သတင်း

နှိပ်စက်ခံရသောမိန်းကလေး တစ်နေ့ ထမင်းတစ်နပ်သာစားရ

ရန်ကုန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အိမ်အကူအဖြစ် တစ်လကြာ လုပ်ကိုင်စဉ် အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ခံရသော ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးက နေ့စဉ် ထမင်းတစ်နပ်သာ စားခွင့်ရခဲ့သည်ဟု တနင်္လာနေ့တွင် ပြောလိုက်သည်။

“နေ့လယ် ၃ နာရီလောက်မှ မနက်စာ စားရတယ်။ တစ်နေ့လုံးကို အဲ့ဒီတစ်နပ်ပဲ စားရတယ်” ဟု ရရှိထားသော ဒဏ်ရာများကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင်ကုသမှု ခံယူနေရသူ မခိုင်နှင်းဝေက ပြောသည်။

အလုပ်မျိုးစုံ ပင်ပင်ပန်းပန်း လုပ်ကိုင်ရပြီး မည်သည့်အတွက်ကြောင့် ဝဝလင်လင် စားသောက်ခွင့်မရသည့် အကြောင်းရင်းကို မခိုင်နှင်းဝေက ပြောပြခြင်းမရှိသော်လည်း သူ၏ ဒဏ်ရာများမှာ အိမ်ရှင်က ဝါးတုတ်၊ ရေနွေးပူ၊ မီးပူ၊ ကတ်ကြေးတို့ကို အသုံးပြုပြီး ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် ဖြစ်သည်ဟု ပြောပြသည်။

“မီးပူနဲ့ အကပ်ခံရတဲ့နေ့ကဆို ရေနွေးအိုးဆူတာကို မပြောလို့ဆိုပြီး သူ(မမြတ်နိုးသူ)က ရေနွေးပူနဲ့ လှမ်းပက်တယ်။ ပါးစပ်က ဒဏ်ရာတွေက လက်သည်းနဲ့ ကုတ်ခံရတာ။ ညဘက်ဆို မီးပူတိုက်ပြီးတဲ့အချိန် ၁၂ နာရီ၊ ၁ ချက်တီးလောက်မှ အိပ်ရတယ်။ မနက်ဆို ၆ နာရီ မထိုးခင် ထရတယ်” ဟု ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေသော မခိုင်နှင်းဝေက ရှင်းပြသည်။

မခိုင်နှင်းဝေသည် အိမ်ရှင်လင်မယားနှစ်ယောက်၊ ၎င်းတို့၏ တစ်နှစ်အရွယ်ကလေးတို့နှင့်အတူ နေထိုင်စဉ် အဝတ်လျှော်၊ မီးပူတိုက်၊ အိမ်သန့်ရှင်းရေးအလုပ်များ လုပ်ရကြောင်း၊ အိမ်ရှင်အမျိုးသမီး၏ ရိုက်နှက်မှုဒဏ်ကို စရောက်ကတည်းက ခံရသော်လည်း ထိုအိမ်မှ ထွက်ပြေးရန် အခြေအနေမပေးခဲ့ကြောင်း မခိုင်နှင်းဝေက ပြောသည်။

မခိုင်နှင်းဝေသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ဖြစ်ပြီး မေလ ၅ ရက်နေ့ကမှ ရန်ကုန်ရောက်လာသူဖြစ်သည်။

ကုသမှု ဆက်လက်ခံယူမည်

သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှက မခိုင်နှင်းဝေ၏ ကျန်းမာရေးအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။

“အခုချိန်မှာတော့ ကျွန်မတို့အနေနဲ့ ကလေးမလေးရဲ့ အနာတွေကို ကုသပေးနေပြီး သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုပါ ထပ်ပြီးတော့ ကုသရမှာပါ” ဟု ဆေးရုံအုပ်ကြီးက ပြောသည်။

ရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ထုတ်ပြန်ထားသည့် ဓာတ်ပုံများအတိုင်းပင် မခိုင်နှင်းဝေ၏ ရင်ဘတ်၊ နောက်ကျော၊ လက်၊ ခြေထောက်၊ ဦးခေါင်း၊ မျက်နှာတို့တွင် ဒဏ်ရာများ ရှိနေကြောင်း တွေ့ရသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ အလုပ်ရှင်လင်မယား ကိုထွန်းထွန်း၊ မမြတ်နိုးသူတို့မှာ အသက် ၃ဝ ကျော်အရွယ်များဖြစ်ကြောင်း၊ ၎င်းတို့ကို ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆၊ ၃၂၅၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် အရေးယူထားကြောင်း သိရသည်။

ကလေးသူငယ်ဥပဒေဖြင့် အရေးယူနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနကို ဆက်သွယ်ထားကြောင်း၊ လူကုန်ကူးမှုနှင့် ငြိစွန်းခြင်းရှိမရှိ သိနိုင်ရန် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကလည်း ပူးပေါင်းစစ်ဆေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုလင်မယား ဖမ်းဆီးထိန်းသိမ်းခံထားရသည့်ပုံကိုလည်း ထုတ်ပြန်ချက်တွင် ပူးတွဲ ဖော်ပြထားသည်။

အိမ်အကူအဖြစ်လုပ်ကိုင်စဉ် နှိပ်စက်ခံရသော ကလေးအလုပ်သမား မခိုင်နှင်းဝေက သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ကုသမှု ခံယူနေစဉ် (ဓာတ်ပုံ – ဆလိုင်းလာလ်နွန်အုပ်/Myanmar Now)

နွမ်းပါးမှုနှင့် အလုပ်အကိုင်

အိမ်ရှင်လင်မယားနှစ်ဦးလုံးက မခိုင်နှင်းဝေကို ရိုက်နှက်နှိပ်စက်မိသည်ဟု ဝန်ခံထွက်ဆိုထားကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ ဒုစခန်းမှူး ဦးဝင်းကို (ယာယီ-စခန်းမှူး) က ပြောသည်။

မခိုင်နှင်းဝေက သူအလုပ်လုပ်သည့် နေအိမ်ကို ရပ်ကွက်အတွင်း နေထိုင်သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများလည်း ဝင်ရောက်လာကြပြီး စစ်ဆေးကြကြောင်း၊ သူ၏ ဒဏ်ရာများကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း ပြောပြသည်။

“လမ်းထဲက ကက်ဆက်ပြင်တဲ့ ဦးမျိုး (ရာအိမ်မှူး ဦးမျိုးတင့်နိုင်)က ဘေးအခန်းက လူတွေကို တံခါး ခေါက်ခိုင်းပြီး သမီးကို ထွက်လာခိုင်းတယ်။ ဒဏ်ရာတွေကို ဓာတ်ပုံရိုက်တယ်။ ဦးမျိုး ဘယ်လိုသိလဲတော့ သမီးလည်း မသိဘူး” ဟု မခိုင်နှင်းဝေက ရှင်းပြသည်။

မခိုင်နှင်းဝေက ၎င်း၏မိဘများ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း၊ ရန်ကုန်သို့ မထွက်ခွာခင်က ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ တောဂရက်ကျေးရွာတွင် ညီမ၊ အဘိုးဖြစ်သူတို့နဲ့ အတူနေကြောင်း ပြောပြသည်။

လစာ လေးသောင်းပေးမည်ဟု သဘောတူထားကြောင်း၊ သို့သော်လည်း ယခုအချိန်အထိ လစာ မရသေးကြောင်း၊ ရန်ကုန်သို့ လာရောက်ရန် အိမ်နီးချင်းတစ်ဦးက ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း မခိုင်နှင်းဝေက ရှင်းပြသည်။

(စုစုသည် ရန်ကုန်မြို့၊ မြန်မာသတင်းပညာသိပ္ပံတွင် စာနယ်ဇင်းပညာသင်ယူနေသူတစ်ဦးဖြစ်ပြီး Myanmar Now ရုံးတွင် အလုပ်သင် သတင်းထောက်အဖြစ် ယာယီ လုပ်ကိုင်လျက်ရှိသည်)

Show More

Related Articles

Back to top button