သတင်း

စစ်ကိုင်းမြို့လူမှုကူညီရေးအသင်း စီးနင်းခံရပြီး အသင်းသားများအပါအဝင် ၇ ဦးကို ဖမ်းဆီး

PDF များကို ထောက်ပံ့သည်ဆိုကာ စစ်ကိုင်းမြို့မှ လူမှုကူညီရေးအသင်းတစ်သင်းကို ယခုလ ပထမပတ်တွင် စစ်တပ်က ဝင်စီးပြီး အသင်းသား ၆ ဦးနှင့် ဒေသခံတစ်ဦးကို ဖမ်းဆီးသွားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကို ထောက်ပံ့သည်ဆိုကာ စစ်ကိုင်းမြို့မှ လူမှုကူညီရေးအသင်းတစ်ခုကို ယခုလ ပထမပတ်တွင် စစ်တပ်က ဝင်ရောက်စီးနင်းကာ အသင်းသား ၆ ဦးနှင့် ဒေသခံတစ်ဦးကို ဖမ်းဆီးသွားသည်ဟု စစ်ကိုင်းမြို့ခံများက ပြောသည်။

ပြီးခဲ့သည့် မေ ၄ ရက် ညနေတွင် စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်နေ ကိုချစ်မင်းဦးနှင့် အုတ်စက်ရပ်ကွက်နေ သုခကာရီလူမှုကူညီရေးအသင်း ကားမောင်းသူ ကိုအောင်သူတို့ကို စစ်တပ်က ၎င်းတို့ နေအိမ်များတွင် အင်အားအများအပြားဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့သည်။

နောက်တစ်နေ့တွင် စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုဋ္ဌ် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ “သုခကာရီ” ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းရုံးကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာ အသင်းသားများဖြစ်သည့် ကိုအာကာဖြိုးကျော်၊ ကိုအောင်အောင်၊ ကိုစိုးဝင်း၊ ကိုအေးဇာနည်ထွန်းတို့ ဖမ်းဆီးခံရသည်။ တစ်နေ့တည်းမှာပင် စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက်နေ အသင်းသား ကိုဇင်ဖြိုးအောင် (ခ) ဖက်တီးကိုလည်း နေအိမ်တွင်ပင် ဝင်ရောက် ဖမ်းဆီးခဲ့သည်။

 “PDF တွေကို ထောက်ပံ့ပေးတယ်ဆိုပြီး ဖမ်းသွားတာ။ လူမှုရေးအသင်းသားတွေလည်း ပါတယ်။ ဒီရက်ပိုင်း စစ်ကိုင်းမြို့ပေါ်မှာက အစစ်အဆေးရော အဖမ်းအဆီးရော အတော်ကို ကြမ်းနေတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

မေ ၄ ရက် နံနက်တွင်လည်း ဧမြဝတီရပ်ကွက်မှ အမျိုးသား၄ ဦး ဖမ်းဆီးခံခဲ့ရသည်၊ မည်သူမည်ဝါဟု အတည်မပြုနိုင်သည့် ဖမ်းဆီးမှုများလည်းရှိသည်ဟု စစ်ကိုင်းမြို့ခံက ပြောသည်။

“ဧမြဝတီရပ်က ၄ ဦးမှာ ၃ ဦးက ကျောက်စိမ်းပုတီးရောင်းပြီး ပြန်လာတာ။ သုံးဘီးဆိုင်ကယ်နဲ့ အရပ်ထဲအရောက် သုံးဘီးပေါ်ကအဆင်း တန်းဖမ်းခံရတာ။ နောက်တစ်ဦးက အိမ်ထဲ ကျောက်ဖြတ်နေတာကို ဝင်ဆွဲသွားတယ်”

“သုခကာရီ” လူမှုကူညီရေးအသင်းသားများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်များတွင် စစ်ကိုင်းမြို့ပေါ်မှ PDF ထောက်ပို့ ၇ ဦးကို ဖမ်းဆီးထားသည်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် စစ်ကိုင်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု ရေးသားထားကြသည်။

ဧရာဝတီမြစ်အနောက်ဘက် ကမ်းနဖူးတွင် တည်ရှိသည့် စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသတွင်လည်း အဖမ်းအဆီးများ ရှိနေပြီး တစ်ပတ်အတွင်း ၁၀ ဦးထက်မနည်း ရှိနေဟု ဒေသခံများ အသုံးပြုသည့် မင်းကွန်းတိုက်နယ်-သတင်းအမှန် ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြသည်။

စစ်ကိုင်းမြို့နယ်တွင် သင်္ကြန်ကာလနောက်ပိုင်းတွင် အဖမ်းအဆီးများလာသည်၊ ဖမ်းဆီးခံရသူများကို စစ်မှုထမ်းစေရန် လူသစ်စုဆောင်းခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။ ထိုအဖမ်းအဆီးများနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေကိုမူ စုံစမ်းနိုင်ခြင်းမရှိသေးပေ။

အာဏာသိမ်းပြီနောက် စစ်ကောင်စီသည် ထင်ရှားသည့် အနုပညာရှင်များ၊ နိုင်ငံရေးသမားများ၊ လူငယ်များ၊ သတင်းထောက်များနှင့် လူမှုရေးအသင်းအဖွဲ့ တာဝန်ရှိသူများကို ပစ်မှတ်ထားဖမ်းဆီးခဲ့သည်။ လူမှုရေးအသင်းအဖွဲ့များ၏ ရုံးခန်းများကို ဝင်ရောက်စီးနင်းကာ ရုံးပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့သည့် သာဓကများရှိသည်။

ထင်ရှားသည့် ဖြစ်ရပ်များအဖြစ် စစ်တပ် အာဏာသိမ်းပြီးပြီးချင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ထားသည့် ကော့မှူးမြို့နယ်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ရုံးပစ္စည်းများကို ဖျက်ဆီးခဲ့ကြသည်။

အလားတူ ဦးကျော်သူ တည်ထောင်ထားသည့် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း ရုံးခန်းကိုလည်း ၂၀၂၁ ခုနှစ် မတ်လ ပထမပတ်အတွင်း စစ်တပ်က ဝင်ရောက်စီးနင်းကာ ရုံးပစ္စည်းများကို ဖျက်ဆီးခဲ့ကြသည်။ ထိုအသင်းဥက္ကဋ္ဌ ဦးကျော်သူလည်း နိုင်ငံဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီး တိမ်းရှောင်နေရသည်။

ထို့ပြင် မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ ရွှေမဟာနွယ်ပရဟိတအသင်းရုံးကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ဒုတိယပတ်အတွင်း စစ်တပ်က ဝင်စီးပြီး အသင်းဥက္ကဋ္ဌဖြစ်သူ ဒေါ်နွယ်နွယ်ဝင်းကို ဖမ်းဆီးခဲ့သည်။

ဒေါ်နွယ်နွယ်ဝင်းသည် နိုင်ငံဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၃ နှစ် ချခံရပြီး ၂၀၂၃ မေလအတွင်း ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ယင်းနှစ် ဩဂုတ်လတွင် စစ်တပ်က ထပ်မံဖမ်းဆီးထားသည်။

Show More

Related Articles

Back to top button