သတင်း

အိမ်အကူမိန်းကလေးကို ခွေးနဲ့ ရှူးတိုက် နှိပ်စက်တာတွေလုပ်လို့ ရဲစခန်းမှာ အမှုဖွင့်ထား

ရန်ကုန်မြို့က အသက်မပြည့်သေးတဲ့ အိမ်အကူမိန်းကလေးတစ်ဦးကို အိမ်ရှင်ဖြစ်သူက အိမ်မှာမွေးထားတဲ့ခွေးနဲ့ ရှူးတိုက်ခြင်း၊ အညိုအမည်း စွဲလောက်အောင် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ ပြုလုပ်ခဲ့တာကြောင့် ရပ်ကွက်ရာအိမ်မှူးက နယ်မြေ ရဲစခန်းမှာ ယခုလ ၃ ရက်နေ့က အမှုဖွင့်ခဲ့ကြောင်း သိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ကြီးပွားရေးရပ်ကွက် အောင်မေတ္တာလမ်း၊ တိုက်အမှတ် (၄)၊ အခန်း ၂၂ မှာနေသူ မနီလာဝင်း (ခေါ်) မသဲသဲချိုရဲ့နေအိမ်မှာ အိမ်အကူလုပ်နေတဲ့ အသက် ၁၂ နှစ်အရွယ် မသန္တာလှိုင်ဟာ ယခုလ ၃ ရက်နေ့က အညိုအမည်း ဒဏ်ရာနဲ့ထွက်ပြေးလာတဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ယူမေးမြန်းခဲ့ကြောင်း၊ အိမ်ရှင်က နှိပ်စက်ညှဉ်းပန်းထားကြောင်း သိရတဲ့အတွက် အမှုဖွင့်တိုင်ကြားခဲ့ရတာဖြစ်ကြောင်း အဆိုပါရပ်ကွက်ရဲ့ ရာအိမ်မှူး ဦးအောင်ကြည်ဝင်းရဲ့ တိုင်ကြားစာအရ သိရပါတယ်။

အဲဒီနေ့က အိမ်အကူဖြစ်သူကို လက်ဖက်ရည် တစ်ခွက် ဝယ်ခိုင်းရာမှာ နှစ်ခွက်ဝယ်လာတဲ့အတွက် အိမ်ရှင် မနီလာဝင်းက ကြက်တောင်မွေး၊ တံမြက်စည်း၊ ဖိနပ်တို့်နဲ့ရိုက်၊ လည်ပင်းညှစ်၊ ဦးခေါင်းကို နံရံနဲ့ဆောင့်တာတွေ လုပ်တယ်လို့ တိုင်ကြားစာထဲမှာ ဖော်ပြထားပါတယ်။

မသန္တာလှိုင်ကို သင်္ဃန်းကျွန်း စံပြဆေးရုံကြီး ပို့ပြီး ဆေးစစ်စေရာမှာတော့ သူ့ရဲ့ခြေထောက်တွေမှာ ခွေးကိုက်တဲ့ဒဏ်ရာတွေ အများကြီးတွေ့ရှိကြောင်း၊ လတ်တလောရရှိထားတဲ့ ဒဏ်ရာမျိုးမဟုတ်ဘဲ အမာရွတ်တွေဖြစ်ကြောင်း၊ လတ်တလောဒဏ်ရာတွေကတော့ မျက်နှာမှာ ဖူးရောင်တာ၊ ခေါင်းမှာဘုထွက် နေတာတွေ ဖြစ်ကြောင်း အဲဒီဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သန်းလှက Myanmar Now ကို အတည်ပြုပါတယ်။

“ဆေးမှတ်တမ်းယူဖို့ ကျွန်မတို့ဝန်ထမ်းအဆင့်ဆင့်ရှေ့မှာ ကာယကံရှင် ကလေးမလေးကိုယ်တိုင် သူ့ကို ခွေးနဲ့ရှူးတိုက်တယ် လို့ ပြောတယ်။ သူ့လည်ပင်းကိုညှစ်တယ်ပြောတယ်။ ဖိနပ်နဲ့ရိုက်တယ်ပြောတယ်။ ကျိုးတာ၊ ပဲ့တာတော့ မတွေ့ဘူး။ ညိုမည်းဖူးရောင် ပွန်းပဲ့တာပဲရှိတာ။ နာရွက်တွေ၊ ခြေထောက်တွေမှာတော့ အမာရွတ်တွေရှိတယ်” လို့ ဆရာဝန်ကြီးက ဆိုပါတယ်။

အိမ်အကူအဖြစ်လုပ်ကိုင်စဉ် နှိပ်စက်ခံခဲ့ရတဲ့ မသန္တာလှိုင်ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ တွေ့ရစဉ်။ (ဓာတ်ပုံ- ပြည့်ပြည့် / Myanmar Now)

မသန္တာလှိုင်ရဲ့ခြေဖမိုးနှစ်ဖက်ရှိ ခွေးကိုက်ဒဏ်ရာတွေကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံများကိုလည်း ဆရာဝန်ကြီးက ပြသပါတယ်။

ဒီဖြစ်စဉ်ကို သုဝဏ္ဏရဲစခန်းမှာ ပုဒ်မ ၃၂၅ (တုံးသောလက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု) နဲ့ အမှုဖွင့် ဆောင်ရွက်လျက်ရှိပါတယ်။

ရာအိမ်မှူး ဦးအောင်ကြည်ဝင်းကတော့ အခင်းဖြစ်ရာနေ့မှာပဲ အိမ်အကူ ကလေးကို စံပြဆေးရုံ တင်ပို့ပြီး ဆေးစစ်ချက်ယူတယ်၊ ယခုလ ၄ ရက်နေ့ည နေပိုင်းမှာ လူတစ်စုက ဆေးရုံတာဝန်ကျသူများကို ခွင့်တောင်း အသိပေးခြင်းမပြုဘဲနဲ့ အိမ်အကူကလေးကို မနီလာဝင်းတို့ရဲ့နေအိမ်ကို တိတ်တဆိတ် ပြန်လည် ခေါ်ဆောင်သွားတယ်လို့ ရှင်းပြပါတယ်။

ဒီဖြစ်ရပ်ကို သိရတဲ့အတွက် ရာအိမ်မှူးနဲ့ ရဲတပ်ဖွဲ့က အဆိုပါမိန်းကလေးကို ဆေးရုံ ပြန်ပို့ပေးခဲ့ရတယ်လို့ ပြောပါတယ်။

“ကောင်မလေးက ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်က။ သူဒီအိမ်ကိုရောက်လာတာ လွန်ခဲ့တဲ့ ၇ လ လောက်ကမှ။ သူ့အမေကိုယ်တိုင် လာအပ်ထားတာ။ လုပ်အားခ မပေးတာမျိုး၊ မိသားစုနဲ့ အဆက်အသွယ်ဖြတ်ထားတာမျိုးတော့ မရှိဘူးလို့ သိရတယ်”လို့ ရာအိမ်မှူးက ပြောပါတယ်။

အိမ်အကူအဖြစ်လုပ်ကိုင်စဉ် နှိပ်စက်ခံခဲ့ရတဲ့ မသန္တာလှိုင်ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ တွေ့ရစဉ်။ (ဓာတ်ပုံ- ပြည့်ပြည့် / Myanmar Now)

မိန်းကလေးရဲ့ မိခင် အသက် ၃၂ နှစ်အရွယ် ဒေါ်ခင်လှိုင်မြင့်က ဒီအမှုကို ကြားသိရတဲ့အတွက် လပွတ္တာကနေ ရန်ကုန်မြို့ကို ရောက်နေတယ်၊ ညှဉ်းပန်းမှု ကျူးလွန်တယ်လို့ စွပ်စွဲခံနေရတဲ့ မနီလာဝင်းရဲ့ နေအိမ်မှာ ရှိနေတယ်ဆိုတာ သိရတဲ့အတွက် Myanmar Now က ဇွန်လ ၇ ရက်နေ့မှာ သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

သူတို့ဟာ ဆွေမျိုးသားချင်းဖြစ်တာကြောင့် အမှုဖွင့်ဖို့ အစီအစဉ်မရှိဘူးလို့ ဒေါ်ခင်လှိုင်မြင့်က ပြောပါတယ်။ မနီလာဝင်းနှင့် ဒေါ်ခင်လှိုင်မြင့်တို့ဟာ တူအရီးဝမ်းကွဲတော်စပ်တယ်လို့ အဲဒီအိမ်ကနေ သိရပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။

ညှဉ်းပန်းမှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရသူ မနီလာဝင်းက ညှဉ်းပန်းနှိပ်စက်တာ၊ ခွေးနဲ့ရှူးတိုက်တာတွေ မလုပ်ဘူးလို့ ငြင်းဆိုပါတယ်။

“အဲ့ဒီနေ့က ဈေးသုံးတာ ဝယ်ပြီး ပိုတာပြန်မပေးဘူး။ မေးမေးရင်းနဲ့ သူ (မုန့်)စားလိုက်တာကို ပေါ်လာတာ။ ကျွန်မလည်း အိမ်မှာ ဒီလောက် စားနေရတဲ့ကြားကနေ ဘာလို့ ဒီလောက် စားရသလဲ ဆိုပြီး ဒေါသစိတ်နဲ့ ရိုက်ခဲ့မိတာ။ နည်းနည်းတော့ လက်လွန်သွားတယ်။ ခွေးနဲ့ရှူးတိုက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ညှဉ်းပန်းနှိပ်စက်တာလည်း မလုပ်ပါဘူး”လို့ မနီလာဝင်းက ဆိုပါတယ်။

ကာယကံရှင် အိမ်အကူမိန်းကလေးကိုယ်တိုင်က ဆေးရုံရဲ့ ဆေးမှတ်တမ်းမှာ ခွေးနဲ့ရှူးတိုက် ကိုက်ခိုင်းတယ်ဆိုပြီး ထွက်ဆိုထားပေမယ့် Myanmar Now က သူ့ကို ဆေးရုံမှာ တွေ့ဆုံမေးမြန်းစဉ် သူ့ပြောပြချက်တချို့ကတော့ အဲဒီထွက်ဆိုချက်နဲ့ ကွဲလွဲနေပါတယ်။

“ခွေးကိုက်တယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ရှူးတိုက်ပြီး ကိုက်ခိုင်းတာ မဟုတ်ပါဘူး။ ကျွန်မက ခွေးအစာခွက်ကို သန့်ရှင်းဖို့ သွားသွားယူတဲ့အခါမှာ ကျွန်မကို ကိုက်တာ။

ရိုက်တာက အခုတစ်ကြိမ်ပဲ ရိုက်တာ။ အကြိမ်ကြိမ်ရိုက်နှက်နေတာ မဟုတ်ပါဘူး” လို့ မသန္တာလှိုင်က ဆေးရုံကို ဒုတိယအကြိမ် ပြန်ရောက်အပြီးမှာ ပြောပြပါတယ်။

သူ့ရဲ့ခြေနှစ်ဖက်မှာ အမာရွတ်တွေ၊ လက်မောင်း၊ မျက်နှာ၊ ရင်ဘတ်တို့မှာလည်း အညိုအမည်းဒဏ်ရာတွေ ရှိနေတာ Myanmar Now က တွေ့ရှိခဲ့ပါတယ်။

အိမ်အကူအဖြစ်လုပ်ကိုင်စဉ် နှိပ်စက်ခံခဲ့ရတဲ့ မသန္တာလှိုင်ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ တွေ့ရစဉ်။ (ဓာတ်ပုံ- ပြည့်ပြည့် / Myanmar Now)

ခွေးနဲ့ ရှူးတိုက်ပြီး နှိပ်စက်တာ ဟုတ်မဟုတ် ကွဲလွဲချက်နဲ့ ပတ်သက်ပြီး စံပြဆေးရုံကို ဇွန်လ ၇ ရက်နေ့ ညနေပိုင်းက ထပ်မံ ဆက်သွယ်ရာမှာတော့ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှက ကာယကံရှင် မိန်းကလေးကိုယ်တိုင် ဆေးရုံစတက်ကတည်းက ဆရာဝန်များကို ထွက်ဆိုခဲ့တာဖြစ်တယ်လို့ ထပ်မံ အတည်ပြုပါတယ်။

ရာအိမ်မှူး ဦးအောင်ကြည်ဝင်းကတော့ အိမ်အကူမိန်းကလေးရဲ့မိခင်က ဘယ်လိုပဲ အမှုမဖွင့်ချင်ဘူးဆိုဆို၊ ကာယကံရှင် မိန်းကလေးက ဘယ်လိုပဲ စကားကို ပြန်ပြင်သည်ဖြစ်စေ သူ့အနေနဲ့ အမှုကို မရုပ်သိမ်းဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ တိုင်တယ်ဆိုတာလည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ အဆင့်ဆင့်ကို တင်ပြပြီးမှ တိုင်တာ။ ကာယကံရှင်နဲ့ ကျူးလွန်သူတွေက ဆွေမျိုးနီးစပ်တော်ကြတယ်။ ဒီလိုနှိပ်စက်တာကို လက်မခံနိုင်လို့ အသိစိတ်ရှိရှိနဲ့ တိုင်တာ။ ကျွန်တော့်ဘက်ကတော့ ဒီအမှုကို ဘယ်လိုအကြောင်းနဲ့မှ ရုပ်သိမ်းဖို့ အစီအစဉ်မရှိဘူး” လို့ သူက ဆိုပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၃၂၅ မှာ အပြင်းအထန် နာကျင်စေမှုအတွက် ပြစ်ဒဏ်အဖြစ် ခုနစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်လို့ ဖော်ပြထားသည်။ ပုဒ်မ ၃၂၆ မှာတော့ တိရစ္ဆာန် တစ်ကောင်ကောင်ဖြင့် အပြင်းအထန် နာကျင်စေလျှင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိဖြစ်စေ၊ ဆယ်နှစ်အထိဖြစ်စေ ချမှတ်နိုင်သည်လို့ ဖော်ပြထားပါတယ်။
 

အိမ်အကူအဖြစ်လုပ်ကိုင်စဉ် နှိပ်စက်ခံခဲ့ရတဲ့ မသန္တာလှိုင်ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ တွေ့ရစဉ်။ (ဓာတ်ပုံ- ပြည့်ပြည့် / Myanmar Now)

Show More

Related Articles

Back to top button