သတင်း

ရန်ကုန်ပရဟိတအသင်းများ အခက်အခဲများစွာဖြင့် ရုန်းကန်နေရ

ကိုဗစ်တတိယလှိုင်းအတွင်း ရန်ကုန်မြို့လမ်းများပေါ်တွင် အချိန်ပြည့်နီးပါး လှုပ်ရှားနေရသော ပရဟိတအသင်းများသည် ကျန်းမာရေးဆိုင်ရာ အကာအကွယ်သုံးပစ္စည်းများရှားပါးမှု၊ ရန်ပုံငွေအင်အားလျော့နည်းလာမှု၊ အသင်းဝင်များ နာမကျန်းဖြစ်မှုများဖြင့် ရင်ဆိုင်နေရသည်။

ကူးစက်ရောဂါကာကွယ်ရာတွင် အဓိကကျသည့် နှာခေါင်းစည်း၊ လက်အိတ်နှင့် PPEတို့ ရှားပါးလာကြောင်း၊ လူနာပို့ခြင်း၊ ရုပ်အလောင်းပို့ခြင်းလုပ်ငန်း စုပုံလာသဖြင့် အခေါက်ရေတိုး၍ သွားလာနေရသည့် အသင်းပိုင်မော်တော်ယာဉ်များအတွက် လောင်စာဆီစရိတ်မှာလည်း အခက်အခဲတစ်ရပ်ဖြစ်လာနေကြောင်း လူမှုကူညီရေးအသင်း လေးခုက Myanmar Now ကို တူညီစွာပြောကြသည်။

စစ်တပ်အာဏာမသိမ်းမီ ကိုဗစ်နိုင်တင်းဒုတိယလှိုင်းကာလက နိုင်ငံရေးတည်ငြိမ်ချိန်တွင် စုဆောင်းထားသည်များကိုသာ ပရဟိတအသင်းအချင်းချင်း မျှဝေအသုံးပြုနေရပြီး လာမည့် သီတင်းတစ်ပတ်အတွင်း ပြတ်လပ်နိုင်ခြေရှိနေသည်ဟု ၎င်းတို့ထံမှ သိရသည်။

“ကာကွယ်ရေးပစ္စည်းထပ်ဝယ်ဖို့ထက် ကျွန်တော်တို့မှာ စက်သုံးဆီကို လုံးပန်းနေရတဲ့အတွက် ပစ္စည်းဝယ်ဖို့ကို အားနည်းတယ်။ အရင်တုန်းက လက်ကျန်လေးတွေပဲ သုံးနေရတာလေ။ လက်ကျန်ကုန်သွားရင် နှာခေါင်းစည်း၊ လက်အိတ်လောက်ကိုပဲ သုံးပြီး surgical (PPE ကဲ့သို့သော ခွဲစိတ်ခန်းသုံး အကာအကွယ်ဝတ်ရုံ) တွေ မရှိတော့ရင်လည်း ဆက်လက်ကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ရွှေသန်လျင်နာရေးကူညီမှုအသင်းတည်ထောင်သူ ကိုအောင်နိုင်ဝင်းက ပြောသည်။

အသင်းတွင် ဖျားနာသည့် စေတနာ့ဝန်ထမ်းများလည်း ရှိနေပြီး သီးသန့်ခွဲ၍ အနားယူခိုင်းထားရကြောင်း ၎င်းက ဆက်ပြောသော်လည်း အရေအတွက်ကိုမူ မသိရပေ။

“တချို့ကျတော့လည်း ရာသီတုပ်ကွေးပုံစံမျိုးပေါ့။ သွားမစစ်ရဲဘူး။ သွားစစ်လိုက်ရင် positive ဖြစ်သွားရင် လုပ်လို့မရတော့မှာစိုးလို့ ကြိတ်ပြီး ကုပြီး သက်သာလာရင် လုပ်တဲ့အပိုင်းတွေလည်း ရှိတာပေါ့” ဟု ကိုအောင်နိုင်ဝင်းက ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် လှိုင်သာယာမြို့နယ်အခြေပြု ပရဟိတအသင်းတစ်ခု၏ တာဝန်ရှိသူကလည်း ကျန်းမာရေးဆိုင်ရာ အကာအကွယ်သုံးပစ္စည်းရှားပါးနေသည်မှာ မှန်ကန်ကြောင်း၊ သို့သော် လတ်တလောတွင် ကာကွယ်ရေးထက် အလုပ်ဖြစ်မြောက်ရေးတွင် အဓိကကျသည့် စက်သုံးဆီစရိတ် ပိုမိုကုန်ကျလာခြင်းကို ဦးဆုံးရင်ဆိုင်နေရကြောင်း ပြောသည်။

အောက်စီဂျင် အရေးပေါ်လိုအပ်မှုကို ဖြည့်ဆည်းပေးနေသည့် ဒေါပုံမြို့နယ်၊ နွယ်အေးစွန္နီဂျာမေဗလီလူမှုကူညီရေးပရဟိတအသင်းအတွက် လက်အိတ်ရှာဖွေဝယ်ယူရာတွင်ပင် အခက်အခဲရှိနေကြောင်း အတွင်းရေးမှူး ဦးဇော်မင်းလတ်က ဇူလိုင် ၁၉ တွင် ပြောသည်။ 

ဇူလိုင်လအတွင်း ကိုဗစ်နိုင်တင်းကပ်ရောဂါလက္ခဏာများဖြင့် ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သူ သုံးဦးအထိရှိခဲ့သည့် ကြည့်မြင်တိုင်မြို့နယ်အခြေစိုက် အားမာန်ပရဟိတအသင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက စစ်ကောင်စီလက်ထက် ကိုဗစ်တတိယလှိုင်းကြုံရချိန်တွင် အဆုံးအရှုံးများလွန်းသည်ဟု ပြောသည်။

“ကျွန်တော်တို့မှာ သုံးယောက်စလုံးကို ကိုယ့်အသင်းသားတောင်မှ ကိုယ်မကူညီနိုင်ဘူးပေါ့ဗျာ။ အခုချိန်မှာ အောက်ဆီဂျင်လာငှားတဲ့သူကိုလည်း ဘယ်လိုပြောရမှန်း မသိတော့ဘူး။ ကျွန်တော်တို့မှာ အိုးတွေက မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

အားမာန်ပရဟိတအသင်းဝင် ၂၄ နှစ်အရွယ် ကိုမြင့်မြတ်သူ၊ ၂၉ နှစ်အရွယ် ကိုဝင်းနိုင်ဦး၊ ခန့်မှန်းခြေ အသက် ၆၀ ခန့်ရှိသည့် ဦးသက်မော်တို့သည်  ဇူလိုင် ၁၀ မှစ၍ တစ်နေ့တစ်ဦး ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

သူတို့သုံးဦးမှာ ပထမလှိုင်း၊ ဒုတိယလှိုင်းကာလများအတွင်း ကိုဗစ်ကာကွယ်၊ ကုသရေးကူညီမှုများနှင့် အရံမီးသတ်တာဝန်များကို တက်ကြွစွာထမ်းဆောင်ခဲ့သူများဖြစ်ကြောင်း၊ ရန်ကုန်မြို့၌ ကိုဗစ်တတိယလှိုင်း အပြင်းအထန်ကြုံရချိန် ဇူလိုင်ဆန်းတွင် ကိုယ်တိုင်နာမကျန်းဖြစ်ခဲ့ကြကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

ရန်ကုန်မြို့တွင် ပုံမှန်အားဖြင့် နာရေးတစ်ရာကျော်သာ ရှိရာမှ ဇူလိုင်လပထမပတ်နောက်ပိုင်း၌ လူတစ်ထောင်ဝန်းကျင်သေဆုံးနေကြောင်း စစ်ကောင်စီ၏ စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားတွင် ယမန်နေ့(ဇူလိုင် ၁၉)က ထုတ်ပြောသည်။ သို့သော် ကိုဗစ်ကြောင့်သေဆုံးသူ တစ်ရာကျော်သာ ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

အရပ်သားအစိုးရလက်ထက် ကိုဗစ်ကပ်ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းကြုံရချိန်တွင် ကူညီ၊ ကယ်ဆယ်ရေးလုပ်ငန်းများ တာဝန်ယူဖူးသူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကမူ စစ်ကောင်စီက ထုတ်ပြန်နေသည့် စာရင်းများသည် မြေပြင်အခြေအနေနှင့် များစွာကွဲလွဲနေမည်ဟု Myanmar Now ကို သုံးသပ်ပြောကြားထားသည်။

Show More

Related Articles

Back to top button