သတင်း

ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် တော်လှန်ရေးစခန်းတစ်ခု စီးနင်းခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ ရွာငံမြို့နယ်တွင် လှုပ်ရှားသည့် ရွာငံမြို့ပြပြောက်ကျား (YUG) အဖွဲ့က ဒီဇင်ဘာ ၁၃ တွင် ၎င်းတို့၏ စခန်းတစ်ခု စီးနင်းခံရပြီး လက်နက်၊ ခဲယမ်းအချို့ ဆုံးရှုံးခဲ့ရသည်ဟု ပြောသည်။

စစ်ကောင်စီတပ်က ၎င်းတို့ ဖမ်းမိထားသည့် ထောက်ပို့အဖွဲ့ဝင်တစ်ဦးကို အသုံးချကာ ထိုနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ၎င်းတို့၏ရဲဘော်တစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့သည်၊ ညနေ ၄ နာရီခွဲခန့်တွင် မြို့အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ နွားဘန်းကြီးကျေးရွာအနီး တောထဲတွင်ရှိသည့် YUG စခန်းကို အင်အား ၅၀ ခန့်က ဝင်ရောက်စီးနင်းခဲ့သည်ဟု အဆိုပါအဖွဲ့၏ ဒုတာဝန်ခံက ပြောသည်။

“ဖမ်းမိသွားတဲ့ သတင်းကို ကြားကြားချင်းပဲ ကျွန်တော်တို့က စခန်းလုံခြုံမှုမရှိတော့ဘူးဆိုပြီး စွန့်ခွာလိုက်တာ၊ ၄ နာရီ ခွဲဝန်းကျင်လောက်မှာပဲ စစ်တပ်က ကျွန်တော်တို့ စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ပြီး ဝင်သိမ်းလိုက်တာဗျ” ဟု အထက်ပါ ဒုတာဝန်ခံအမျိုးသားက ပြောသည်။

အဖွဲ့ဝင်များ ဆုတ်ခွာရာ လမ်းကြောင်းဖြစ်သည့် စခန်းအနောက်ဘက် တောထဲသို့လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်လက် ပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။

ရွာငံမြို့နယ်နယ်နိမိတ်မှ ထွက်ခွာနိုင်ရန် မဟာမိတ်တော်လှန်ရေးအဖွဲ့တစ်ခု၏ အကူအညီရယူခဲ့သည်ဟု ဆိုသည်။

ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) နှင့် တောင်ကြီးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ပူးပေါင်းတပ်ဖွဲ့ အခြေခံစစ်သင်တန်းအား မတ် ၂၁ က တွေ့ရစဉ်။ (ဓာတ်ပုံ-YUG)

သို့သော် စခန်းစီးနင်းပြီး နောက်ရက်များတွင်လည်း စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် ရွာငံမြို့နယ် အနောက်ဘက်တောများထဲတွင် တောနင်းပြီး YUG  အဖွဲ့ဝင်များကို ဆက်လက်ရှာဖွေနေသည်ဟု သိရကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

တော်လှန်ရေးခေါင်းထောင်လာသည့် ရှမ်းတောင်ဓနုဒေသကို ယခုနှစ် မတ်လမှစတင်၍ စစ်တပ်က အင်အားအများအပြား အသုံးပြုကာ နှိမ်နင်းလာမှုကြောင့် ရှမ်းတောင်အခြေစိုက်တော်လှန်ရေးအဖွဲ့များ၏ စခန်းများစီးနင်းခံရခြင်း၊ လက်နက်များ ဖမ်းဆီးခံရခြင်းများရှိလာသလို တော်လှန်ရေးအဖွဲ့ဝင်များ အများအပြား ဖမ်းဆီးခံထားရသည်။

ယနေ့အထိ ရွာငံမြို့ပြပြောက်ကျားအဖွဲ့မှ ကျဆုံးသူနှင့် ဖမ်းဆီးခံရသူ အဖွဲ့ဝင် ၂၀ ဦးထက်မနည်း ရှိခဲ့ပြီး စခန်းပါ စီးနင်းခံခဲ့ရသော်လည်း တော်လှန်ရေးကို အဆုံးသတ်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဟု အထက်ပါ ဒုတာဝန်ခံ က ပြောသည်။

“အခုကတော့ ပြန်လည်ထူထောင်ရေးကို အလေးပေးပြီး ပြန်လုပ်ရမယ်၊ အခုနောက်ပိုင်းက လူထုအထောက်အပံ့တွေက အားနည်းလာလို့ ပြည်သူလူထုရဲ့ အထောက်အပံ့ကိုလည်း အရမ်းမျှော်လင့်မိတယ်ဗျ” ဟု ၎င်းက ပြောသည်။

ယခုနှစ် ဩဂုတ် ၁၅ က ညောင်ရွှေမြို့၊ မြို့မရန်ကုန်ဘုန်းကြီးကျောင်းကို ရဲများက ရှောင်တခင် ဧည့်စာရင်းဝင်စစ်ရာ ရွာငံမြို့ပြပြောက်ကျားအဖွဲ့ (YUG) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုကျော်ခန့်နှင့် မဟာမိတ်အဖွဲ့ဖြစ်သော တောင်ကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ (TPDF) ခေါင်းဆောင် ကိုမြတ်မင်းတို့ ဖမ်းဆီးခံရသည်။

ရွာငံဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းရာကျေးရွာများအား ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ မေလ ၁၁ ရက်က ထုတ်ပြန်ထားစဉ်။ 

ရွာငံတွင် YUG  စခန်းစီးနင်းခံရမှုနှင့် ပတ်သက်ပြီး ဒေသအခြေစိုက် Voice of Pindaya တွင်လည်း ဖော်ပြထားသည်ကို တွေ့ရသည်။ 

YUG စခန်း စီးနင်းခံရသည့် နေရာအနီးရှိ နွားဘန်းကြီးကျေးရွာနှင့် ပဲရင်းတောင်ကျေးရွာတို့ကို ပြီးခဲ့သည့် မတ်လလယ်ကတည်းက စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များက စီးနင်းခဲ့ကာ နွားဘန်းကြီးရွာတွင် နေအိမ် ၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရသလို ပဲရင်းတောင်ရွာသား ၉ ဦး အသတ်ခံရမှု ဖြစ်ပွားထားသည်။

ထို့နောက် ဧပြီ ၂၂ တွင် နွားဘန်းကြီးရွာအနောက်ဘက် မိုင်အနည်းငယ်အကွာတွင်ရှိသည့် YUG & TPDF ပူးပေါင်း တပ်ဖွဲ့၏ တပ်ခွဲ (၂) အခြေခံစစ်သင်တန်းစခန်းတစ်ခု စီးနင်းခံရသည်။ 

ရွာငံသည် ရှမ်းပြည်နယ်မှ မန္တလေးသို့ နာရီအနည်းငယ်အတွင်း ရောက်နိုင်သည့် လမ်းပေါ်မှ မြို့ဖြစ်သော၊ စစ်တပ်ဒေသဖြစ်သည့် ဗထူးတပ်မြို့နှင့် နီးကပ်စွာ တည်ရှိသော ဒေသဖြစ်ရာ စစ်ကောင်စီတပ်၏ လှုပ်ရှားမှုကို တွေ့ရတတ်သည့် ဒေသတစ်ခုဖြစ်သည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် အခြားတိုင်းရင်းသားဒေသများတွင် တော်လှန်ရေးအားကောင်းခဲ့သော်လည်း ရှမ်းပြည်နယ်တောင်ပိုင်းတွင်မှု တစ်နှစ်ခန့်ကြာသည်အထိ ထင်သလောက် ခရီးမပေါက်ခဲ့ပေ။

ရွာငံနှင့် အနီးဝန်းကျင်မြို့များ

သို့သော် ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍  ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့အချို့ ပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုအချို့ ပြုလုပ်နိုင်ခဲ့သလို စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များကို လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်နိုင်ခဲ့သည်။

သို့သော် အောင်ပန်းအထူးကာကွယ်ရေးတပ်ဖွဲ့ (ASDF) ၏ ယာယီစခန်းတစ်ခုကို စက်တင်ဘာ ၁၈ ရက်တွင် စစ်ကောင်စီတပ်က ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့၍ စခန်းကို စွန့်လွှတ်ခဲ့ရသည်။

အလားတူ ဩဂုတ်လ ၁၀ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် နယ်မြေထိစပ်နေသော မန္တလေးတိုင်း၊ သာစည်မြို့နယ် ကျောက်ပချုပ်ကျေးရွာအနီးရှိ ရွာငံကာကွယ်ရေးအဖွဲ့ စခန်းတစ်ခု စီးနင်းခံရပြီး အဖွဲ့ဝင်များ ဖမ်းဆီးမခံရသော်လည်း လက်နက်နှင့် ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။

စစ်တပ်အာဏာသိမ်းမှုအပြီး ရှမ်းတောင်ဒေသမှ လူငယ်များသည် ဒေသခံကာကွယ်ရေးအဖွဲ့အများအပြား ဖွဲ့စည်းကာ တော်လှန်နေကြသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရှမ်းတောင် PDF တပ်ရင်းများအဖြစ် အမှတ် ၁၀၀၅ နှင့် ၁၀၀၈ တို့ဖွဲ့စည်းကာ နယ်မြေထိစပ်နေသော ကရင်နီဒေသ၌ စစ်ကောင်စီကို တိုက်ခိုက်နေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button