မန္တလေးတိုင်း၊ နွားထိုးကြီးမြို့တွင် ယခုလ ၁၇ ရက်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို စစ်တပ်နှင့် ပျူစောထီးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ကာ အလောင်းကို လမ်းဘေး၌ စွန့်ပစ်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးသတ်ဖြတ်ခံရသူမှာ နွားထိုးကြီးမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ နီလာလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် ကိုတင်မိုးဆိုသူ၏ဇနီး မလဲ့လဲ့ဖြစ်ပြီး အဖမ်းခံရပြီး နောက်တစ်ရက်တွင် တောင်သာအသွား ကားလမ်းဘေးတစ်နေရာ၌ ရုပ်အလောင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မြို့ခံနှစ်ဦးက ဆိုသည်။
စစ်တပ်နှင့် ပျူစောထီးအဖွဲ့က လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် ကိုတင်မိုးအား လာရောက်ရှာဖွေရာတွင် မတွေ့သဖြင့် ဇနီးဖြစ်သူကို ဖမ်းခေါ်သွားသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“သေသွားတဲ့အမျိုးသမီးက နီလာလျှပ်စစ်ပစ္စည်းဆိုင်ကပါ။ အမှန်က သူ့ယောက်ျားကို ဝင်ရှာတာ၊ မတွေ့လို့ မိန်းမကို ခေါ်သွားတာ။ ကိုယ်ဝန်ကြီးနဲ့ အသတ်ခံလိုက်ရတာပါ၊ ကိုယ်ဝန်က ငါးလတောင် ရှိနေပြီ” ဟု ထိုအမျိုးသားက ဆိုသည်။
နီလာလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် ကိုတင်မိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထောက်ခံသူတစ်ဦးဖြစ်ပြီး အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူဖြစ်သည်ဟုလည်း သိရသည်။
ကိုယ်ဝန်ငါးလဖြင့် ဖမ်းဆီးသတ်ဖြတ်ခံရသူ အသက် ၃၇ နှစ်အရွယ် မလဲ့လဲ့၏ ရုပ်အလောင်းကို နွားထိုးကြီးမြို့အနောက်တောင်ဘက် သုံးမိုင်ခန့်အကွာ ရုန်းကုန်းရွာ (ဒေသအခေါ် ရုန်းပင်ကုန်းရွာ) အနီး လမ်းဘေးတွင် တွေ့ရှိခဲ့သည်ဟုလည်း သိရသည်။
“ဓားဒဏ်ရာတွေနဲ့ပါ။ ဗိုက်တွေကို ထိုးတယ်၊ ရင်ဝတွေကို ထိုးထားတယ်၊ လည်ပင်းကိုလည်း လှီးထားတယ်” ဟု နွားထိုးကြီးမြို့ခံ နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။
မန္တလေးတိုင်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ မြင်းခြံ၊ တောင်သာမြို့နယ်တို့နှင့် ထိစပ်နေသည့် နွားထိုးကြီးမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးအဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်မှုများ ခပ်စိပ်စိပ်ဖြစ်နေပြီး ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းမှစ၍ ၁၈ ဦးအထိ ရှိလာပြီဖြစ်သည်။
မြင်းခြံ၊ တောင်သာနှင့် နွားထိုးကြီးမြို့နယ်တို့တွင် ဆက်တိုက် ဖမ်းဆီးသတ်ဖြတ်ခံနေရသူ အများစုမှာ NLD ပါတီ ထောက်ခံသူများဖြစ်ပြီး ပျူစောထီးအဖွဲ့ကို ဦးဆောင်နေသူမှာ မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးဖြစ်သည့် အသက် ၄၀ အရွယ် ဒေါ်သီတာယုမွန်ဖြစ်သည်ဟု ဒေသခံများက စွပ်စွဲပြောဆိုကြသည်။
အဆိုပါ အချက်နှင့်ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူး ဒေါ်သီတာယုမွန်ကို ဆက်သွယ်မေးမြန်းရာတွင်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။
ညအချိန်တွင် ဧည့်စာရင်းစစ်မည်ဟု အကြောင်းပြကာ NLD ထောက်ခံသူများ၏ နေအိမ်ကို စစ်တပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ ရောက်လာကာ ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်လေ့ရှိသည်ဟု နွားထိုးကြီးမြို့ခံတို့က ဆိုသည်။
“ညပိုင်းဆို လူတွေက ရှောင်ပြီး အိပ်နေရတာ။ မြို့ထဲမှာကို မအိပ်ရဲဘူး။ အရင်တုန်းက NLD အမာခံတွေပေါ့။ ပါတီဝင်တွေကို အကုန်ချိုးနှိမ်နေတဲ့ သဘောပါပဲဗျာ” ဟု အထက်ပါ မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းတွင် အသက် ၅၀ အရွယ် ဦးသန်းမြင့်ဆွေ၊ ၄၀ အရွယ် ဒေါ်အေးမြတ် မွန် (ခ) မဘဲဥနှင့် အခြား နွားထိုးကြီးဒေသခံနှစ်ဦးမှာ ဧည့်စာရင်းအကြောင်းပြ အဖမ်းခံရပြီးနောက် အလားတူ သတ်ဖြတ်ခံခဲ့ရသည်။
နွားထိုးကြီးမြို့နယ် အပါအဝင် မြန်မာနိုင်ငံအလယ်ဗဟိုပိုင်းရှိ မန္တလေးတိုင်းအတွင်းမှ မြို့နယ်များတွင် စစ်ကိုင်းနှင့် မကွေးကဲ့သို့ တိုက်ပွဲများဖြစ်မနေသော်လည်း စစ်ကောင်စီ၏ဩဇာခံ စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးဒလန်ဆိုသူများ ပစ်မှတ်ထားတိုက်ခိုက်ခံနေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)