
ပေါင်းတည်မြို့ရဲစခန်းတွင် ဆူပူလှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅ (က)ဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူ နှစ်ဦးနှင့် အခြားအချုပ်သားနှစ်ဦးတို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု ၎င်းတို့၏ မိသားစုဝင်နှင့် မိတ်ဆွေအချို့က အတည်ပြုသည်။
“ကျွန်မကို လှမ်းပြောတယ်။ ထောင်ဘက်ကို ရွေ့ရမယ်တဲ့။ အိမ်ကနေ လိုအပ်တာသွားပို့တာ။ အဲဒီမှာ ကိုဗစ်စစ်လိုက်တာ။ ပေါ့စတစ်ထွက်တော့ အဲဒီ(ဇူလိုင် ၁၆) ညနေပဲ ဆေးရုံကိုပြောင်းတာ” ဟု ပုဒ်မ ၅၀၅ (က)ဖြင့် အချုပ်ကျနေသူ အသက် ၄၉နှစ်အရွယ် ဦးနိုင်အေး၏ ဇနီးက ပြောသည်။
အဆိုပါ ပုဒ်မဖြင့်ပင် အချုပ်ကျနေသူ နောက်တစ်ဦးဖြစ်သည့် အသက် ၃၁နှစ်အရွယ် ကိုပိုင်(ခ) သီဟံစိုးသည်လည်း အချုပ်ခန်းမှ ဆေးရုံသို့ ကိုဗစ်ကြောင့် ပို့ဆောင်ခဲ့ရကြောင်း ၎င်း၏ ကိစ္စအဝဝကို ကူညီဆောင်ရွက်ပေးနေသည့် မိတ်ဆွေတစ်ဦးက အတည်ပြုသည်။
“သူ့ကိုတော့ ကျွန်တော်တို့ တွေ့လို့မရသေးဘူး”ဟု အသက် ၃၀ အရွယ် အထက်ပါအမျိုးသားက ပြောသည်။
ဦးနိုင်အေးနှင့် ကိုပိုင်တို့သည် ဟင်္သာကန်ရပ်ကွက်ရှိ ဒလန်ဟု နာမည်ကျော်သည့် ဦးအောင်ဆန်းဝင်း(ခ) ဂျစ်ပွေး ဇူလိုင် ၂ ရက်က ပစ်သတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နေ့တွင်းချင်း စွပ်စွဲဖမ်းဆီးခံထားရခြင်း ဖြစ်သည်။
“ဖမ်းတဲ့နေ့ (ဇူလိုင် ၂)ကတည်းက ရိုက်ပုတ်ထားတွေဘာတွေနဲ့ဆိုတော့ တစ်ကိုယ်လုံးက နာကျင်ကိုက်ခဲနေကြတာ။ အခုက ကိုဗစ်ဖြစ်ပြီး ဖျားနေတာဆိုတော့ ပိုပြီး နာကျင်ကိုက်ခဲတာပေါ့။ ခေါင်းတွေဘာတွေလဲ တော်တော်နာနေတယ်။ နံရိုးကလဲ စစ်ဖိနပ်တွေနဲ့ ကန်ခံထားရတော့ တစ်ကိုယ်လုံးနာကျင်နေတာပေါ့။ အခုက ကိုဗစ်နဲ့ဆိုတော့ တော်တော်ခံစားနေရတာပေါ့”ဟု ဦးနိုင်အေး၏ ဇနီးက ပြောသည်။
အာဏာသိမ်းပြီးချိန် ကိုဗစ်တတိယလှိုင်းနှင့် ကြုံနေရသည့် မြန်မာနိုင်ငံအတွင်း စမ်းသပ်၊ ကုသခွင့်ပင်မရဘဲ ကိုဗစ်သံသယဖြင့်သေဆုံးသူ တစ်ဟုန်ထိုးမြင့်တက်နေကာ လူနေအထူထပ်ဆုံးမြို့ဖြစ်သော ရန်ကုန်သည် အဆိုးရွားဆုံးအခြေအနေဖြင့် ရင်ဆိုင်နေရသည်။
စွမ်းဆောင်ရည်နိမ့်ပါးပြီး စေတနာမဲ့သော စစ်ကောင်စီလက်အောက်တွင် ကိုယ့်အားကိုယ်ကိုး၍ ရောဂါကွင်းဆက်ဖြတ်သည့်နည်းဖြင့် ကပ်ရောဂါကို အနိုင်ယူရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တိုက်တွန်းထားသည်။

အိမ်အပြင်မထွက်ခြင်း၊ လိုအပ်၍အပြင်ထွက်ရပါက Mask တပ်ခြင်း၊ မကြာခဏလက်ဆေးခြင်း၊ ခပ်ခွာခွာနေခြင်း၊ အာဟာရရှိသည့် အစားအစာများ ဂရုတစိုက်စားသုံးခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း စသည့် နည်းလမ်းများသုံး၍ ပြည်သူတစ်ဦးချင်းစီ၏ စုပေါင်းအင်အားဖြင့် ကပ်ရောဂါကို တိုက်ထုတ်နိုင်သဖြင့် စိတ်ဓာတ်မကျရန် Myanmar Now က တွေ့ဆုံမေးမြန်းထားသည့် NUG တာဝန်ရှိသူအချို့က ပြောသည်။
“ကူးစက်တတ်တဲ့ရောဂါရဲ့ သဘောတရားက တောက်လျှောက်ကြီးတက်သွားပြီး လူတွေအများကြီးသေ၊ အဲဒီလိုကြီးဖြစ်တာမဟုတ်ဘူး။ တစ်ချိန်မှာတော့ ပြန်ကျလာမှာ။ ကိုယ်ခံစွမ်းအားတွေမြင့်လာပြီ၊ အဲဒီလိုမျိုးနဲ့ ကျလာမှာ”ဟု NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။