ဆောင်းပါး

မြန်မာနိုင်ငံ ဗဟိုချက်က ပုန်ကန်တော်လှန်မှု

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကောင်စီတပ်၏ တပ်ရင်းတပ်မများ ဖြန့်ကြက်တည်ရှိရာ ပူပြင်းခြောက်သွေ့သည့် မြေပြန့်ဒေသသည် တောင်သူလုပ်ငန်းဖြင့် အသက်မွေးသော ဗမာတိုင်းရင်းသားအများစုနေထိုင်ရာ မြို့ငယ်များနှင့် ချိတ်ဆက်ထားသည်။

၁၉၄၇ အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ဆယ်စုနှစ်များစွာ ဗမာလူမျိုးကြီးစိုးသည့် မြန်မာနိုင်ငံအစိုးရအဆက်ဆက်ကို ပုန်ကန်မှုများဖြစ်ပေါ်ခဲ့သော်လည်း ဧရာဝတီမြစ်၏ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ နိုင်ငံအလယ်ပိုင်း မြို့များသည် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

ထိုမျှသာမက ထိုမြို့များတွင် စစ်သား၊ စစ်ဗိုလ်အများအပြားထွက်ပေါ်ခဲ့ပြီး၊ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမာခံများ အင်အားကောင်းခဲ့သည်။ 

သို့ရာတွင်ကား ယခုအချိန်တွင် ထိုမြို့များတွင်ပင် စစ်ကောင်စီကို လက်နက်ကိုင် ပုန်ကန်တော်လှန်မှုများ ဖြစ်ပေါ်နေပြီဖြစ်သည်။ 

လွန်ခဲ့သည့်လက မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီ၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းမှူးတို့ကို တော်လှန်ရေးအဖွဲ့တစ်ခုက ပစ်သတ်ခဲ့သည်။

ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစု (WTRF) ဆိုသည့်အဖွဲ့က အတွင်းသတင်းရရှိ၍ ဝမ်းတွင်းရဲစခန်းမှူး ရဲအုပ်စောနိုင်ဦး(ခ) ဗိုလ်စောနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးကို အောင်တိုဘာ ၉ နှင့် ၁၇ ရက်က အပြင်ထွက်လာစဉ် မြို့ပေါ်၌ပင် လုပ်ကြံခဲ့သည်။

၎င်းတို့နှစ်ဦးမှာ အာဏာသိမ်းစစ်တပ်၏ အဓိကထောက်တိုင်များဖြစ်ပြီး မောက်မာခြင်းကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း WTRF တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“ငွေညှစ်နှိပ်စက်တာမျိုးပေါ့။ ပြည်သူ့လစာစားပြီး ပြည်သူကို မလေးစားတာပေါ့” ဟု ၎င်းက ဆိုသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်တိုင်းပြည်လုံးတွင် ရသည့်နည်းဖြင့် ခုခံတော်လှန်လျက်ရှိရာ စစ်တပ်စိုးမိုးနယ်မြေ ဝမ်းတွင်းတွင် မြို့နယ်အဆင့် စစ်ကောင်စီဘက်တော်သားနှစ်ဦး ပစ်သတ်ခံရခြင်းဖြစ်သည်။

ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း အပူပိုင်းမြေပြန့်ဒေသဖြစ်သည့် ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံနှင့် ညောင်ဦးခရိုင်တို့သည် စစ်ကောင်စီ တပ်စခန်းများအခြေစိုက်ရာ ရပ်ဝန်းဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားရန် တောတောင်မထူထပ်သော ဒေသလည်းဖြစ်သည်။ ကျောက်ဆည်မြို့သည် အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ ဇာတိဖြစ်သည်။ 

ဗမာအများဆုံးနေထိုင်သည့် ထိုဒေသသည် တစ်ချိန်က စစ်တပ်အတွက် အင်အားအများပြားစုဆောင်းနိုင်သည့် အရင်းအမြစ်ကြီးတစ်ခုဖြစ်သည်။ ထို့အပြင် စစ်တပ်က ထူထောင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထောက်ခံမှု အားကောင်းသောမြို့နယ်အများအပြားလည်းရှိသည်။

ထိုသို့ စစ်တပ်စိုးမိုးနယ်မြေတွင် တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် မြန်မာပြည်ဗဟိုချက်မှ အညာသားများက အာဏာသိမ်း စစ်ကောင်စီကို ရသည့်နည်းဖြင့် တော်လှန်ပုန်ကန်နေသည်။ ဝမ်းတွင်းသည် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်နှင့် နှစ်နာရီကျော် ခရီးသာရှိပြီး သွားလမ်းသာ၍ လာလမ်းဖြောင့်သဖြင့် တော်လှန်သူတို့မှာ ခက်ခဲစွာရပ်တည်နေရသည့် အခြေအနေတွင်ရှိသည်။

စစ်ကိုင်းနှင့် မကွေးတိုင်းကဲ့သို့ ရင်ဆိုင်တိုက်ပွဲမရှိသေးသော်လည်း စစ်ကောင်စီ ဩဇာခံ စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးဒလန်များကို ပစ်မှတ်ထားသတ်ဖြတ်နေသလို မိုင်းဆွဲတိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နေကြသည်။

စစ်တပ်နယ်မြေတွင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြခြင်း

ပြည်ခိုင်ဖြိုးပါတီအမာခံမြေဖြစ်သလို စစ်တပ်များဝန်ရံနေသည့် မိတ္ထီလာတွင် အာဏာသိမ်းပြီး တစ်ပတ်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၇ မှစ၍ ဆန္ဒပြပွဲများအားကောင်းခဲ့သည်။ 

သို့သော် တပ်မြို့ဖြစ်၍ စစ်တပ်မိသားစုအသိုင်းအဝိုင်းများခြင်းကြောင့် အာဏာရှင်ဆန့်ကျင်သူနှင့် မဆန့်ကျင်သူအရေအတွက်မှာ ထက်ဝက်စီရှိနိုင်ကြောင်း မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက သုံးသပ်သည်။

မိတ္ထီလာမြို့အခြေစိုက် ကျောင်သားသမဂ္ဂများအပါဝင် အာဏာရှင်ဆန့်ကျင်ရေးအင်အားစုက ပြီးခဲ့သည့်နှစ်အတွင်း ဆန္ဒထုတ်ဖော်ခဲ့သော်လည်း စစ်ကောင်စီတပ်က ပုံစံပေါင်းစုံဖြင့် ရက်ရက်စက်စက် ဖြိုခွဲသည်။ 

“လက်ရှိအခြေအနေမှာ လမ်းပေါ်ထွက် ဆန္ဒပြတာကို ကျွန်တော်တို့က ဆုပ်ကိုင်ထားလို့မရတော့ဘူး။ တခြားမြို့တွေမှာ ရကောင်းရလိမ့်မယ်။ မိတ္ထီလာမှာတော့ လုံးဝကိုမလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ (ဖမ်းဖို့) ဆိုင်ကယ်ကယ်ရီသမားကို ပိုက်ဆံပေးပြီး စောင့်ကြည့်ခိုင်းတာတွေကအစရှိတယ်” ဟု ၎င်းက ဆိုသည်။ 

ထို့ကြောင့် မိတ္ထီလာတွင် ဆန္ဒပြပွဲများတိတ်ဆိတ်သွားပြီးနောက် အခြားဒေသများနည်းတူ မိတ္ထီလာမှ လူငယ်များက လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ကာ စစ်ကောင်စီကို ဆက်လက်တွန်းလှန်နေသည်။ မိတ္ထီလာသည် စစ်တပ်၏ အမျိုး ဘာသာ သာသနာ ဟန်ပြ ဂျင်း အကြီးအကျယ်မိဖူးသည့် နေရာ၊ ထိုသို့ မရောင်ရာဆီလူး လှုံ့ဆော်မှုကို အခြေပြု၍ အစ္စလာမ်ဘာသာဝင်များကို သတ်ဖြတ်၊ ပိုင်ဆိုင်မှုများကို အကြီးအကျယ်ဖျက်ဆီးသည့် ဖြစ်ရပ် ၂၀၁၃ ခုနှစ်တွင် ဖြစ်ဖူးသည်။

မိတ္ထီလာမြို့တွင် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းကြောင့် လူ ၄၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ (ဓာတ်ပုံ – Myanmar Now)

ထိုသို့သော နေရာတွင် စစ်ကောင်စီကို ခုခံမည့် အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များ တပ်ပေါင်းစု(CRC)အမည်ရှိ မိတ္ထီလာအခြေပြုသော ဒေသကာကွယ်ရေးအဖွဲ့ကို ၂၀၂၁ ဒီဇင်ဘာ ၂၁ တွင် တည်ထောင်လိုက်ကြောင်း ထိုအဖွဲ့က လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာခဲ့သည်။ အဖွဲ့ဝင်များမှာ ကယားပြည်နယ်တွင် စစ်ပညာသင်ကြားနေပြီး တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေသည်ဟု ဆိုသည်။

မိတ္ထီလာဒေသကာကွယ်ရေးတပ်သည် ဒေသတွင်းတော်လှန်ရေးအဖွဲ့များဖြစ်သည့် ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု(WTRF)၊ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နှစ်ခုနှင့်လည်း မဟာမိတ်အဖြစ် ပူးပေါင်းထားသည်။ 

WTRF အဖွဲ့က ဝမ်းတွင်မြို့နယ်အုပ်ကြီးနှင့် စခန်းမှူးကို ပစ်သတ်မှုမှာ မိတ္ထီလာတစ်ခွင် အကြီးအကျယ် ရိုက်ခတ်ခဲ့သည်။ စစ်တပ်ကြီးစိုးရာမြို့ဖြစ်သည့်တိုင် စစ်ကောင်စီတပ်သားများအနေဖြင့် နောက်ကျောလုံလုံ မသွားလာရဲကြောင်း အထက်ပါကျောင်းသားသမဂ္ဂအဖွဲ့ဝင်က ဆိုသည်။ 

“အရာရှိကြီးတွေ ဒီအတိုင်း အလိုလိုနေရင်းကို အပြင်မထွက်ရဲဘူး။ သူတို့ကိုယ်သူတို့ စိတ်မလုံဘူး။ လှုပ်ရှားမှုတွေအရဆိုရင်လည်း မကြာခဏဆိုသလို ရာအိမ်မှူးတွေ၊ ထွေအုပ်ရုံးကလူတွေ မကြာခဏ အသတ်ခံနေရတာဆိုတော့လေ” ဟု ၎င်းက ပြောသည်။

ဝမ်းတွင်းဖြစ်စဉ်အပြီး မိတ္ထီလာအခြေစိုက်စစ်ကောင်စီတပ်က ဒေသခံ ၉၀ ခန့်ကိုဖမ်းဆီးကြောင်း အမည်မဖော်လိုသည့် ဝမ်းတွင်းမြို့နယ် ဒေသခံတစ်ဦးက ဆိုသည်။ 

ဖမ်းဆီးသူများထံမှ သဲလွန်စတစ်စုံတစ်ရာမတွေ့လျှင် ကျပ် ၄ သိန်း သို့မဟုတ် ၅ သိန်းတောင်းယူ၍ ပြန်လွှတ်ကြောင်း သူက ဆိုသည်။

“ယောက်ျားလေးတွေဆို ဖုန်းထဲမှာ နိုင်ငံရေးနဲ့ပတ်သက်တာတစ်ခုခု တွေ့လိုက်တာနဲ့ အဲ့ဒီကလေးကို နေရာမှာပဲ လက်ပြန်ကြိုးတုတ်ပြီး ရိုက်တာ။ ပြီးရင် ဖုန်းထဲမှာရှိတဲ့ နံပါတ်တွေအကုန်ခေါ်ပြီး တစ်ယောက်ချင်း ခေါ်ခိုင်းတာ။ တချို့ဆို စစ်ကြောရေးအထိ ရောက်သွားကြတယ်” ဟု ထိုဒေသခံက ဆိုသည်။

ဆန္ဒပြလျှင်ပင် အကြမ်းဖက်ဖြိုခွင်းသည့် စစ်တပ်က ၎င်းတို့တိုက်ခိုက်ခံရပါက မဲမဲမြင်ရာ ပစ်သည့်၊ ဖမ်းသည့် အစဉ်လာရှိသဖြင့် တော်လှန်ရေးအဖွဲ့များအနေဖြင့် လှုပ်ရှားရန်ခက်ခဲသည်ဟု မြင်းခြံခရိုင် တပ်ရင်း(၃) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ယာယီတပ်ရင်းမှူးက ပြောသည်။ 

“လှုပ်ရှားရတာတော့ အင်မတန်ကျပ်တည်းပါတယ်။ ကျွန်တော်တို့ တစ်ခုခု လှုပ်ရှားပြီဆိုတာနဲ့ သိတဲ့အတိုင်းပဲ။ ကျွန်တော်တို့ကို နီးစပ်ရာတွေ မြေပေါ်က မဆီမဆိုင်တဲ့လူတွေ ဆွဲတယ်။ ဖမ်းဆီးတယ်။ စစ်ကြောရေးဝင်တယ်” ဟု ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – Mandalay PDF

မြင်းခြံခရိုင်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှ တပ်ရင်း ၇ ခုရှိပြီး ထိုအထဲမှ တပ်ရင်း ၃ သည် တောင်သာမြို့နယ်အခြေပြုဖြစ်သည်။ တောင်သာမြို့နယ်သည် မိတ္ထီလာနှင့် ကပ်နေသည်။ 

ထန်းလျက်နှင့် ကြက်သွန်သီးနှံ အဓိကထွက်သည့် တောင်သာမြို့နယ်သည် ပြည်ခိုင်ဖြိုးပါတီအပေါ် ဩဇာလွှမ်းနိုင်သည့် ကွယ်လွန်သူ ဒုဗိုလ်မှူးကြီး၊ ဝန်ကြီးဟောင်း ဦးအောင်သောင်း၏ ဇာတိချက်မြှုပ်ဖြစ်ပြီး စစ်တပ်အသိုင်းအဝိုင်း၏ ဘူမိနက်သန်နယ်မြေဖြစ်သည်။ ဦးအောင်သောင်းသည် အာဏာရှင်ဟောင်း ဦးသန်ရွှေခေတ်က စစ်တပ်ကို ဆန့်ကျင်သူများကို ဖြိုခွင်းရာတွင် သုံးလေ့ရှိကာ စွမ်းအားရှင်ဟု အများသိသည့် အရပ်ဝတ် လူရမ်းကားအဖွဲ့နှင့် ပတ်သက်၍ နာမည်ဆိုးထွက်ခဲ့သူဖြစ်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်ခဲ့သည့် လက်ရှိ တပ်မတော်ရေချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးမိုးအောင်သည် ဦးအောင်သောင်း၏သားဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် တောင်သာကို အကြီးအကျယ်ဖိနှိပ်ချုပ်ချယ်ထားကြောင်း PDF တပ်ရင်း ၃ ယာယီတပ်ရင်းမှူးက ပြောသည်။

“တပ်ပတ်လည်ဝိုင်းတဲ့ နေရာမှာ တည်ရှိနေတာပါ။ နောက်တစ်ချက်က ဦးအောင်သောင်းမြို့တော်လို့ ပြောတဲ့အတိုင်းပဲ၊ လေကာချုပ်၊ ရေကာချုပ်ကအစ သူ့ရဲ့မျိုးရိုးတွေချည်းပါပဲ။ အဲဒီအတွက် ကျန်တဲ့ နေရာတွေထက် ကျွန်တော်တို့ နေရာကို ပိုဖိပါတယ်” ဟု သူက ဆိုသည်။  

တောင်သာတွင် စစ်ကောင်စီတပ်အင်အား ၅၀၀ ဝန်းကျင်အထိ ဖြန့်ကြက်ချထားပြီး ကင်းပုန်းဝပ်ခြင်း၊ ပိုက်စိပ်တိုက် စစ်ကြောင်းထိုးခြင်း၊ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ ဖွဲ့ခြင်း၊ သတင်းပေးများမွေးမြူခြင်းကို ပြုလုပ်နေသည်ဟု စုံစမ်းသိရှိရကြောင်း ၎င်းက ပြန်လည်ပြောပြသည်။ 

တောင်သာမြို့နယ် ကျေးရွာ ၂၄၃ ရွာအနက် ရွာ ၉၀ တွင် တစ်ရွာလျှင် သေနတ် ၅ လက်တပ်ဆင်ပေးကာ စစ်သင်တန်းပို့ချမှုများရှိကြောင်း သူက ဆိုသည်။

စစ်ကောင်စီ မွေးမြူထားသည့် ပျူနှင့် သတင်းပေးအင်အားမှာ မြင်မကောင်းအောင် များပြားလာကြောင်း၊ တောင်သာကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မြို့နယ်မှ ထောက်ပို့ ကူညီမှု မရနိုင်သလို ဖုန်းဖြင့် ဆက်သွယ်ရန်ပင် လုံခြုံရေးအရ စိုးရိမ်နေရကြောင်း ၎င်းက ဆက်ပြောသည်။

ထိုဒေသအတွင်း ၁၀ မိုင်ဝန်းကျင် ခရီးရှိသည့် နွားထိုးကြီး – တောင်သာ ကားလမ်းတွင် ၂၀၂၂ ဧပြီလအထိ ဒေသကာကွယ်ရေးအဖွဲ့တို့ ပေါ်ပေါ်ထင်ထင် လှုပ်ရှားနိုင်သည့် အခြေအနေရှိသော်လည်း ယခုတွင်မူ ထိုသို့ မဟုတ်တော့ပေ။

ပြည်သူလူထုနှင့် ဆက်သွယ်ရန် ဖွင့်လှစ်ထားသည့် မြင်းခြံခရိုင် တပ်ရင်း (၃) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ Facebook စာမျက်နှာကိုပင် စစ်ကောင်စီဘက်တော်သားတို့က ၃ ကြိမ်တိတိ ပြုတ်ကျအောင် တိုက်ခိုက်သည်အထိ ကြုံခဲ့ရကြောင်း ထိုဒေသ၏ ပစ္စကအခြေအနေကို PDF တပ်ရင်း ၃ ယာယီ တပ်ရင်းမှူးက ရှင်းပြသည်။

နွားထိုးကြီး – တောင်သာ လမ်းပေါ်ရှိ မော်တော်ယာဉ်များကို PDF က စစ်ဆေးခဲ့သည် (ဓာတ်ပုံ – ပေးပို့)

ကိုယ့်မြို့ကိုယ်သိမ်းရန် ရည်သန်ထားကြ

နိုင်ငံအလယ်ပိုင်းကို စစ်ကောင်စီက အပြည့်အဝထိန်းချုပ်ထားသည်ဟု သတင်းလွှင့်လေ့ရှိသလို လက်တွေ့တွင်လည်း တော်လှန်ရေးအဖွဲ့များက ရံဖန်ရံခါမှသာ စစ်ရေးလှုပ်ရှားမှု၊ တိုက်ခိုက်မှုများ ပြုလုပ်နိုင်ကြသည်။ 

ထိုအခြေအနေကို NUG ကာကွယ်ရေး ဝန်ကြီးဌာနအတွင်းဝန် ဦးနိုင်ထူးအောင်ကလည်း အတည်ပြုသည်။ ၎င်းတို့လက်အောက်တွင် ဖွဲ့စည်းပုံအပြည့်ထူထောင်ခဲ့သော တပ်ရင်းများအလယ်ပိုင်းတွင် ခြေကုတ်ယူရန် ခက်နေကြောင်း ပြောသည်။

သူသည် စစ်တပ်က အာဏာသိမ်း၍ ဖြုတ်ချခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၏ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်ခွဲက အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာမျက်နှာစာ စသည့် ကဏ္ဍအသီးသီးတွင် အကျပ်တွေ့အောင် လုပ်ထားနိုင်သည့် NUG အစိုးရ အဖွဲ့အတွင်း စစ်ရေးကိစ္စများနှင့် ပတ်သက်၍ အရေးပါသော တာဝန်တစ်ခုကို ထမ်းဆောင်နေသည်။

“လက်တလောမှာတော့ ကိုယ်စားပြုနယ်မြေတွေမှာ PDF အဖွဲ့တွေက လှုပ်ရှားဖို့ခက်ခဲ့တဲ့အတွက် လှုပ်ရှားဖို့ပိုအခွင့်သာတဲ့နေရာတွေမှာ တခြားသော အင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့လှုပ်ရှားနေတဲ့ အနေအထားရှိပါတယ်” ဟု ၎င်းက ဆိုသည်။ 

တောတောင်ရှားပါးသလို လမ်းပန်းဆက်သွယ်ရေးကောင်း၍ စစ်ကောင်စီတပ်များ အလွယ်တကူ ဝင်ထွက်နိုင်ကာ စစ်တပ်အင်အားအလုံးရင်းချထားသည်။ ထို့ပြင် နယ်စပ်နှင့် ဝေးသောကြောင့် တော်လှန်ရေးအဖွဲ့များအတွက် လက်နက်ခဲယမ်းနှင့် ထောက်ပို့လုပ်ငန်းလည်း ခက်ခဲသည်ဟု သူ၏ မဲဆန္ဒနယ်မြေ အခြေအနေကို ဦးနိုင်ထူးအောင်က ရှင်းပြသည်။

သို့သော် ကိုယ့်ဒေသကိုထိုးဖောက်ရန် ကာကွယ်ရေးအဖွဲ့အသီးသီးက လက်နက်ခဲယမ်း၊ ဆေးဝါးနှင့် လူအင်အားစုဖွဲ့မှုများပြုလုပ်နေကြကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြသည်။

“လိုအပ်တာတွေ ပြင်ဆင်နေပါတယ်။ တပ်ပုံစံမျိုးဖြစ်သွားတဲ့အတွက် အထက်ကညွှန်ကြားတဲ့အတိုင်း ဘာမဆိုလုပ်ရပါတယ်။ အဲဒီအတွက် အချိန်တစ်ခုကြာရင် လှုပ်ရှားဖို့ အရာရာပြင်ဆင်နေပါတယ်” ဟု မြင်းခြံခရိုင် တပ်ရင်း ၇ တပ်ရင်းမှူး ကိုသက်ကြီးက ပြောသည်။

“တော်တော်လည်းပြည့်ပြည့်စုံစုံလုပ်နိုင်အောင် တိုက်ခိုက်ရေးပေါင်းစုံနဲ့ သူတို့ကို ဒုက္ခပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်”

လက်နက်ကိုင်ခုံခံမှုအားကောင်းသော စစ်ကိုင်းတိုင်း မြောင်၊ မကွေးတိုင်း ရေစကြိုမြို့နယ်နှင့် ထိစပ်နေသော မြင်းခြံမြို့နယ်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းချထားဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

စစ်တပ်အဝင်အထွက်များသဖြင့် တပ်သတင်းပေးနှင့် ဒလန်လည်း အားကောင်းပုံရကြောင်း၊ ကာကွယ်ရေးအဖွဲ့များမှာ ဒေသတွင်း ခြေကုပ်ယူရန် ခက်ခဲကြောင်း သူက ဆိုသည်။

လက်နက်ကိုင်တော်လှန်ရေးစတင်သည့် ကနဦးအစောပိုင်းတွင် Zero ‌ပြောက်ကျားတပ်ဖွဲ့ အမည်ဖြင့် မြင်းခြံတွင် လှုပ်ရှားခဲ့ရာမှ ယခုအခါ NUG လက်အောက်ခံ တပ်ရင်း ၇ အဖြစ် စစ်ကိုင်းတိုင်းတွင် ခြေကုပ်ယူလှုပ်ရှားနေသည်။ 

မြင်းခြံတွင် လှုပ်ရှားခဲ့စဉ်က ရွာတစ်ဒါဇင်နီးပါး ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဒလန်များခေါင်းမထောင်ရန် ဦးချိုးနိုင်ခဲ့ကြောင်း သူက ဆိုသည်။ စစ်တပ်က အကြီးအကျယ်ထိုးစစ်ဆင်ချိန် တောတောင်မရှိသည့် မြင်းခြံနယ်တွင် လှုပ်ရှားရန် ခက်ခဲလာကြောင်း ကိုသက်ကြီးက ပြောပြသည်။

မည်သို့ဆိုစေ မြင်းခြံအခြေပြု ကာကွယ်ရေးတပ်များက ကိုယ့်ဒေသကို ပြန်တက်ရန် ပြင်နေသလို ဒေသတွင်း ပြောက်ကျားတိုက်ခိုက်ရန် ရှေ့ပြေးအဖွဲ့များလည်း စေလွှတ်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – Mandalay PDF

ရှမ်းမြောက် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခုထံတွင် စစ်ပညာသင်ခဲ့သူဦးဆောင်သော Myingyan Black Tiger အဖွဲ့က မြင်းခြံနှင့် တောင်သာကြား စစ်ကောင်စီယာဉ်တန်းနှင့် စစ်ဆေးရေးဂိတ်ကို မိုင်းဆွဲခြင်း၊ ပျူစောထီးနှင့် သတင်းပေးများကို သတ်ဖြတ်ခြင်းတို့ ပြုလုပ်နေသည်။ မဟာမိတ်များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြောင်း Myingyan Black Tiger အဖွဲ့ခေါင်းဆောင်က ဆိုသည်။

“ကိုယ့်မြို့ကိုယ် တစ်နေ့ပြန်သိမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်။ အဲဒီအတွက် ကျွန်တော်တို့‌တွေ ကြိုးစားနေတယ်။ အခက်အခဲတွေ အများကြီးရှိတဲ့အထဲ ကျွန်တော်တို့ လူတွေ အဖမ်းခံရတာတွေ ရှိတယ်၊ အသတ်ခံရတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။ 

မြင်းခြံသည် မြန်မာနိုင်ငံ၏ ခါးရိုးတည့်တည့်တွင်ရှိပြီး ကာကွယ်ရေးအဖွဲ့များအားကောင်းလာပါက နာရီပိုင်းခရီးသာရှိသည့် နေပြည်တော်ကို ဗဟိုပြုနေသည့် စစ်ကောင်စီကို အကြီးအကျယ်ခြိမ်းခြောက်နိုင်မည်ဖြစ်ကြောင်း Myingyan Black Tiger အဖွဲ့ ခေါင်းဆောင်က သုံးသပ်သည်။

မြင်းခြံနှင့် နယ​်နိမိတ်ချင်းဆက် နွားထိုးကြီးမြို့နယ်တွင်လည်း တစ်လလျှင် စစ်ကောင်စီတပ်ကို အကြိမ် ၂၀ ထက်မနည်းတိုက်ခိုက်မှုရှိကြောင်း နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။ 

ထိုအဖွဲ့သည် စစ်ကောင်စီခြေရာမခံနိုင်ရန် ပြောက်ကျားလှုပ်ရှားကာ လူအင်အားကို ဖြန့်ကြက်၍ နိုင်ငံအလယ်ပိုင်းရှိ အခြားမြို့နယ်များတွင်ပါ လှုပ်ရှားတိုက်ခိုက်မှုရှိသည်ဟု ဆိုသည်။

မန္တလေးတစ်တိုင်းလုံး ခြုံကြည့်ပါက မန္တလေးပေါ်မြို့တွင် ပြောက်ကြားလှုပ်ရှားမှု အားကောင်းနေပြီး အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇာတိမြေ ကျောက်ဆည်မြို့နယ်တွင် စစ်ကောင်စီကို တိုက်ခိုက်မှုပြင်းထန်ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၃) ယာယီတပ်ရင်းမှူးက ပြောသည်။

မိတ္ထီလာအလွန် ကျောက်ပန်းတောင်းနှင့် ပုဂံညောင်ဦးတို့တွင် ကာကွယ်ရေးအဖွဲ့များဖွဲ့စည်းထားပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြောင်း ၎င်းက ဆိုသည်။

အောက်တိုဘာ ၂၉ ညနေ ၄ နာရီတွင် ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ် ရဲစခန်းကို မြင်းခြံခရိုင် တပ်ရင်း (၃) က စီးနင်းတိုက်ခိုက်ခဲ့ရာ စခန်းမှူးနှင့် ဒုရဲအုပ်အပါအဝင် စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးကာ လက်နက်များလည်း သိမ်းဆည်းရရှိခဲ့သည်။

မန္တလေးမြို့တွင် ပြောက်ကျားအဖွဲ့များ၏ တိုက်ခိုက်မှုတစ်ခုကို မတ်လအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

သတိနှင့်ယှဉ် ထိုးစစ်ဆင်ရမည့် အစိမ်းတို့၏ နယ်မြေ

၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်များအရ အလယ်ပိုင်းတွင် NLD ပါတီက ထောက်ခံအားပေးမှု အားကောင်းသော်လည်း စစ်တပ်မိတ်ဖက် ပြည်ခိုင်ဖြိုးပါတီ အားကောင်းသည့် မြို့နယ်များလည်း ရှိနေသည်။

အစိမ်းနယ်မြေဟု အများက ခေါ်ကြသည့် ကျောက်ဆည်တွင် လက်နက်ကိုင်ခုခံတော်လှန်မှုများ ရှိနေသော်လည်း စစ်ကိုင်းတိုင်းနှင့် ယှဉ်လျှင် လူထုပူးပေါင်းပါဝင်မှု အားနည်းကြောင်း ကျောက်ဆည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တော်လှန်ရေးဦးဆောင်ကော်မတီအဖွဲ့ဝင်ဖြစ်သူ ကိုမင်းခန့်က သုံးသပ်သည်။

“လူထုက ကိုယ့်ဘက်ပါမယ်ဆိုပြီးတော့ လုံးဝယုံကြည်လို့မရဘူး။ ဥပမာ စစ်ကိုင်းဒေသဘက်ဆိုရင် လူထုက ကိုယ့်နောက်မှာရှိတယ်ဆိုပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေက လူထုအားကို ယုံကြည်လို့ရတယ်ဗျာ” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ကျောက်ဆည်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုဆက်ရှိနေကြောင်း မြေပြင်သပိတ်များမရှိသော်လည်း တစ်နည်းနည်းဖြင့် ဆန့်ကျင်မှုကို ပြနေကြောင်း သူက ဆိုသည်။ 

နှစ်စဉ်ကျင်းပလေ့ရှိသည့် ကျောက်ဆည်ဆင်ပွဲကို စစ်ကောင်စီက ယခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပရာ လူထုမပူးပေါင်း၍ ခြောက်ကပ်ကပ်ဖြင့် အဆုံးသတ်သွားသည်ဟု ကိုမင်းခန့်က  ထောက်ပြသည်။

မြင်းခြံအခြေစိုက် Myingyan Black Tiger အဖွဲ့ခေါင်းဆောင်ကမူ ၂၀၂၁ နွေဦးတော်လှန်ရေးသည် အနီ၊ အစိမ်းခွဲခြားခြင်းမရှိဘဲ အသိဉာဏ်ရှိသူတိုင်းက မတရားမှုကို တွန်းလှန်နေခြင်းသာဖြစ်သည်ဟု ပြောသည်။

“ဓမ္မနဲ့ အဓမ္မကို ယှဉ်ပြိုင်နေတာ၊ အမှားနဲ့ အမှန်ကို ယှဉ်ပြိုင်နေတာဖြစ်တယ်။ သူတို့ရွေးချယ်မှုက တော်လှန်ရေးရဲ့ အဆုံးအဖြတ်မဖြစ်ပါဘူး။ ကျွန်တော်တို့ ယုံကြည်ချက်ကသာ တော်လှန်ရေးရဲ့ အဆုံးအဖြတ် ဖြစ်ပါလိမ့်မယ်” ဟု သူက ဆိုသည်။ 

အခြားတစ်ဖက်တွင်မူ တစ်နေ့တခြား စိုးမိုးနယ်မြေ ထိပါးလာသည့် စစ်ကောင်စီက စစ်ရေးအရ အကြီးအကျယ်ပြင်ဆင်နေသည်။ နိုင်ငံအနှံ့ မြေပြင်တပ်များ အထိနာနေချိန်တွင် တော်လှန်ရေးအဖွဲ့များ ခုခံတားဆီးနိုင်စွမ်း မရှိသည့် လေကြောင်းကို အဓိကထား၍ အရပ်ဘက်ပစ်မှတ်များပါ မချန် ရက်စက်စွာ တိုက်ခိုက်နေသည်။

တော်လှန်ရေးအဖွဲ့များကလည်း စိန်ခေါ်မှုမျိုးစုံကြားမှ မြန်မာ့နိုင်ငံကို ဒုက္ခတောထဲ ပို့နေသည့် စစ်အာဏာရှင်စနစ်ကို ယခုတစ်ကြိမ်တွင် အမြစ်ဖြုတ်ရန် သန္နိဋ္ဌာန်ချထားသည်။ နေပြည်တော်နှင့် နီးသည့် မြန်မာနိုင်ငံဗဟိုချက်ကို ထိုးဖောက်ဝင်ရောက်နေကြသည်။ အဆုံးထိတိုက်ရန်လည်း စိတ်ပိုင်းဖြတ်ပြီးသားဖြစ်သည်ဟု ပြောသည်။

“အတ္တလမ်းစဉ်ကို မလိုက်ပါဘူး။ တရားတစ်ဖက် ဓားတစ်ဖက်နဲ့ တော်လှန်ရေးကို ရိုးသားကြိုးစားပြီးတော့ လုပ်ကိုင်နေပါတယ်။ ပြည်သူ့ရဲ့ ယုံကြည်မှုရှိအောင် ကျွန်တော်တို့ ကြိုးစားပါတယ်” ဟု မြင်းခြံခရိုင် တပ်ရင်း (၃) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ယာယီတပ်ရင်းမှူးက ဆိုလိုက်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

    Show More

    Related Articles

    Back to top button