သတင်း

မြိုင်တွင် စကစလက်နက်ကြီးကြောင့် အရပ်သား ၅ ဦး သေ၊ ၉ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည်နေ့တွင် ကန်ရပ်ကြီးရွာ၊ ရွာဦးကျောင်းသို့ ရောက်နေကြသူများထဲသို့ စစ်ကောင်စီပစ်လိုက်သည့် လက်နက်ကြီးကျည်တစ်ခု ကျရောက်ခဲ့ရာ ကိုရင် ၂ ပါး ပျံတော်မူပြီး ရွာခံ ၈ ဦး ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကန်ရပ်ကြီးနှင့် ကင်းရွာတို့ကို ယမန်နေ့ (အောက်တိုဘာ ၂၉) မွန်းလွဲ ၁ နာရီခွဲခန့်တွင် လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် အနည်းဆုံး အရပ်သား ၅ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်များသည် ထိုကျေးရွာများအနီးရှိ ပျူစောထီးပြည်သူ့စစ် အားကောင်းရာ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံရွာ အခြေစိုက်စခန်းမှ လာသည်ဟု ဒေသခံများက ဆိုသည်။

တိုက်ခိုက်မှုကြောင့် ကင်းရွာမှ အရပ်သား ၃ ဦး သေ၊ ၁ ဦး ဒဏ်ရာရကာ ကန်ရပ်ကြီးရွာမှ ကိုရင် ၂ ပါး ပျံတော်မူပြီး ၈ ဦး ဒဏ်ရာရခဲ့သည်။

ကင်းရွာထဲသို့ ပစ်ခတ်ခဲ့သည့် စစ်ကောင်စီ၏ လက်နက်ကြီးကျည်သည် ရွာအနောက်ပိုင်းနေအိမ် မိသားစုထမင်းဝိုင်းအနီးသို့ ကျရောက်ခဲ့ရာ အသက် ၄၀ အရွယ် ဦးစိုးတင့်ဦး၊ အသက် ၄ နှစ်အရွယ် သူ၏သမီးငယ်တို့ သေဆုံးပြီး ဇနီးသည်မှာ ဒဏ်ရာရခဲ့ကြောင်း ကင်းရွာဒေသခံ အမျိုးသားက ပြောသည်။

ထိုမိသားစုတွင် ဖခင်သည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ သမီးငယ်မှာ ဆေးကုသမှုခံယူနေစဉ် ထိုနေ့ည ၁၀ နာရီခန့်တွင် သေဆုံးခဲ့ကာ၊ မိခင်ဖြစ်သူမှာ လက်နှင့် တင်ပါးတွင် ပြင်းထန်သည့် ဒဏ်ရာများကြောင့် လုံခြုံသည့်နေရာတစ်ခုတွင် ဆေးကုသမှုခံယူနေရကြောင်း ၎င်းက ဆိုသည်။

ပြင်းထန်သည့် ဒဏ်ရာများကြောင့် ၄ နှစ်သမီးသည် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ရသည်။ (ဓာတ်ပုံ – ပေးပို့)

ကင်းရွာထဲ လက်နက်ကြီးကျသည့် အထက်ပါ မိသားစု၏ အိမ်နီးချင်း အသက် ၆၀ အရွယ် ဒေါ်အေးဆင့်သည်လည်း ပေါက်ကွဲသံကြောင့် ထိတ်လန့်ကာ သေဆုံးသွားသည်ဟု ကင်းရွာဒေသခံက ပြောသည်။

“သက်သက်မဲ့ ရွာထဲကို လာပစ်သွားတာ”

ဒေသခံများက ပေးပို့သည့် ဓာတ်ပုံများတွင် သွပ်မိုးထရံကာ အိမ်ကလေးသည် လက်နက်ကြီးဒဏ်ကြောင့် ယိုင်နဲ့ပျက်စီးနေပြီး အနီးအနားတွင် သေဆုံးနေသည့် ဖခင်ဖြစ်သူ၏ ရုပ်အလောင်းကို တွေ့ရှိရသည်။

သေဆုံးသွားသည့် ၄ နှစ်အရွယ် ကလေးငယ်သည်လည်း လက်နှင့် ဒူးတို့တွင် လက်နက်ကြီးစ ထိမှန်ထားသည်ကို တွေ့ရသည်။ သွေးအလိမ်းလိမ်းဖြင့် မိခင်ဖြစ်သူသည် လူနာခုတင်ပေါ်တွင် ဆေးဝါးကုသမှုခံယူနေရသည်။

စစ်ကောင်စီ လက်နက်ကြီး ထိမှန်ခဲ့သည့် ကင်းရွာထဲမှ နေအိမ်။ (ဓာတ်ပုံ – ပေးပို့)

စစ်တပ်က ပစ်ခတ်ခဲ့သည့် ဒုတိယလက်နက်ကြီးကျည်သည် ကင်းရွာအနောက်တောင်ဘက် ၅ မိုင်ခန့်အကွာမှ ကန်ရပ်ကြီးရွာဘုန်းကြီးကျောင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ကိုရင် ၂ ပါး ပျံတော်မူပြီး သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့်အတွက် ဘုန်းတော်ကြီးကျောင်းသို့ ရောက်နေခဲ့သည့် ရွာခံ ၈ ဦးလည်း ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ကန်ရပ်ကြီးရွာခံများကို Myanmar Now အနေဖြင့် အသေးစိတ်အခြေအနေကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

မြိုင်နှင့် ပခုက္ကူမြို့ကြားရှိ၊ ပခုက္ကူနှင့် ၇ မိုင်ခန့် ကွာဝေးသည့် ကျေးရွာများရှိ အရပ်သားများကို တိုက်ခိုက်ခဲ့သည့် အထက်ပါ ဖြစ်စဉ်များအတွက် စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button