ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ၊ ပင်းတယမြို့တွင် စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ခေါ်ဆောင် စစ်ဆေးခဲ့သည့် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ပျက်ကျခဲ့ကြောင်း ဒေသအခြေစိုက်အဖွဲ့အစည်းများနှင့် ဒေသခံများထံမှ သိရသည်။
စက်တင်ဘာ ၂၉ ရက် နေ့လယ်က ဆင်ခေါင်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ကိုဝင်းကျော် ဆိုသူကို သွားရောက်ရှာဖွေသည့် စစ်ကောင်စီတပ်က ထိုသူ၏ ဇနီးသည် ကိုယ်ဝန် ၃ လ လွယ်ထားရသော အသက် ၃၀ ဝန်းကျင်အရွယ် မပိုးပိုး (ခ) မပိုးဥကို ဖမ်းခေါ်သွားသည်။
ထို့နောက် ရွာငံမြို့နယ်ရဲစခန်းတွင် ချုပ်နှောင် စစ်ဆေးခံရပြီး နောက်တစ်နေ့တွင် ပြန်လွတ်လာသော်လည်း ကိုယ်ဝန်ပျက်ကျခဲ့သောကြောင့် ပင်းတယဆေးရုံတွင် အရေးပေါ် ကုသမှု ခံယူခဲ့ရသည်ဟု “ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်” ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော ယိင်းလျန်းဟန်က ပြောသည်။
“ပြန်လွတ်လာချိန်မှာ ကိုယ်ဝန်ဆောင်က သွေးဆင်းနေပြီး ပင်းတယကို ပြန်ပို့လိုက်တယ်။ အဲဒီချိန်မှာ ကိုယ်ဝန်က ပျက်ကျနေပြီ….ဆေးရုံရောက်သွားတဲ့အချိန်မှာ။ သူ့အမျိုးသားကို မရလို့ သူ့ကို ဖမ်းသွားတယ်လို့ ကျွန်မတို့ သိရတယ်” ဟု Myanmar Now ကို ယမန်နေ့က ပြောသည်။
အမျိုးသားမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ဟု ယူဆ၍ လာရောက်ဖမ်းဆီးသည်ဟု ကြားသိရကြောင်း၊ မပိုးပိုး၏ နောက်ဆက်တွဲအခြေအနေအသေးစိတ် သိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ထိုအမျိုးသမီးက ဆက်ပြောသည်။
ရွာငံမြို့တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ မပိုးပိုးတို့၏ ပဲရင်းတောင်ရွာသည် ၂၀၂၂ မတ်လအတွင်းက စီးနင်းခံရသောကြောင့် ရွာလုံးကျွတ်နီးပါး တိမ်းရှောင်ခဲ့ကြရကာ မပိုးပိုးတို့သည်လည်း ယင်းကာလမှ စတင်၍ ပင်းတယမြို့ပေါ် ရောက်လာခြင်းဖြစ်သည်။
မတ်လလယ်ခန့်မှစ၍ ရွာငံမြို့နယ်အတွင်းရှိ နွားဘန်းကြီး၊ ပဲရင်းတောင် စသည့် ရွာအချို့ကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက ဝင်ရောက်စီးနင်းခဲ့ပြီး ပဲရင်းတောင်ရွာတွင် အခြေစိုက်တပ်စွဲလိုက်ကာ ရွာသား ၉ ဦးကို သတ်ဖြတ်ခဲ့သည်။
ကိုယ်ဝန်ပျက်ကျခဲ့သူနှင့် နီးစပ်သူ ဒေသခံတစ်ဦးကလည်း ၎င်းတို့မိသားစု တိမ်းရှောင်နေရကြောင်း ပြောသည်။
“ပဲရင်းတောင်ရွာသား ကိုဝင်းကျော်ကို လာဖမ်းတာ သူက ထွက်ပြေးသွားတယ်။ သူ မရှိလို့ သူ့မိန်းမ မပိုးဥကို ဖမ်းခေါ်သွားတယ်။ ရွာငံစခန်းရောက်တော့ စစ်ကြောရေးမှာ အခြားသူတွေကို နှိပ်စက်စစ်ဆေးတာတွေ မြင်ပြီး လန့်ပြီး ကိုယ်ဝန်ပျက်ကျတာလို့ သိရတယ်။ သူ့မှာ နှလုံးရောဂါရှိတယ်လို့ သိရတယ်ဗျ” ဟု ထိုအမျိုးသားက ဆိုသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင် အမျိုးသမီးနှင့် အဆက်အသွယ်ရနိုင်ရန် Myanmar Now က ကြိုးပမ်းနေဆဲ ဖြစ်သည်။
၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်၌ ဒေသခံတော်လှန်ရေးအဖွဲ့တချို့ လှုပ်ရှားလာကြပြီးနောက် ယင်းနှစ် မတ်လလယ်မှစ၍ စစ်ကောင်စီက အင်အားသုံးရှင်းလင်းရန် ကြိုးပမ်းရာတွင် ရွာတချို့ မီးရှို့စီးနင်းခံရခြင်း ဖြစ်သည်။
ထိုစဉ်က ဒေသအတွင်း ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)၊ ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG)၊ ရှမ်းအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (SNDF)၊ တောင်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) တို့ လှုပ်ရှားခဲ့ကြသည်။
စစ်ကောင်စီ လက်အောက်ခံ ဦးအောင်ခမ်းထီ ဦးဆောင်သော ပအို့ဝ်လက်နက်ကိုင်အဖွဲ့ (PNO) က ပြည်သူ့စစ်များ ဖွဲ့စည်း၍ ဒေသတွင်း နေရာယူနိုင်ရန် ကြိုးပမ်းနေသည်။
ထိုစဉ်က ရှမ်းတောင်အခြေစိုက်တော်လှန်ရေးအဖွဲ့များ၏ စခန်းများစီးနင်းခံရခြင်း၊ လက်နက်များ သိမ်းဆည်းခံရခြင်းများရှိလာသလို တော်လှန်ရေးအဖွဲ့ဝင်များ အများအပြား ဖမ်းဆီးခံထားရသည်။ ယနေ့အထိ ရွာငံမြို့ပြပြောက်ကျား (YUG) အဖွဲ့မှ သေဆုံးသူနှင့် ဖမ်းဆီးခံရသူ အဖွဲ့ဝင် ၂၀ ဦးထက်မနည်း ရှိခဲ့ပြီး စခန်းပါ စီးနင်းခံခဲ့ရသည်။
ယခုအခါ တော်လှန်ရေးအစက လှုပ်ရှားခဲ့သော ဒေသခံအဖွဲ့များ ပူးပေါင်းကာ ရွာငံမြို့နယ်အတွင်း မှော်ဘုရင်စစ်ကြောင်း အမည်ဖြင့် လှုပ်ရှားနေပြီး ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ကလည်း အခြေစိုက်လှုပ်ရှားနေသည်။
ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့များကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ရင်းများအဖြစ် အမှတ် (၁၀၀၁) မှ (၁၀၀၉) အထိ ဖွဲ့စည်းကာ ရှမ်း-ကယားနယ်စပ်တွင် အခြေစိုက်၍ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေကြသည်။
ယခုနှစ် ဩဂုတ် ၂၄ ရက်က ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာတွင် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး စစ်တပ်က တပ်စွဲထားပြီး ရွာဝန်းကျင် စစ်ကြောင်းထိုးနေကာ ဒေသခံများကိုလည်း တောင်ယာစိုက်ခင်းများတွင် သွားရောက်စိုက်ပျိုးခွင့် ပိတ်ပင်ထားကြောင်း ယခင်လလယ်က ဒေသတွင်းသတင်းများ၌ ဖော်ပြထားကြသည်။