သတင်း

အင်လျားကန်စောင်းရှိ Lotte ဟိုတယ်မှ ဝန်ထမ်းအများအပြား ကိုဗစ်ကူးစက်ခံထားရ 

ရန်ကုန်မြို့ ပြည်လမ်း ၆ မိုင်ခွဲရှိ Lotte ဟိုတယ်မှ ဝန်ထမ်းများကို ဇူလိုင်လ ဒုတိယပတ်အတွင်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိစစ်ဆေးခဲ့ရာ ဝန်ထမ်းထက်ဝက်ကျော်တွင် ကိုဗစ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်ဟု အမျိုးသမီးဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။

ကိုဗစ်ကူးစက်ခံထားရသည့် ဝန်ထမ်းများကို ဟိုတယ်က ချက်ချင်းပြန်ခိုင်းသောကြောင့် ရောဂါပိုး ပိုမိုပျံ့နှံ့စေခဲ့ကြောင်းလည်း အဆိုပါ အမျိုးသမီးဝန်ထမ်းက ဆိုသည်။

“Quarantine( အသွားအလာကန့်သတ်မှု) အနေနဲ့ အကြာကြီးမထားနိုင်ရင်တောင်မှ တစ်ပတ်တန်သည်ပေါ့။ ခဏထားပေးသင့်တယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုချက်ချင်း P (ပိုးတွေ့) လည်းပေါ်ရော အိမ်ကို တန်းပြန်ခိုင်းတော့ အိမ်ကလူတွေပါ တန်းကူးကုန်မှာပေါ့” ဟု ၎င်းက ပြောသည်။ 

အင်းလျားကန်စောင်းရှိ Lotte ဟိုတယ်၌ ထိုသို့စစ်ဆေးပြီး ပိုးတွေ့ဝန်ထမ်းများကို ချက်ချင်းနေအိမ်ပြန်စေခဲ့ရာတွင် သီးသန့်ယာဉ်မစီစဉ်ပေးဘဲ အငှားယာဉ်ဖြင့်သာ ပြန်စေခဲ့သဖြင့် အခြားသူများနှင့် အနီးကပ်ထိတွေ့မှု ပိုဖြစ်စေသည်ဟုလည်း ဆိုသည်။ 

Lotte ဟိုတယ်နှင့် ဝန်ဆောင်မှုစင်တာနှစ်ခုတွင် ဝန်ထမ်းပေါင်း ၃၀၀ မှ ၄၀၀ ခန့်ရှိပြီး ကိုဗစ်တတိယလှိုင်းကာလတွင် အုပ်စုနှစ်ခုခွဲကာ အလှည့်ကျအလုပ်ဆင်းရသည်ဖြစ်ရာ ထိုသို့ ကိုဗစ်စစ်ဆေးပြီးနောက် ပိုးတွေ့သူများကို နေအိမ်တွင် နှစ်ပတ်နေထိုင်ရန် ဟိုတယ်စီမံခန့်ခွဲသူများက ညွှန်ကြားထားသည်ဟု သိရသည်။ 

ဟိုတယ်ဝန်ထမ်းများ ကိုဗစ်ကူးစက်ခံရသည့် အခြေအနေများနှင့် ပတ်သက်၍ အခြေအနေအသေးစိတ် သိရှိနိုင်ရန် Lotte ဟိုတယ်ကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် လက်ရှိကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေများကြောင့် ဖုန်းလက်ခံဖြေဆိုရန် အဆင်မပြေကြောင်းသာ အကြောင်းပြန်ခဲ့သည်။ 

နိုင်ငံတကာအဆင့်မီဟိုတယ်ကြီးတစ်ခုဖြစ်သော Lotte ဟိုတယ်တွင် ကိုဗစ်ကူးစက်ခံထားရသူ မည်မျှရှိသည်ကို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအော်ပရေတာဖြစ်သူ တောင်ကိုရီးယားရေနံကုမ္ပဏီ Posco က Lotte ဟိုတယ်ကို တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်ပြီး၊ ထိုရေနံကုမ္ပဏီဝန်ထမ်းများကို ဟိုတယ်၌ပင် ကိုဗစ်စစ်ဆေးခဲ့သော်လည်း ပိုးတွေ့လူနာများကို သီးသန့်နေထိုင်စေခြင်း မရှိခဲ့ဟု အထက်ပါအမျိုးသမီးဝန်ထမ်းက ဖြည့်စွက်ပြောကြားသည်။ 

ကြယ်ငါးပွင့်အဆင့်ရှိ Lotte ဟိုတယ်ကို တောင်ကိုရီးယားရေနံကုမ္ပဏီ Posco၊ Lotte ဟိုတယ်လုပ်ငန်းစုနှင့် မြန်မာနိုင်ငံမှ နာမည်ကျော်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးနေအောင်၏ IGE ကုမ္ပဏီတို့က အကျိုးတူပူးပေါင်းရင်းနှီးမြှုပ်နှံထားသည်။

အင်းလျားကန်စောင်းရှိ စစ်တပ်ပိုင်မြေနေရာတွင် တည်ဆောက်ထားသည့် အခန်းပေါင်း ၃၄၃ ခန်းပါ Lotte Yangon နှင့် တွဲလျက်ရှိ အခန်းပေါင်း ၃၁၅ ခန်းပါ အဆင့်မြင့်အိမ်ရာကို ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ဟိုတယ်လုပ်ငန်းမှနေ၍ စစ်တပ်က အကျိုးအမြတ်များရရှိနေပြီး စစ်တပ်ပိုင် Mytel မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ၏ သုံးနှစ်ပြည့်အခမ်းအနားကို Lotte ဟိုတယ်၌ ကျင်းပခဲ့ကြောင်း စစ်တပ်နှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများအကြောင်း ဖော်ထုတ်ရေးသားနေသည့် Justice For Myanmar အဖွဲ့က ထုတ်ပြန်ခဲ့ဖူးသည်။ 

စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် အဆက်အဆံရှိနေခြင်းသည် စစ်တပ်၏ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ငွေကြေးထောက်ပံ့ရာရောက်စေသောကြောင့် POSCO နှင့​ LOTTE အပါအဝင် တောင်ကိုရီးယားစီးပွားရေးလုပ်ငန်း ၅ ခုကို မြန်မာစစ်တပ်နှင့် အဆက်အသွယ်ဖြတ်ရန် တောင်ကိုရီးယားနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။

Show More

Related Articles

Back to top button