ယခုလဆန်းပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဓားပြတိုက်ရင်း ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့သူ ၇ ဦးကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ တရားရုံး၌ ရာဇသတ်ကြီးဥပဒေပါ ပုဒ်မသုံးခုဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။
မုံရွာမြို့ ထန်းတောကျွန်းဆွယ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးကို ယခုလ ၁၀ ရက်နေ့တွင် လက်နက်ကိုင်အမျိုးသား ၇ ဦးက ဝင်ရောက်ဓားပြတိုက်စဉ် ကိုယ်ဝန်အရင့်အမာ လွယ်ထားသည့် အသက် ၂၄ နှစ်အရွယ် မအေးငြိမ်းသူ ပစ်သတ်ခံရခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်သူများကို ထိုနေ့ညပိုင်းမှာပင် ဖမ်းမိကြောင်း NUG လက်အောက်ခံ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ကြေညာခဲ့သည်။
ဓားပြတိုက်ရင်း လူသတ်မှုကျူးလွန်သူ ၇ ဦးမှာ အသက် ၁၉ နှစ်မှ ၃၀ ကျော် အရွယ်ရှိသူများဖြစ်ကာ ဝင်းမင်းထက် (ခ) ကျားလေး၊ မိုးမင်းထက် (ခ) တက်တူး၊ ကျော်သူစံ (ခ) ဘဂျမ်း၊ ကျော်စိုးထွန်း (ခ) ပြုံးကြီး၊ အောင်မြင့်ခိုင် (ခ) အောင်ကြီး၊ အောင်ဆန်းဦး (ခ) ကရင်နှင့် ဘိုငွေ (ခ) ကျွဲကြီးဆိုသူတို့ ဖြစ်သည်။
၎င်းတို့ကို ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၃၉၅၊ ၃၉၆ နှင့် ၃၉၇ တို့ဖြင့် မြို့နယ်ပလဖက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်ဟု ပလဖတာဝန်ခံ ကိုအာကူးဆိုသူက ပြောသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာမြို့ပေါ်၌ ဖြစ်ပွားခဲ့သော ဓားပြတိုက်မှုဖြစ်စဉ်အတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို PDF အဖွဲ့များက သတ်ဖြတ်သွားသည်ဟု တယ်လီဂရမ် လူမှုကွန်ရက်စာမျက်နှာရှိ စစ်တပ်လော်ဘီစာမျက်နှာများက ရေးသားသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ပြစ်မှုကျူးလွန်သူများကို ယမန်နေ့တွင် ရုံးထုတ်ကာ ချုပ်ရက်ရမန်ယူခဲ့ကြောင်း၊ လုံခြုံသည့် နေရာ၌ ချုပ်နှောင်ထားကြောင်း မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အမှုတည်ဆောက်ပြီးစီးပြီဖြစ်တဲ့အတွက် ပုဒ်မသုံးခုနဲ့ တရားစွဲဆိုပြီးတော့ NUG ရဲ့ တရားစီရင်ရေးကနေ စစ်ဆေးဆောင်ရွက်သွားမှာပါ”
အဆိုပါအမှုကို NUG ၏ မုံရွာမြို့နယ် တရားရုံးသူကြီးအဖွဲ့က ကိုင်တွယ်စစ်ဆေးသွားမည်ဖြစ်ကာ ရုံးထုတ် စစ်ဆေးမည့်အစီအစဉ် အသေးစိတ်ကိုမူ လုံခြုံရေးအရ ထုတ်မပြောနိုင်ဟု ဆိုသည်။
“လုံခြုံတဲ့ အချုပ်ထောင်တစ်နေရာမှာ ပို့ဆောင်ထားပါတယ်။ တရားရေးအဖွဲ့က အမှုလက်ခံစစ်ဆေးဖို့ စတင်စီရင်နေပါတယ်။ လုံခြုံရေးအရ အဆင်ပြေတဲ့အချိန်မှာ သက်ဆိုင်ရာတရားရုံးမှာ ရုံးထုတ်စစ်ဆေးသွားမှာဖြစ်ပါတယ်” ဟု ပအဖတာဝန်ရှိသူက ပြောသည်။
မုံရွာမြို့နယ်တွင် NUG ၏ တရားစီရင်ရေးနှင့် တရားသူကြီးအဖွဲ့က ၂၀၂၃ ခုနှစ်အတွင်း အမှုပေါင်း ၅၇ မှု ကို စစ်ဆေးလျက်ရှိသည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)