အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်​ကောင်စီကို ခုခံကာကွယ်ရန် မကွေးတိုင်းရှိ မြို့နယ်ထက်ဝက်ကျော် စုဖွဲ့ပြင်ဆင်

အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်မှုများကို ခုခံရန် မကွေးတိုင်းအတွင်းရှိ မြို့နယ်ထက်ဝက်ကျော်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စုဖွဲ့လိုက်ပြီး ကြိုတင်ပြင်ဆင်လျက်ရှိသည်ဟု သိရသည်။

မကွေးတိုင်းအတွင်းရှိ မြို့နယ် ၁၃ ခုမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို မဟာမိတ်အဖြစ် စုစည်း၍ မကွေးတိုင်းဒေသကြီးတပ်မတော် (MDA) အဖြစ် ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ (ဇူလိုင် ၂၄) တွင် ထုတ်ပြန်ကြေညာခဲ့သည်။

“ပြင်ဆင်မှုတွေဆောင်ရွက်နေတာပေါ့။ ဘယ်လိုတွေဖွဲ့ထားတယ်၊ ဘယ်မှာလုပ်တယ်ဆိုတာကတော့ လုံခြုံရေးအရ မပြောဘူးပေါ့။ အဓိကတော့ အခြားအခြားသော တိုင်းနဲ့ပြည်နယ်တွေမှာ လုပ်သလို ပြင်ဆင်မှုတွေ ကြိုတင်ပြီးတော့ ဖွဲ့စည်းထားတဲ့ အနေအထားတွေပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တာဝန်ရှိသူမှာ မကွေးတိုင်းအတွင်းရှိ မြို့နယ်တစ်ခုမှဖြစ်ပြီး၊ လုံခြုံရေးအရ ၎င်း၏အမည်ကိုမူ ဖော်ပြနိုင်ခြင်း မရှိပေ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် တိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို စုစည်းဖွဲ့စည်းခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

မကွေး၊ မင်းဘူး (စကု)၊ ရေနံချောင်း၊ နတ်မောက်၊ တောင်တွင်းကြီး၊ ချောက်၊ ဆင်ပေါင်ဝဲ၊ မင်းလှ၊ စလင်း၊ ငဖဲ၊ ပွင့်ဖြူ၊ မြို့သစ်နှင့် စေတုတ္တရာမြို့နယ်များမှ ဒေသခံ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များကို မဟာမိတ်ဖွဲ့လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပါပဲ။ ရှေ့ပြေးပေါ့။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုတာ ပြောက်ကျားအနေနဲ့ မြို့တွေမှာ ဒလန်ရှင်းတာတို့ ပြောက်ကျားတိုက်တာတို့ ဒါမျိုးတွေပဲလုပ်မှာပါ” ဟု မကွေးတိုင်းအတွင်းရှိ အခြားဒေသခံတစ်ဦးက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မကွေးတိုင်းဒေသကြီးတပ်မတော် (MDA) အဖြစ် မဟာမိတ်ဖွဲ့ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ တိုက်ပွဲဝင်သွားမည်ဟုလည်း ၎င်းတို့၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ 

စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့နှင့် ထိစပ်နေသည့် မကွေးတိုင်းအနောက်မြောက်ခြမ်းရှိ မြို့နယ်များတွင် စစ်ကောင်စီက လက်နက်ကိုင်ခုခံတော်လှန်မှုများ ရှိနေခဲ့ပြီးဖြစ်သည်။ 

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအနောက်ခြမ်းတွင် ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများတွင် မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှ PDF တပ်ဖွဲ့ဝင်များကလည်း ပါဝင်တိုက်ခိုက်ခဲ့သည်။

ပေါက်မြို့နယ်တောင်ပိုင်း ကြည့်ငိုတောင်ဒေသ၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်များကို ပေါက်တောင်ပိုင်းဒေသခံများ စုဖွဲ့ထားသည့် ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိနာခဲ့သည်။

“ပေါက်တို့၊ ဂန့်ဂေါတို့ကတော့ ချင်းတို့ ဘာတို့နဲ့ နီးစပ်တဲ့အခါကျတော့ သူတို့မှာ ထိုက်သင့်အားလျော်စွာ ဒေသသုံးတဲ့ တူမီးတို့ ဘာတို့ရှိတော့ သူတို့က ဒီလမ်းကြောင်းတွေမှာ ဆွဲမိုင်းတို့ ပစ်မိုင်းတို့ တူမီးတို့က ရှိတယ်။ တတ်နိုင်သလောက် ကြိုးစားပြီး ခုခံကာကွယ်နေကြတာ၊ တိုက်နေကြတာရှိတယ်” ဟု အထက်ပါ ဒေသခံကပင် ပြောသည်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပြည်သူများကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် ဒေသအသီးသီးမှ ပြည်သူများသည် PDF များဖွဲ့စည်းကာ စစ်ကောင်စီကို ရရာလက်နက်စွဲကိုင် တော်လှန်လျက်ရှိသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles