သတင်း

ရွာငံမြို့တွင် စစ်ကောင်စီသတင်းပေးဟု ကျော်စောသူတစ်ဦး ပစ်သတ်ခံရ

ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်၊ ပွေးနဖားကျေးရွာတွင် ဒလန်ဟု ကျော်စောသူ အမျိုးသားတစ်ဦးကို နေအိမ်၌ ရှိနေစဉ် သေနတ်ဖြင့် ၁၀ ချက်ခန့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ထိုသူမှာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က ပြောသည်။ 

ဇူလိုင် ၁၃ ည ၈ နာရီခန့်တွင် မြို့အနောက်မြောက်ဘက် မိုင်အနည်းငယ်အကွာရှိ နွားဘန်းကြီးကျေးရွာအုပ်စု၊ ပွေးနဖားရွာမှ အသက် ၅၀ ခန့်ရှိသည့် ဦးတင်မိုးဆိုသူကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“သူ့အိမ်ထဲဝင်ပြီဆိုတာနဲ့ သူ့ကို ခေါင်းတည့်တည့် ချိန်ပစ်လိုက်တာ၊ မှောက်လျက်လဲသွားပြီးမှ အဖွဲ့သားတွေက မသေချာမှာစိုးလို့ ဝိုင်းပစ်လိုက်တာ၊ အနည်းဆုံး ၁၀ ချက်လောက်တော့ရှိမယ်” ဟု ၎င်းက ဆိုသည်။

ယခုနှစ် မေလခန့်မှစ၍ လက်နက်ကိုင်ခုခံမှုများ ပေါ်ပေါက်လာသော ရှမ်းပြည်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က တောနင်းရှာဖွေကာ အပြင်းအထန်နှိမ်နင်းနေသဖြင့် လုံခြုံရေးအရ အဖွဲ့အမည်ဖော်ပြလိုခြင်း မရှိကြောင်း ၎င်းက ပြောသည်။

ဒလန်ဟု စွပ်စွဲခံရသူ ဦးတင်မိုး ပစ်သတ်ခံရသည့် ရုပ်သံမှတ်တမ်းဖိုင်တစ်ခုကို Pindaya People’s Voice အမည်ရှိ Facebook စာမျက်နှာတွင် တွေ့နိုင်သည်။ ပစ္စတိုနှင့် ရိုင်ဖယ်ကိုင်ထားသည့် အမျိုးသား ၃ ဦးက ဝင်ရောက်ပစ်ခတ်ပြီးနောက် စက္ကန့်ပိုင်းအတွင်း ပြန်လည်ထွက်ခွာသွားသည်ကို အဆိုပါ ရုပ်သံဖိုင်ထဲတွင် တွေ့ရသည်။ ၎င်းအလောင်းကို စစ်တပ်က လာရောက်သယ်ဆောင်သွားပြီး ယမန်နေ့ (ဇူလိုင် ၁၄) တွင် ရွာငံဆေးရုံသုသာန်၌ သင်္ဂြိုဟ်ခဲ့သည်ဟု ဒေသခံတချို့က ပြောသည်။

ဦးတင်မိုးမှာ ရွာငံမြို့မှ ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သလို စစ်ကောင်စီထံ သတင်းပေးနေသည့် ဒလန်တစ်ဦးဖြစ်သည့်ပြင် ၎င်းထံတွင် ကျည်ကာနှင့် ပစ္စတိုသေနတ်လည်းရှိသည်ဟု သတင်းရထားကြောင်း အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ဒလန်ဟု ကျော်စောသူ အသက် ၅၀ ခန့်အရွယ် ဦးတင်မိုး။ (ဓာတ်ပုံ-ပေးပို့) 

ထို့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက် ရွာငံဒေသခံအချို့ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များတွင် ဦးတင်မိုးကိုယ်တိုင် သတင်းပေးခဲ့သည်ဟု သူက ဆက်ပြောသည်။

“နွားဘန်းကြီးရွာထဲက ပြည်သူတွေ အိမ်ကို မီးလိုက်ရှို့တာမှာ သူလည်းပါခဲ့တယ်၊ သူက ဒလန်ဆိုတော့ အိမ်လိုက်ပြတာတွေ သူဦးဆောင်ပြီးမှ ရှို့တာတွေ အဲဒီလိုမျိုးတွေရှိတယ်ဗျ” ဟု ပြောရေးဆိုခွင့်ရှိသူ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် မတ် ၁၃ က ရွာငံမြို့၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ နွားဘန်းကြီးရွာကို စစ်ကောင်စီတပ် ရောက်လာပြီး ဒေသခံများကို ဖမ်းဆီးခဲ့ကာ နေအိမ် ၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။ 

ဦးတင်မိုးကို ဒလန်ဟု ပြောဆိုခြင်းနှင့် ပတ်သက်၍ မိသားစုထံမှ တုံ့ပြန်ချက် မရရှိသေးလို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ဇွန် ၂၉ ရက်နေ့က စစ်သားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရသည့် ပင်းတယမြို့ စစ်ဆေးရေးဂိတ်ပစ်ခတ်မှုကို အထက်ပါအဖွဲ့ကပင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်သောကြောင့် လက်နက်ကိုင်တော်လှန်ရေး နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့သော်လည်း စစ်တပ်ထောက်ခံသူ အများအပြားရှိသည့် ဓနုဒေသသည် တော်လှန်မှု နောက်ကျကျန်နေခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီမှစ၍ ထိုဒေသတွင် လက်နက်ကိုင်တော်လှန်ရေး အရှိန်ရလာသော်လည်း စစ်တပ်သတင်းပေးများ၊ ပျူစောထီးများကြောင့် တော်လှန်ရေးအရှိန် တန့်သွားခဲ့သည်ဟု သိရသည်။

ပျူစောထီးသည် စစ်တပ်က လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ်အဖွဲ့ကို ဒေသခံတို့ ခေါ်ဆိုသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

သို့သော် စစ်တပ်ထောက်တိုင် ဒလန်ရှင်းလင်းရေးလုပ်ငန်းများကို မြေအောက်အဖွဲ့တချို့ ဆက်လက် လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ဇွန် ၁၈ တွင် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဖွဲ့ရန် ပြင်ဆင်နေသည့် စစ်ကောင်စီသတင်းပေးဟု ကျော်ကြားသူ ပင်းတယမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ငြိမ်း ပစ်သတ်ခံရသည်။

ထို့ပြင် ဇွန် ၁၂ ရက်က ရွာငံမြို့နယ်တောင်ပိုင်းတွင် ပျူစောထီးခေါင်းဆောင်ဟု လူသိများသည့် ဦးဝင်းမြင့် တိုက်ခိုက်ခံရသည်။

ရွာငံမြို့နယ် မိန်းမရဲတောင်အနီးလမ်းမပေါ်တွင် ပစ်ခတ်ခဲ့သည့် ထိုဖြစ်စဉ်အတွင်း ဦးဝင်းမြင့်မှာ ဒဏ်ရာရသွားခဲ့ပြီး မော်တော်ယာဉ်တစ်စီးတည်း အတူစီးနင်းလာသည့် ၎င်း၏ တပည့်နှစ်ဦး သေဆုံးသွားသည်ဟု အထက်ပါ တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button