ဆောင်းပါး

ကိုဗစ်တတိယလှိုင်းထဲမှ ကိုယ်ဝန်ဆောင်တို့၏ဘဝ

ရန်ကုန်၊ လှိုင်မြို့နယ်မှ ၃၃နှစ်အရွယ် မချစ်စုဖြိုးသည် ကိုယ်ဝန် ၈ လ ကျော်လာချိန်တွင် စတင်ဖျားနာလာသည်။

အစိုးရဒေသန္တရကျန်းမာရေးဆေးခန်းက ပေးသော ဆေးရုံတင်ရန် လွှဲစာကို ကိုင်ပြီး ၁၀ ရက်အတွင်း ပရဟိတကားဖြင့် တစ်ဖုံ၊ အငှားယာဉ်ဖြင့်တစ်လှည့် ရန်ကုန်မြို့အနှံ့ သွားရောက်ခဲ့သော်လည်း ဆေးရုံဝင်း ဝင်ပေါက်များမှသာ လှည့်ပြန်ခဲ့ရသည်ဟု  ၃၄ နှစ်အရွယ် ခင်ပွန်းသည် ကိုရန်နိုင်စိုးက ပြောသည်။

“လွှဲစာပါလျက်နဲ့တောင် ဘယ်မှ လက်မခံတဲ့ ဘဝက အဆိုးဆုံးပါ။ ဆရာဝန်တွေနဲ့ တွေ့ခွင့်မရရှိဘူး။ (ဂိတ်ပေါက်ဝ) အပြင်နဲ့ချည်းပဲ ပြီးပြီးသွားတယ်” ဟု ဆေးရုံ ၈ ရုံသို့ ချဉ်းကပ်ခဲ့သည့် ၎င်းက ပြောသည်။ 

ဇူလိုင် ၁၈ တွင် ကိုယ်ဝန်ဆောင် ကိုဗစ်သံသယလူနာများကို ဗဟိုအမျိုးသမီးဆေးရုံက လက်ခံပြီဟု သတင်းကြား၍ သွားရာတွင် သတင်းမှားဖြစ်နေ၍ ပြန်လှည့်ခဲ့ရသည်။ မချစ်စုဖြိုး၏ ကိုယ်တွင်းအောက်စီဂျင်ပမာဏ ၆၀ မှ ၃၁ ထိ ထိုးကျကာ အသက်ရှူကျပ်လာပြီး သုံးနေသော အိုးမှာလည်း အိမ်အပြန်လမ်းတွင် အောက်စီဂျင်ကုန်ခန်းသွားသည်။

“အိမ်ရှေ့ထိတော့ ရောက်ပါသေးတယ်။ (အောက်စီဂျင်) ၄၀ လီတာအလုံး ပြေးထမ်းနေတာ၊ မမီတော့ဘူး။ ကျွန်တော် အရမ်းလည်း ဝမ်းနည်းတယ်။ အဲဒီကလေးလေး ရချင်လို့ ကျွန်တော့်မှာ ဟိုဆုတောင်း၊ ဒီဆုတောင်းနဲ့ ကလေးလေးရပါစေလို့ ဆုတောင်းထားတာ” ဟု ကိုရန်နိုင်စိုးက ပြောသည်။

အာဏာသိမ်းပြီးနောက် ဖြစ်ပွားသည့် ကိုဗစ်တတိယလှိုင်းကာလတွင် ဗိုက်ထဲမှ ကလေးကိုပါ ဂရုစိုက်နေရသည့် ကိုယ်ဝန်ဆောင်တို့ အခက်အခဲကြီးမားပုံကို မချစ်စုဖြိုးက အသက်နှင့်ရင်း၍ သက်သေပြသွားသည်။

ကိုဗစ်တတိယလှိုင်းကာလ ရန်ကုန်ဆေးရုံများ

ကိုယ်ဝန် ၄ လ ရှိလာစဉ် ဆရာဝန်စမ်းသပ်သော်လည်း မိန်းကလေး၊ ယောက်ျားလေး၊ အမြွှာမသဲကွဲခဲ့ပေ၊ ကိုယ်ဝန်ရင့်လာချိန်တွင်လည်း ဆရာဝန်နှင့် ထပ်တွေ့ရန် အခြေအနေမပေးခဲ့ပေ။  

ကိုရန်နိုင်စိုးတို့ လင်မယားသည် လူဦးရေ ၇ သန်း ဝန်းကျင်ရှိသော၊ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်တွင် ရန်ကုန်ဆေးရုံကြီး၊ ဖောင်ကြီး ကိုဗစ်ကုသရေးစင်တာနှင့် သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပ၊ အင်းစိန်မြို့နယ်ဆေးရုံများကို  သွားရောက်ရာ လူနာပြည့်နေသည်ဟူသော အဖြေသာ ရခဲ့ပြီး လှည့်ပြန်ရသည်။

တောင်ဥက္ကလာပ မိခင်နှင့် ကလေးစောင့်ရှောက်ရေးဆေးရုံက ဝန်ထမ်းအင်အားနည်းသည်ဟုဆိုကာ လက်ခံရန် ငြင်းဆန်သလို အင်းစိန်မြို့နယ်ရှိ ကောင်းပုဂ္ဂလိကဆေးရုံကလည်း အောက်စီဂျင်လုံလောက်စွာမရှိကြောင်းပြော၍ ပြန်လွှတ်ခဲ့သည်ဟု ကိုရန်နိုင်စိုးက ဆက်ပြောသည်။

မချစ်စုဖြိုးကို ဇူလိုင် ၁၈ရက်က ဆေးရုံသို့ ပို့ဆောင်စဉ် (ဓာတ်ပုံ- ပေးပို့) 

မျက်နှာပင်မမြင်လိုက်ရသော ၎င်းတို့၏ ရင်သွေးကို လွယ်ထားရသည့် မချစ်စုဖြိုး၏ ရုပ်အလောင်းကို ထိန်ပင်သုသာန် ရေခဲတိုက်သို့ ပို့ဆောင်ကာ နောက်တစ်ရက်တွင် မီးသင်္ဂြိုဟ်ခဲ့သည်။

ဇူလိုင် ၁၆၊ ကွယ်လွန်သည့်နေ့ ဇူလိုင် ၁၈ တို့တွင် မော်တော်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့သည့် လှိုင်မြို့နယ်မှ အခြေစိုက် စိမ့်အေးစေပရဟိတအသင်းကလည်း မချစ်စုဖြိုးကွယ်လွန်ပြီး နောက်တစ်ရက်တွင် ၎င်းတို့၏ Facebook စာမျက်နှာ၌ ဝမ်းနည်းမှတ်တမ်းတစ်စောင် ထုတ်ပြန်သည်။

ကျန်းမာရေးလုပ်အားပေးတစ်ဦးက ရှေးဦးအသက်ကယ်ပြုစုနည်းဖြင့် ကူညီနေစဉ်မှာပင်” မိခင်ဝမ်းတွင်းမှာ အမြွှာကလေး ၂ ယောက်မှာ ကန်ကျောက် လှုပ်ရှား ရုန်းကန်ခဲ့ရှာပါသည်။ အလျင်အမြန် တာဝန်ယူခွဲစိပ်ပေးမည့် ဆရာဝန်မရှိခြင်း၊ လက်ခံကုသပေးနိုင်မည့်​ ဆေးရုံမရှိခြင်းတို့ကြောင့် မိခင်ရော၊ ကလေးတွေပါ ဆုံးရှုံးခဲ့ရပါသည်” ဟု ထိုမှတ်တမ်းတွင် ရေးထားသည်။

မိသားစု၏ အပူကလည်း စိမ့်အေးစေအသင်းမှ ၂၃ နှစ်အရွယ် ကိုမင်းရဲထင်ကို ကူးစက်သွားသည်။ 

“ငါတို့ကယ်လို့ မရတော့ဘူး…ပရဟိတလုပ်ချင်စိတ်လည်း မရှိတော့ဘူး။ ဝင်လာမယ့် ဖုန်းတွေကိုလည်း လက်ခံပြီး မပြောချင်တော့ဘူး”ဟု ကိုမင်းရဲထင်က ၎င်း၏ Facebook တွင် ရေးသည်။ 

“ကျွန်တော်ဖြစ်စေချင်တာလေး တစ်ခုတော့ရှိတယ်ဗျာ၊ နောက်ဆုံး ကိုယ်က ဒီဆေးရုံမှာ လက်ခံလို့ အခြေအနေမရရင်တောင်မှ လူနာရှိတဲ့ နေရာတော့ ထွက်လာပြီးတော့ အခြေအနေလေးတစ်ခုတော့ ကြည့်ပေးသင့်တယ်လို့ မြင်တယ်”ဟု ၎င်းက Myanmar Now ကို ပြောသည်။ 

ကူးစက်မှုပိုမိုမြန်ဆန်ပြီး လူနာအရေအတွက် အဆမတန်များပြားလာသည့် တတိယလှိုင်းသည် အောက်စီဂျင်မလုံလောက်ခြင်း၊ အာဏာသိမ်းစစ်ကောင်စီကို ဝန်ထမ်းတို့ သပိတ်မှောက် အန်တုထားသဖြင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ကမောက်ကမဖြစ်နေခြင်း စသည့် ဖြစ်ရပ်များနှင့် တိုက်ဆိုင်နေသည်။

ရန်ကုန်တွင် ဇူလိုင် ၁ ရက်နေ့က အလောင်း ၁၅၃ လောင်း မီးသင်္ဂြိုဟ်ခဲ့ရာမှ  ဇူလိုင် ၁၉ တွင် ၁၂၃၄ လောင်း မီးသင်္ဂြိုဟ်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်၊ ပြောဆိုချက်များအရ သိရသည်။ ထိုအထဲတွင် ကိုယ်ဝန်ဆောင် မည်မျှပါဝင်သည်ကို မသိရပေ။

ရန်ကုန်၊ လှိုင်မြို့နယ်ရှိ မချစ်စုဖြိုး၏ နေအိမ်ရှေ့တွင် ဇူလိုင် ၁၈ရက်က အရေးပေါ်ကုသမှု ဆောင်ရွက်နေကြစဉ် (ဓာတ်ပုံ – ပေးပို့)

အရေးပေါ်လူနာ

ရန်ကုန်တွင် ဇူလိုင် ၁၈ မှ ၂၆ အထိ ကိုးရက်အတွင်း ဆေးရုံတက်ခွင့်မရဘဲ သေဆုံးသည့် ကိုယ်ဝန်ဆောင်အရေအတွက် ၃ ဦး အနည်းဆုံးရှိကြောင်း မိသားစုများ၊ ကူညီရေးအသင်းများကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာမှ သိရှိရသည်။  

ဇူလိုင် ၂၆ တွင် ရန်ကုန်၊ ထန်းတပင်မြို့နယ် ရခိုင်ရိုးလေးရွာမှ ၂၄ နှစ်အရွယ် မအေးသဇင်မှာ ကိုယ်ဝန်ဆိပ်တက်သည်ဟု ထန်းတပင်တိုက်နယ်ဆေးရုံရှိ ဆရာဝန်တစ်ဦးက မှတ်ချက်ပြုပြီး ရန်ကုန်ရှိ ဆေးရုံကြီးတစ်ခုသို့ သွားခိုင်းခဲ့သည်။

ကိုယ်ဝန် ၇လ ရှိသော မအေးသဇင် ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားနေသည်ဟု သံသယဖြစ်ကြခြင်း၊ သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်မရှိခြင်း စသည့် အကြောင်းပြချက်များဖြင့် ဆေးရုံများက ဝင်ခွင့်မပေးခဲ့သော်လည်း လက်မလျှော့လိုသော တစ်ကိုယ်တော်ပရဟိတသမား ကိုကျော်ဇင်ကို ဦးဆောင်ပြီး ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ ဆက်လက်ချီတက်ကြသည်။

“ပိတ်တော့မယ်တဲ့ လူနာလက်မခံနိုင်ဘူးတဲ့၊ ဆရာဝန်တွေလည်းမရှိဘူးတဲ့ ကောင်တာက ဆရာမက ပြောတာ။ မဖြစ်မနေတင်ချင်ရင် ဆေးရုံအုပ်ကြီးကို သွားပြောပါဆိုလို့ သွားပြောတော့ ဆေးရုံအုပ်ကြီးက လူကြီးတွေနဲ့ ဗီဒီယိုကော အစည်းအဝေးထိုင်နေလို့ တွေ့လို့ မရဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

ညနေ ၄ နာရီခွဲတွင် ဆေးရုံဝင်းရှိ ကားရပ်နားသည့် နေရာတွင် မအေးသဇင် သတိလစ်ပြီး သေဆုံးသွားသည်။ ရွာသို့ ရောက်လျှင် ရုပ်အလောင်းကို သုသာန်သို့ တန်းသယ်ကာ လူကြီးနှင့် ဗိုက်ထဲက ကလေးတို့အတွက် သင်္ဂြိုဟ်စရိတ် တစ်သိန်းကိုးသောင်းဖြင့် နေ့ချင်းပြီး မြေမြှုပ်လိုက်ရသည်။ 

ဝေဒနာခံစားနေရသော ကိုယ်ဝန်ဆောင် မအေးသဇင်

ကိုယ်ဝန်ဆောင်တို့အတွက် မရေရာမှုများ

၂၀၁၄ သန်းခေါင်စာရင်းမှတ်တမ်းအရ မြန်မာနိုင်ငံတွင် နေ့စဉ် ကလေးဦးရေ ၂၀၀၀ ဝန်းကျင် မွေးဖွားနေရာ စစ်အာဏာသိမ်းပြီးနောက် ကိုဗစ်တတိယလှိုင်း ပြင်းထန်စွာရိုက်ခတ်ချိန် လူနေထူထပ်သည့် ရန်ကုန်မြို့တွင် ဇူလိုင်လဆန်းမှစ၍ ရှင်ရေး၊ သေရေး ဒုက္ခမျိုးစုံကြုံတွေ့နေကြရသည်။ 

လာမည့်လအတွင်း မွေးမည်ဟု ဆရာဝန်က ခန့်မှန်းထားသည့် ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နေ ၃၂ နှစ်အရွယ် မခင်လေး၏ စိုးရိမ်သောကသည်လည်း ကိုယ်ဝန်ဆောင်တို့ ရင်ဆိုင်နေရသည့် အခြေအနေကို မီးမောင်းထိုးပြနေသည်။ 

မည်သည့်ဆေးရုံ၊ ဆေးခန်းသို့ ကြိုတင်စာရင်းပေးရမည်ကို ဖုန်းဖြင့်သာ အဆက်အသွယ်လုပ်နေရသည့် သားဖွားမီးယပ်ဆရာဝန်က မညွှန်ကြားသေးသလို မခင်လေးကို မည်သည့်ဆေးရုံက လက်ခံမည်မှန်း မသိရသေးပေ။  

“တခြား သေရေးရှင်ရေးလူနာတွေရှိပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေဆိုတာလည်း မဖြစ်မနေ မမွေးလို့မရတဲ့ အခြေအနေဆိုတော့ ဖြစ်ရင်လည်း ဆေးရုံဆရာဝန်များက ထည့်စဉ်းစားပေးစေလိုပါတယ်” ဟု ၎င်းက ပြောသည်။

ကိုယ်ဝန်ဆောင်များနှင့် ပတ်သက်၍ ရန်ကုန်ရှိ ပုဂ္ဂလိကဆေးရုံ ၅ ရုံကို Myanmar Now က ဆက်သွယ်မေးမြန်းရာ “အာယု” ဆေးရုံကသာ ပြန်လည်ဖြေကြားသည်။ ကိုဗစ်နိုင်တင်းကပ်ရောဂါဖြစ်ပွားနေသည့် မည်သူ့ကိုမဆို လက်ခံကုသပေးခြင်းမရှိကြောင်း ထိုဆေးရုံမှ ဒေါက်တာဝါဝါဝင်းမြင့်က ပြောသည်။

ကိုယ်ဝန်ဆောင်ကိုဗစ်လူနာများ ကုသရန်၊ မွေးဖွားရန် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနထံမှ မည်သို့ လမ်းညွှန်ချက်များရှိသည်ကို မေးမြန်းသည့်အခါတွင်မူ “အစိုးရဆေးရုံတွေကို သွားရမှာပါ”ဟု ၎င်းက ပြောသည်။

ရန်ကုန်၊ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ ဆက်သွယ်ရာတွင် ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသီတာဝင်းက သတင်းဌာနသို့ ဖြေကြားရန် တာဝန်မရှိဟုဆိုကာ မှတ်ချက်ပေးရန် ငြင်းဆန်သည်။ စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်များနှင့်မူ Myanmar Nowက ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

အောက်စီဂျင်ရရှိရန် တန်းစီနေသည်ကို မန္တလေးမြို့တွင် ဇူလိုင် ၁၃ က တွေ့မြင်ရစဉ်။

အိမ်တွင်သာ ကုသမှုခံယူရေး

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသဖြင့် လုံခြုံရေးအရ အမည်ထုတ်ဖော်မပြောလိုသူ ရန်ကုန်အခြေစိုက် လုပ်သက် ၇ နှစ်ရှိ သားဖွားမီးယပ်ဆရာဝန်တစ်ဦးကမူ ကိုဗစ်နိုင်တင်းရောဂါ ပြင်းထန်ဆိုးရွားသည့် ကိုယ်ဝန်ဆောင်ကို ကုသမှုပေးရန်ခက်ကြောင်း မှတ်ချက်ပြုသည်။

“အဆုတ်နဲ့ ပတ်သက်ပြီး ပြဿနာတွေ ပေးလာတယ်။ အသက်ကယ်မှုတွေလုပ်တယ်ဆိုရင် ကိုယ်ဝန်ရှိနေရင် အဆင်မပြေဘူး” ဟု ၎င်းက ပြောသည်။

အရပ်သားအစိုးရလက်ထက် ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းတို့နှင့် ရင်ဆိုင်ရစဉ် ကိုယ်ဝန်ဆောင်တို့သည် ကုသရေးစင်တာများသို့ သွားရန် အခွင့်အလမ်းရှိခဲ့ကြသည်။ 

စစ်ကောင်စီ စီမံခန့်ခွဲသည့်ကာလတွင် ကိုယ်ဝန်ဆောင်တို့မှာ အစိုးရဆေးရုံများ၌ပင် ကုသခွင့်ရရန် မသေချာသော်လည်း စိတ်ဓာတ်ကျမနေသင့်ကြောင်း၊ ကိုဗစ်လက္ခဏာရှိလျှင်၊ ဖျားနာနေလျှင် ကုသနိုင်မည့် ဆေးရုံကို အချိန်ကုန်၊ လူပန်း လိုက်မရှာဘဲ နေအိမ်၌သာ ကုသမှုခံယူနိုင်ရန် စီစဉ်သင့်ကြောင်း ၎င်းက အကြံပြုသည်။

လက်ရှိအချိန်တွင် အရာရာထက် အရေးအကြီးဆုံးမှာ မွေးဖွားမည့်အချိန်၌ အစိုးရနှင့် ပုဂ္ဂလိကဆေးရုံများသို့ ချက်ချင်းသွားနိုင်ရေး အဆင်သင့်ဖြစ်စေရန် သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဆေးပေးခန်းများ၌ ဆေးရုံလွှဲစာ ကြိုတင်ရယူထားသင့်ကြောင်း သားဖွား၊ မီးယပ် ဆရာဝန်လည်းဖြစ်သူ ၎င်းက ထောက်ပြသည်။

အကြောင်းမှာ မွေးရက်ပြည့်နေပြီး အရေးပေါ်ဗိုက်နာသည့် ကိုယ်ဝန်ဆောင်များကို ဆေးရုံများက ငြင်းဆန်ရန် ခက်မည်ဖြစ်သလို၊ ငြင်းဆန်လေ့မရှိသဖြင့် အဆိုပါ အခွင့်အရေးကို အမိအရယူနိုင်ရန်လိုကြောင်း အထက်ပါ CDM ဆရာဝန်က ပြောသည်။

“မတတ်နိုင်ဘူးလေ သွားလို့မှ မရဘဲ။ ရန်ကုန်မြို့ပတ်နေလည်း သူမောတာပဲ အဖတ်တင်မှာ။ သူ့ကို ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ သူ မပြောနဲ့၊  ဆရာဝန်အဖေအမေတောင် လက်မခံတာ။ ဗိုက်ကြီးသည် ရန်ကုန်ပတ်နေလည်း သူ့ကို ဘယ်ဆေးရုံမှ တင်ပေးမယ်လို့ ကျွန်တော်ကတော့ မထင်ဘူး” ဟု ထိုဆရာဝန်က ပြောလိုက်သည်။ 

Show More

Related Articles

Back to top button