သတင်း

လက်နက်ကိုင်တော်လှန်မှုများရှိလာသည့် ရွာငံမြို့နယ်ကို စစ်ကောင်စီက နယ်မြေရှင်းလင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ တော်လှန်ရေးအဖွဲ့များကို အင်အားသုံးရှာဖွေစဉ် ဒေသခံ ၉ ဦး သတ်ဖြတ်ခံရပြီး ၅၀၀ ခန့် ထွက်ပြေးနေရသည်။

မတ်လလယ်ခန့်မှစ၍ နွားဘန်းကြီး၊ ပဲရင်းတောင် စသည့် ရွာအချို့ကို ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များက နေအိမ်အများအပြားကို မီးရှို့ကာ ဒေသခံ ၁၅၀ ခန့်ကို ဖမ်းဆီးထားကြောင်း စစ်ရှောင်အရေး ကူညီနေသည့် ရွာငံမြို့နယ်မှ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“တော်တော်များများ ပြေးနေရတာပဲ၊ ဖမ်းခံရတဲ့ရွာတွေကလည်း နီးစပ်ရာရွာတွေနဲ့ တောထဲဘက်ကို ပြေးနေကြတာရှိတယ်၊ အချို့လည်း စခန်းလိုမျိုး စုနေကြတာလည်းရှိတယ်” ဟု အသက် ၃၆ နှစ်အရွယ်ရှိ ထိုအမျိုးသားက ဆိုသည်။

စစ်ကောင်စီကို လက်နက်ကိုင်ပြန်ခုခံမှု နည်းပါးသည့် ရှမ်းပြည်နယ်အတွင်း ယမန်နှစ် နှစ်ကုန်ပိုင်းမှစ၍ ရွာငံမြို့နယ်၌ ဒေသခံတော်လှန်ရေးအဖွဲ့တို့၏ လှုပ်ရှားမှုများကို တွေ့လာရသည်။  စစ်ကောင်စီသတင်းပေးဟု ယူဆရသူတို့ကို သတ်ဖြတ်ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းများ ပေါ်ပေါက်လာသည်။  

ထို့ကြောင့် ဓနုဒေသ ရွာငံမြို့နယ်အတွင်း ပြန်ခုခံလာမှုကို စစ်ကောင်စီက အင်အားသုံးရှင်းလင်းရန် ကြိုးပမ်းလာခြင်းဖြစ်မည်ဟု ဒေသခံများနှင့် ဒေသအခြေစိုက် ပြောက်ကျားလက်နက်ကိုင်များက ယူဆနေကြသည်။ 

ဒေသအတွင်း လှုပ်ရှားသည့် အဖွဲ့များတွင် ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)၊ ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG)၊ ရှမ်းအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (SNDF)၊ တောင်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) တို့ ပါဝင်သည်။

မတ်လလယ်မှစ၍ စစ်ကောင်စီတပ်နှင့် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးများက ရွာငံ ကျေးလက်ဒေသကို ဝင်စီးကြသည်ဟု ဒေသခံအချို့က ပြောသည်။

ရွာငံမြို့၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ နွားဘန်းကြီးရွာကို မတ် ၁၃ တွင် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီးခဲ့ပြီး နေအိမ် ၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။

ပဲရင်းတောင်ရွာ စီးနင်းဖျက်ဆီးခံရ

မတ် ၁၈ တွင် မြို့တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ ပဲရင်းတောင်ရွာကို ပျူစောထီးများ ဝင်ရောက်လာပြီး ရွာခံ ပရဟိတသမားနှစ်ဦးကို ဖမ်းဆီးသွား၍  ရွာခံများ မကျေမနပ်ဖြစ်ခဲ့သည်ဟု ပဲရင်းတောင်ရွာသားတစ်ဦးက ပြောသည်။

မတ် ၂၀ တွင် ရွာသို့ နောက်တစ်ကြိမ် ထပ်ရောက်လာပြီး စိန်ခေါ်စဉ် တုတ်၊ ခဲ၊ လေးခွကိုင် ရွာခံများက ပြန်လည်ခုခံကြရာ ပျူစောထီးအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟု အဆိုပါရွာသားထံမှ သိရသည်။

“မတ် ၂၂ ရက်မှာတော့ စစ်တပ်က ရွာဘုရားကျောင်းထဲ စစ်ကားတွေနဲ့ စစ်သားတွေလာချပြီး နောက်တစ်နေ့မှာတော့ အကုန် စဖမ်းတော့တာပဲ၊ အဲဒီကစပြီး ရွာသားတွေ အကုန်ထွက်ပြေးကြရတာ” ဟု ၎င်းက ဆက်ပြောသည်။

လူသူမရှိတော့သည့် ပဲရင်းတောင်ရွာအတွင်း စစ်ကောင်စီတပ်က တပ်စွဲနေထိုင်ခဲ့ပြီး ရွာအတွင်းရှိ နေအိမ်များမှ စားသောက်ကုန်၊ တန်ဖိုးကြီးပစ္စည်းများကို ပျူစောထီးတို့နှင့်အတူ တစ်အိမ်တက်ဆင်း ဖောက်ထွင်းယူကြောင်း၊ နေအိမ် ၆ အိမ်ထက်မနည်း မီးရှို့ဖျက်ဆီးကြောင်း သိရသည်။

ဧပြီ ၁၆ ရက်တွင် ရွာအတွင်းရှိ ကျွဲနွားတိရစ္ဆာန်များနှင့် နေအိမ်များကို လာရောက်ကြည့်ရှုသည့် ရွာခံအမျိုးသား ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ထိုအထဲမှ ၉ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ထိုရွာခံများက ပြောသည်။ 

ပျူစောထီးမှ ထုတ်ပြန်သည်ဟု ယူဆရသည့် အွန်လိုင်း၌ ပျံ့နှံ့နေသော သတ်ဖြတ်ခံရသည့် ပဲရင်းတောင် ရွာသား ၆ ဦး၏ ရုပ်အလောင်းများ။ 

အသတ်ခံရသူများမှာ ပဲရင်းတောင်ရွာသားများဖြစ်ကြသည့် ဦးဝင်းနိုင်၊ ဦးလှစိုး၊ ဦးထွန်းဦး၊ မောင်သက်အောင်၊ ကိုမျိုးထွေး၊ ဦးတင်ဖေ၊ ဦးလှရွှင်၊ ဦးဗထူး နှင့် ဦးဖိုးပြောင်တို့ဖြစ်ကြပြီး အလောင်းများကို နှစ်နေရာခွဲကာ ဘုန်းကြီးကျောင်းအရှေ့ဘက်နှင့် အရှေ့မြောက်ထောင့်ဘက်ရှိ ရွာသားတစ်ဦးပိုင်သည့် တောင်ကုန်းတစ်ခုတွင် စစ်တပ်နှင့် ပျူစောထီးများက မြှုပ်နှံခဲ့သည်ဟု သိရသည်။ 

“သူ (အသတ်ခံရသူ) က တောင်သူတစ်ဦး၊ နွေရာသီဆိုရင် သဲကွင်းက သဲတူးပြီး ရောင်းစားတာ။ PDF လည်းမဟုတ်ဘူး။ အဲဒီနေ့ကဆိုရင် လေးခွတောင် မပါဘူး။ ဖုန်းတစ်လုံးတည်းနဲ့ အိမ်သွားကြည့်တာ” ဟု သေဆုံးသူတစ်ဦးနှင့် နီးစပ်သည့် မိသားစုဝင်တစ်ဦးက Myanmar Now ကို ဧပြီ ၂၇ တွင် ပြောသည်။

ထိုသို့ အသတ်ခံရပြီး ရက်အနည်းငယ်အကြာမှာ အဆိုပါ အလောင်းမြှုပ်နှံသည့်နေရာသို့ ရွာခံအချို့နှင့်အတူ သွားရောက်ကြည့်ရှုရာ၌ သတ်ဖြတ်ခံထားရသည့် ဆွေမျိုးတော်စပ်သူ၏ ရင်ဘတ်တွင် ဓားဒဏ်ရာကို တွေ့ရပြီး တာယာကွင်းများဖြင့် မီးပုံရှို့ထားသည့်အတွက် မီးလောင်ဒဏ်ရာများလည်း တွေ့ရသည်ဟု ၎င်းက မြင်တွေ့ခဲ့ရပုံကို ပြောပြသည်။

ရွာထဲတွင် ရှိနေသေးသည့် စစ်ကောင်စီတပ်များ၏ ရန်ကို ကြောက်ရသည့်အတွက် အလောင်းများကို ခပ်မြန်မြန်ကြည့်ရှုပြီး ပြန်လာခဲ့ရသည်ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူ ၁၁ ဦးတွင် သေဆုံးသူ ၉ ဦး၏ အလောင်းကိုသာ အတည်ပြုနိုင်ပြီး ကျန် ၂ ဦးမှာ အစအနပျောက်နေသည်ဟု ရွာခံများက ပြောသည်။

PDF လှုပ်ရှားတိုက်ခိုက်မှုများ ရှိလာ

ပြီးခဲ့သည့် ဧပြီ ၉ မွန်းလွဲပိုင်းက ရွာငံမြို့နယ် လွှစင်ရွာနှင့် တောင်ပို့ကွဲရွာအကြား စစ်ကောင်စီတပ်များ စီးနင်းလာသည့် ယာဉ်အား YUG, TPDF, SNDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့သည်။

အထိနာသွားသည့် စစ်ကောင်စီတပ်က အဆိုပါတိုက်ပွဲပြီးသည့်‌နောက် လွှစင်ရွာသို့ ဝင်ရောက်ပြီး စစ်ဆေးမေးမြန်းကာ ရွာခံလူငယ်အချို့ကို ဖမ်းဆီးသွားခဲ့သည်။ 

ဧပြီ ၁၅ ကလည်း တဲ့လုရွာနှင့် တောင်ဦးရွာအကြား ရွာငံ PDF နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ကာ စစ်တပ်ဘက်မှ အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးခန့် သေဆုံးသလို PDF ဘက်မှလည်း လက်နက်ကြီးထိမှန်ကာ ၅ ဦး သေဆုံး၍ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု PDF ဘက်မှ ထုတ်ပြန်သည်။ 

ထို့နောက် ဧပြီ ၂၂ တွင် နွားဘန်းကြီးရွာအနောက်ဘက် မိုင်အနည်းငယ်အကွာတွင်ရှိသည့် YUG & TPDF ပူးပေါင်းတပ်ဖွဲ့၏ တပ်ခွဲ (၂) အခြေခံစစ်သင်တန်းစခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနှင့် သိမ်းပိုက်ခဲ့သည်ဟု YUG က ထုတ်ပြန်သည်။

အဆိုပါနေ့တွင် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ကင်းထောက်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များ တရစပ်ပစ်ခတ်ကာ တက်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ ကျန်ရဲဘော်များ လွတ်မြောက်ခဲ့သော်လည်း ဖမ်းမိသည့် ပြောက်ကျားအဖွဲ့မှ ကင်းသမားတစ်ဦးကိုမူ စစ်တပ်က ပစ်သတ်လိုက်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဧပြီလလယ်ခန့်မှစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းများထိုးကာ နယ်မြေရှင်းလင်းရေးလုပ်နေပြီး တော်လှန်ရေးအဖွဲ့များကို အမြစ်ပြတ်ချေမှုန်းမည့် သဘောရှိကြောင်း ရွာငံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒီကောင်တွေက (စစ်ကောင်စီ) စစ်ကြောင်းကြီး ၃ ကြောင်းနဲ့ နယ်မြေရှင်းလင်းရေးဆိုပြီး (ရွာငံကို) လိမ္မော်ရောင်အဆင့်ဆိုပြီး ဝင်တယ်။ အခုက စစ်ကြောင်းကြီး ၇ ကြောင်းနဲ့ အနီရောင်အဆင့်နဲ့ အပြတ်အသတ်ချေမှုန်းရေးဆိုပြီး ဝင်တယ်လို့ သတင်းရတယ်။ အဲဒါကြောင့် ဒီကောင်တွေက စစ်ကြောင်းတွေကို ရှေ့ရော နောက်ရော၊ တောင်ရော မြောက်ရောကနေ အင်အားတွေ အလုံးအရင်းနဲ့ ထိုးနေတယ်” ဟု အဆိုပါ တော်လှန်ရေးရဲဘော်က ပြောသည်။

လတ်တလောတွင် စခန်းသိမ်းခံရသလို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့်အတွက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တော်တော်များများက လုံခြုံသည့်နေရာများသို့ ရွှေ့ပြောင်းနေရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်ကောင်စီက ထုတ်ပြန်ထားသည်ဟု ယူဆရသည့် ရွာငံပြောက်ကျားတပ်ဖွဲ့၏ စခန်းနှင့် ပစ္စည်းတချို့အား တွေ့ရစဉ်။ 

ရွာငံ ဒေသခံ ၁၅၀ ကျော် ဖမ်းဆီးခံပြီး အဆက်အသွယ်ပြတ်

ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ရွာငံမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံ ၁၅၀ ကျော်အထိ ရှိနေပြီး ယနေ့အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း ရွာငံမြို့နယ်မှ စစ်ရှောင်အရေး ကူညီပေးနေသည့်အဖွဲ့တစ်ခုထံမှ သိရသည်။

အဆိုပါအဖွဲ့၏စာရင်းအရ မင်းပလောင်၊ တောင်ဦး၊ နွားဘန်းကြီး၊ လယ်တွင်း၊ မျှားကလေး၊ ပဲရင်းတောင်၊ လွှစင်၊ ကျောင်းဆိုးကုန်း၊ တဲ့လု၊ မြင်းကျဒိုး၊ အလယ်ချောင်၊ ကြက်တွန်ရွာများနှင့် ရွာငံမြို့ပေါ်မှ မြို့ခံ ၂၀ အထက်လည်း ဖမ်းခံထားရသည်ဟု သိရသည်။

“ဖမ်းထားတဲ့သူတွေကို ဘယ်နေရာမှာ ထားထားမှန်းမသိရအောင်ကို ပျောက်နေပါတယ်၊ တချို့တွေကို တောင်လေးလုံး (ထောင်) အထိ ခေါ်သွားတယ် ကြားတယ်။ တချို့တွေက ကလောမှာ ရှိနေတယ်။ တချို့တွေလည်း နယ်ထဲမှာ ရှိတယ်သာပြောတာ ဘယ်မှာရှိမှန်းမသိဘူး။ ရွာငံရဲစခန်းမှာ စုံစမ်းကြည့်တော့ သူတို့မှာ လူလေးနည်းနည်းပဲ ရှိတယ် ပြောပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ရွာငံမြို့နယ်အတွင်း တောတွင်းနှင့် နီးစပ်ရာကျေးရွာများတွင် စစ်ရှောင်နေရသည့် စစ်ရှောင် ၅၀၀ ကျော်အတွက် အကူအညီများလိုအပ်နေပြီး စစ်ကောင်စီတပ်က စစ်ရှောင်များအား ကူညီသူများကိုလည်း ဖမ်းဆီးနေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဧပြီ ၂၄ ကလည်း နွားဘန်းကြီးရွာအနောက်ဘက် စစ်ရှောင် ၈၀ ခန့်ရှိသည့် ယာယီစစ်ရှောင်စခန်းတစ်ခုထံ ခေါက်ဆွဲခြောက်ထုပ်နှင့် ရေ သွားရောက်ပို့ဆောင်သည့် စစ်ရှောင်ကူညီသူများကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးသည့်အတွက် ၂ ဦး ဖမ်းဆီးခံရပြီး ကျန်သူများ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု သိရသည်။

ထို့နေ့တစ်နေ့တည်းတွင်ပင် ရွာငံစစ်ရှောင်များအတွက် အောင်ပန်းမြို့မှ အကူအညီများလာပေးသည့် စစ်ရှောင်ကူညီသူများကို စစ်တပ်က မြို့အဝင်တွင် တားဆီးကာ ပစ္စည်များကို သိမ်းယူလိုက်သည်ဟု ၎င်းက ဆိုသည်။

“ရွာငံမြို့နယ် မဝင်ခင်လေးပေါ့၊ ကျုံးဆိုတဲ့ စစ်ဆေးရေးဂိတ်မှာ အဲဒီပစ္စည်းတွေ အလုခံလိုက်ရပါတယ်။ ပြီးတော့ အဝင်မခံတော့ဘူး။ ပြန်လွှတ်ခံရပါတယ်” ဟု စစ်ရှောင်ကူညီသူအမျိုးသားက ဆက်ပြောသည်။

လတ်တလောတွင် ရွာငံမြို့၏ အရပ်လေးမျက်နှာတွင် စစ်ကောင်စီတပ်များက အင်အား ၄၀၀ နှင့် ၆၀၀ ကြား အသုံးပြုကာ နယ်မြေရှင်းလင်းရေးလုပ်နေပြီး လက်ရှိတွင် နွားဘန်းကြီးရွာနှင့် ပဲရင်းတောင်ရွာတို့တွင်လည်း တပ်စွဲထားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါတပ်များတွင် ဗထူးတပ်မြို့၊ ဟဲဟိုးမြို့နှင့် ကလောမြို့မှ ခြေလျင်၊ ခြေမြန်တပ်များအပြင် စစ်ကိုင်းတိုင်းအခြေစိုက် တပ်အချို့လည်းပါဝင်သည်ဟု တော်လှန်ရေးရဲဘော်တစ်ဦးနှင့် ဒေသခံများက ပြောသည်။

ဧပြီ ၂၇ နံနက်တွင်လည်း ရွာငံမြို့၏ အရှေ့မြောက်ဘက် ၁၄ မိုင်ခန့်အကွာတွင်ရှိသည့် သဖန်းပင်နှင့် ငှက်သောက်ရွာများဘက်သို့ စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေပြီး လက်နက်ကြီး၊ လက်နက်ငယ်အသံများလည်း ကြားနေရသည်ဟု ရွာငံတော်လှန်ရေးရဲဘော်က ပြောသည်။ သို့သော် တိုက်ပွဲဖြစ်ပွားခြင်း ရှိမရှိကိုမူ အတည်မပြုနိုင်သေးပေ။ 

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသူများကိုပင် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ကြရာတွင် ရှမ်းပြည်နယ်မှ လှုပ်ရှားမှု အနည်းငယ်နောက်ကျနေခဲ့သည်။

လက်နက်ကိုင်အဖွဲ့စုံရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒေသခံလူငယ်များက စစ်ကောင်စီတပ်ကို ပြန်ခုခံရာ၌ အဟန့်အတားများစွာကြုံနေရသော်လည်း စစ်ကောင်စီထောက်တိုင်များနှင့် စစ်ကောင်စီကို တိုက်ခိုက်မှုအချို့ လုပ်နေပြီး စစ်ကောင်စီကလည်း အင်အားသုံးဖြိုခွဲရန် ကြိုးစားနေသည်။

စစ်ကောင်စီ၏ မြဝတီသတင်းစာမှ ပြီးခဲ့သည့် ဧပြီ ၉ ၌ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပေးပို့ပြန်လာသည့် မော်တော်ယာဉ်ကို PDF များက ချောင်းမြောင်းပစ်ခတ်ခဲ့၍ တပ်ဖွဲ့ဝင်တစ်ဦး၊ အမျိုးသားတစ်ဦး သေဆုံးကာ ဒုမြို့နယ်ပညာရေးမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button