သတင်း

မြိုင်မြို့နယ်တွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရ၍ အနီးရှိ လူနေကျေးရွာကို လေတပ် ဗုံးကြဲ

တိုက်ပွဲဖြစ်နေသော နေရာမှ ထွက်ပြေးကြသော စစ်ရှောင်များ ခိုလှုံ ရောက်ရှိနေသည့် ကျေးရွာကို လေတပ်က ဗုံး ၂ ကြိမ် ကြဲချခဲ့ရာ ရွာအလယ်ကျရောက်ပေါက်ကွဲပြီး ၅ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့ကာ ၁၄ ဦး အပြင်းအထန်ဒဏ်ရာရခဲ့သည်။

မကွေးတိုင်း၊ ပခုက္ကူနှင့် မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာတစ်ရွာကို ယမန်နေ့ (ဇွန် ၄) တွင် စစ်ကောင်စီလေတပ်က နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးတစ်ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ပခုက္ကူမြို့အနောက်ဘက် ၁၃ မိုင်အကွာရှိ ကံမြင့်ကုန်းကျေးရွာကို လေယာဉ်က ဗုံးကြဲချခဲ့ရာ ရွာအလယ်ရှိ နေအိမ်များပေါ် ကျရောက်ပေါက်ကွဲသဖြင့် အသက် ၅ နှစ်ဝန်းကျင် ကလေးတစ်ဦး၊ အသက် ၆၀ ကျော် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးနှင့် သတ်လတ်ပိုင်း အမျိုးသမီး ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါရွာတွင် ဒေသကာကွယ်ရေးအဖွဲ့များ တပ်စွဲထားခြင်းမရှိဘဲ စစ်တပ်က ဗုံးကြဲခဲ့ခြင်းသာဖြစ်ပြီး နေအိမ်အများအပြား ပျက်စီး၍ ရုပ်အလောင်းများမှာ ဆိုးဆိုးရွားရွားဖြစ်သွားကြောင်း မျက်မြင်တွေ့ရှိသည့် မြိုင်ဒေသခံတစ်ဦးက ပြောသည်။

“အဆမတန်တဲ့ဗုံးသီးနဲ့ဆိုတော့ သူတို့နား (ဗုံး) ကျတာဆိုတော့ ရုပ်ပျက်ဆင်းပျက်ပဲ.. တစ်ချို့ဟာတွေက လူလို့ကို မသိရဘူး။ အဘွားတစ်ယောက်ပဲ နည်းနည်းသဲသဲကွဲကွဲသိရတာ ဟိုကလေးတွေက ကိုယ်လက်အင်္ဂါတွေ အပိုင်းပိုင်းပြတ်သွားတာ…  ဂေါ်နဲ့ကို ကျုံးယူရတယ်၊ ရုပ်ပျက်ဆင်းပျက်ပဲ” ဟု ဆိုသည်။

၁၄ ဦးဒဏ်ရာရသည့်အနက် ကလေး ၃ ဦးနှင့် လူကြီး ၂ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသည့် အထက်ပါဒေသခံက ပြောသည်။

သေဆုံးသွားသူ ၄ ဦး၏ ရုပ်အလောင်းများကို ထုပ်ပိုးထားစဉ်။ (ဓာတ်ပုံ-ပေးပို့)

ထိုနေ့က ကံမြင့်ကုန်းရွာတောင်ဘက် နှစ်မိုင်အကွာရှိ ပခုက္ကူ-ကမ္မကားလမ်းတစ်လျှောက်တွင် စစ်တပ်ယာဉ်တန်းကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်နေသဖြင့် ထိုနေရာမှ ဒေသခံအများအပြား စည်ကံမြင့်ကုန်းကျေးရွာသို့ လာရောက်တိမ်းရှောင်ခဲ့ကြသည်။

ထိုအချိန် စစ်ရှောင်များရောက်နေသည့် အဆိုပါရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပခုက္ကူမြို့အခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်မှ ကံမ္မမြို့သို့ ဦးတည်ထွက်လာသည့် ရိက္ခာကား ၁၇ စီးနှင့် လုံခြုံရေးယူထားသည့် စစ်သား ၁၅၀ ခန့်ကို ပခုက္ကူ၊ မြိုင်၊ ပေါက် အစရှိသည့် မြို့နယ်များမှ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ထိုနေ့ နံနက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်မှ တိုက်ပွဲအတွင်း ထိခိုက်မှုများပြားပြီးနောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အမှတ် (၂) တပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“(စစ်ကောင်စီစစ်ကြောင်းက) ​ဒဏ်ရာရတဲ့သူတွေများတယ်၊ သေဆုံးတဲ့သူတွေရှိတယ်၊ အဲယာဉ်တန်း ရှေ့ဆက်မတိုးနိုင်တော့ အဲပတ်ဝန်းကျင်ကရွာတွေ Air Strike (လေကြောင်းတိုက်ခိုက်မှု) လုပ်တာပေါ့” ဟု ဆိုသည်။

စစ်ကောင်စီရိက္ခာကားတချို့သည် ယမန်နေ့ ညနေက ကမ္မမြို့တွင်းသို့ ဝင်ရောက်သွားသော်လည်း တချို့ကားများမှာ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ပခုက္ကူ-ကမ္မကားလမ်းလမ်းမတစ်လျှောက် ကျန်ရှိနေသေးကြောင်း သိရသည်။

ယမန်နေ့တစ်ရက်တည်းမှာပင်း နယ်မြေချင်းထိစပ်နေသည့် ပေါက်မြို့နယ်၊ ခင်ရှည် (တောင်) ရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ကျေးလက်ဆေးပေးခန်း အဆောင်နှစ်ခုနှင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မင်းကင်းမြို့နယ်၊ မတောရွာမှ မင်္ဂလာဆောင်တစ်ခုကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ၆ ဦးအပါအဝင် ဒေသခံ ၂၈ ဦးအထိ သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button