုံးကြီးများ တက်လာသည်ကို တွေ့ကြရစဉ် စစ်ရှောင်တချို့ ရှိုက်ကြီးတငင် ငိုယိုကြသဖြင့် စိတ်မကောင်းဖြစ်ရကြောင်း သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့လည်း နိုင်သလောက် ထမင်းထုပ်တွေ သွားဝေပေးခဲ့တယ်။ ကျွန်တော်တို့ သွားကူပေးတဲ့ နေရာမှာတော့ စစ်ရှောင် ၅၀ ‌လောက်ရှိပါတယ်” ဟု သူက ပြောသည်။

စီးနင်းခံရသော ကျေးရွာများပြမြေပုံ။

ရွာကို မစီးနင်းမီ ကံသစ်ရွာအရှေ့ဘက်ရှိ ဒေသခံတော်လှန်ရေးအဖွဲ့တစ်ဖွဲ့၏ စခန်းတစ်ခုကိုလည်း စစ်ကြောင်းက စီးနင်းဖျက်ဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီကမူ ကံသစ်ရွာအနီး တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ တော်လှန်ရေးသမား  ၂ ဦး သေဆုံးကြောင်း၊ စခန်းစီးနင်းခံရသည့် တော်လှန်ရေးသမားတို့ကသာ ရွာမီးရှို့ခြင်း ဖြစ်ကြောင်း စစ်တပ် တရားဝင်အင်တာနက်စာမျက်နှာရှိ မေ ၉ ရက်နေ့ ရက်စွဲတပ် ထုတ်ပြန်ချက်တစ်ခုတွင် ထည့်သွင်း ရေးသားထားသည်။

ရွာသားများကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး သီးခြား ငြင်းဆိုခြင်း မရှိပေ။

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ လှုပ်ရှားမှုရှိသော ဒေသများတွင် စစ်တပ်က ၎င်းတို့ အကာအကွယ်ရရန်၊ ခိုင်းစေရန်အတွက် ဒေသခံတို့ကို စစ်ကြောင်းတွင် ဖမ်းခေါ်သွားတတ်သည်။

စစ်ကြောင်းထိုးမှုကြောင့် ကံသစ်ရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ရွာသုံးရွာခန့် စစ်ဘေးရှောင်ခဲ့ရပြီး ကံသစ်ရွာခံများက နောက်တစ်နေ့နံနက်တွင်မှ ရွာထဲ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။

မီးဘေးသင့်ရွာခံများ ပြန်လည်ထူထောင်ရန် ခက်ခဲနိုင်ကြောင်း အထက်ပါ ကံသစ်ရွာသားက ပြောသည်။

“မီးလောင်သွားတဲ့ အိမ်တွေကတော့ ဆွေမျိုးနီးစပ်ရာဆီမှာ သွားနေနေရတယ်၊ အိမ်တွေ ပြန်ဆောက်ဖို့ကတော့ ခက်ခဲလိမ့်မယ်” ဟု သူက ဆက်ပြောသည်။

“အိမ်ဆောက်ဖို့ ပစ္စည်းတွေကို ဝယ်လို့လည်း မရဘူးလေ။ ပခုက္ကူမြို့ကနေ လမ်းမှာ စကစ (စစ်ကောင်စီ) စစ်ဆေးရေးဂိတ်တွေကလည်း ၃ ခုလောက် ရှိတယ်။ ဆန်တောင် ကားတစ်စီးကို ၃ အိတ်ပဲ တင်လို့ရတာ၊ တစ်အိတ်ကို ၅ ထောင် ဂိတ်ကြေးတောင်းတာ”

လတ်တလောတွင်လည်း ကံသစ်ရွာအနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာ တွင်းမရွာတွင်လည်း အင်အား ၈၀ ကျော်ပါ  စစ်ကြောင်းနောက်တစ်ခု ရှိနေသေး၍ လိုအပ်ပါက စစ်ရှောင်ရန်လည်း အသင့်ပြင်ထားရသည်ဟု ကံသစ်ရွာခံများက ဆိုသည်။

တွင်းမရွာမှ စစ်ကြောင်းသည် အနီးရှိ ထန်းတပင်ကျေးရွာသို့ ယနေ့ နံနက် ၄ နာရီအချိန်ခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက် ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းသတင်းများ ဖော်ပြနေသော နွေဦးတော်လှန်ရေး-မြိုင်မြို့ Facebook စာမျက်နှာက ထုတ်ပြန်ထားသည်။

မြိုင်မြို့နယ်တွင် ဧပြီလအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

၂၀၂၁ တွင် အာဏာသိမ်းသည့် စစ်တပ်က ကန့်ကွက်ဆန္ဒပြသူတို့ကို လမ်းပေါ်တွင် ပစ်သတ်ရာမှ နိုင်ငံအနှံ့တွင် လက်နက်ကိုင် တော်လှန်ခုခံနေကြသည်။

Show More

Related Articles

Back to top button