သတင်း

ရန်ကုန်လူမှုအဖွဲ့များ ကြိုတင်ရက်ချိန်းဖြင့် နာရေးဝန်ဆောင်မှုပေးနေရ

စမ်းသပ်ကုသခွင့်မရဘဲ ကိုဗစ်နိုင်တင်းသံသယဖြင့် သေဆုံးသူလွန်စွာများနေ၍ သုသာန်များသို့ ပို့ပေးရမည့် ရုပ်အလောင်းများကို ကြိုတင်ရက်ချိန်းဖြင့်သာ ဝန်ဆောင်ပေးနေရသည်ဟု ရန်ကုန်မြို့ လူမှုရေးအသင်းလေးခုထံမှ သိရသည်။

ယနေ့(ဇူလိုင် ၁၅) တစ်ရက်တည်းတွင်ပင် ရုပ်အလောင်း ၅၀ ကို သက်ဆိုင်ရာသုသာန်များသို့ ပို့ဆောင်ခဲ့ရကြောင်း၊ ကြိုတင်စာရင်းပေးထားသည့် ၂၂ လောင်းကို ချိန်းဆိုထားသည့်အတိုင်း မနက်ဖြန်မှသာ သင်္ဂြိုဟ်ပေးနိုင်တော့မည်ဖြစ်ကြောင်း မြောက်ဥက္ကလာမြို့နယ်အခြေစိုက် ဘိုစိန်လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရန်ကုန်မြို့ လမ်းခရီးကြန့်ကြာတာနဲ့ လူအင်အား၊ ကားအင်အားနဲ့ အဲ့လောက်ပဲရတယ်။ အဲဒီတော့ တချို့လူတွေကို မနက်ဖြန် ပြန်ချိန်းတယ်။ မနက်ဖြန် ၉ နာရီ၊ ၁၀ နာရီဆို ကျွန်တော်တို့က လမ်းကြောင်း (နာရေးအစီအစဉ်ဝန်ဆောင်ပေးမှု) ပိတ်လိုက်ပြီ၊ မရတော့ဘူး။ နောက်ပိုင်းလာတဲ့လမ်းကြောင်းမှန်သမျှ မနက်ဖြန် သင်္ဂြိုဟ်လို့မရဘူး၊ သန်ဘက်ခါမှရမယ်” ဟု ၎င်းက ပြောသည်။

ဘိုစိန်အသင်းတွင် ကား ၁၅ စီးရှိသော်လည်း ပို့ဆောင်ပေးရမည့် ရုပ်အလောင်းပမာဏ လွန်စွာများပြားနေသဖြင့် မနိုင်မနင်းဖြစ်နေကြောင်း၊ သုသာန်များတွင်လည်း အလောင်းတစ်လောင်း မီးသင်္ဂြိုဟ်ခွင့်ရရန် တန်းစီစောင့်ဆိုင်းရချိန်မှာ ၂နာရီမှ ၃နာရီအထိ ကြာမြင့်နေ၍ အခက်အခဲဖြစ်ရကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

ယနေ့တွင် ရုပ်အလောင်း ၆၀ ပို့ဆောင်ခဲ့ရပြီး မနက်ဖြန်အတွက် ၃၆ လောင်း ပို့ဆောင်ပေးရန် ကြိုတင်ရက်ချိန်းပေးထားရသည်ဟု ဒဂုံဆိပ်ကမ်းအခြေစိုက် ရွှေသန်လျင်လူမှုကူညီရေးအသင်းကလည်း ပြောသည်။

ထို့အတူ တောင်ဒဂုံအခြေစိုက် ရှင်သန်ခွင့်လူမှုကူညီရေးအသင်း၊ တာမွေမြို့နယ်အခြေစိုက် မစီဒီးခါန်းလူငယ်လူမှုကူညီရေးအသင်းတို့ကလည်း ယနေ့ ဝန်ဆောင်မပေးနိုင်တော့၍ မနက်ဖြန်အတွက် ကြိုတင်ရက်ချိန်းဖြင့် သုသာန်ပို့ပေးရမည့် ရုပ်အလောင်း ၅လောင်း အနည်းဆုံးရှိကြောင်း ပြောသည်။

“(မီးသင်္ဂြိုဟ်ဖို့) စောင့်ရတာ နည်းနည်းကြာတယ်၊ ကျွန်တော်တို့ အခုဘယ်လိုလုပ်လဲဆိုတော့ အလောင်းကောက်ပြီး သုသာန်မှာပဲ ချခဲ့ပြီးတော့ လူနာရှင်တွေကို အပ်ခဲ့တယ်။ ချပြီးပြန်လာပြီး နောက်အလောင်းတွေ သွားကောက်ရတယ်။ ကားတွေကမလောက်ဘူး ကျွန်တော်တို့ဆီမှာ” ဟု ရှင်သန်ခွင့်လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့ ရေဝေးသုဿန် ဇူလိုင် ၁၄ရက် မြင်ကွင်း။ (ဓာတ်ပုံ-Myanmar Now)

အထက်ပါလူမှုရေးအသင်းများ၏ အဆိုအရ အလောင်းအရေအတွက်များလွန်းသဖြင့် မီးသင်္ဂြိုဟ်စက်များပင် ဝန်နှင့်အားမမျှဖြစ်နေရပြီး မြေမြှုပ်ခြင်းကဲ့သို့သော အခြားနည်းလမ်းသုံး၍ ဖြေရှင်းရန် သုသာန်တာဝန်ရှိသူများက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံ အကြောင်းကြားထားသည်ဟု သိရသည်။

“ဒီအလောင်းတွေကို ဒီမီးစက်အားကိုးနဲ့ ရှို့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ သူတို့ နောက်တစ်နည်းစဉ်းစားနေပြီ။ နောက်တစ်နည်းစဉ်းစားမယ်ဆိုတာက ဒီသုသာန်မှူးကနေ သက်ဆိုင်ရာကို စာတင်ထားတယ်” ဟု ဘိုစိန်အသင်းမှ တာဝန်ရှိသူကပြောသည်။

ရွှေသန်လျင်လူမှုကူညီရေးအသင်းတာဝန်ရှိသူကလည်း ထိုသို့သတင်းစကားကို ကြားသိထားကြောင်း အတည်ပြုသည်။

“အဲဒါနဲ့ပတ်သက်ပြီး သူတို့အစီအစဉ်တော့ ဆွဲနေတယ်။ အကောင်အထည်တော့မဖော်သေးဘူး။ လက်ရှိအချိန်ထိတော့ မီးသင်္ဂြိုဟ်တဲ့နည်းပဲ သုံးသေးတယ်” ဟု ၎င်းကပြောသည်။

ရန်ကုန်ရှိ သုသာန်များတွင် ပုံမှန်အားဖြင့် မီးသင်္ဂြိုဟ်စက်ကို ညနေ ၆ နာရီခွဲအထိသာ ဖွင့်သော်လည်း ယခုအခါ အလောင်းမကုန်မချင်း သင်္ဂြိုဟ်ခွင့်ပေးထားကြောင်း၊ မြို့နယ်အလိုက်သတ်မှတ်ထားသည့် သုသာန်များကိုသာ ပို့ဆောင်ခွင့်ရတော့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

လူဦးရေထူထပ်သည့် ရန်ကုန်တွင် ရေဝေး၊ ထိန်ပင်၊ ကျီစုနှင့် ကျူချောင် စသည့် သုသာန်များရှိသည်။

ရုပ်အလောင်းရောက်ရှိမှုပမာဏနှင့် စီမံခန့်ခွဲမှုအခြေအနေများကို သက်ဆိုင်ရာ သုသာန်တာဝန်ရှိသူများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရှိ ညွှန်ကြားရေးမှူးအချို့ထံ ဖုန်းဆက်မေးမြန်းသော်လည်း ဖြေဆိုရန် ငြင်းဆန်ကြသည်။

ဇူလိုင် ၁၃ တွင် ကိုဗစ်သံသယဖြင့် ကွယ်လွန်သည့် ဖခင်၏ ရုပ်အလောင်းကို ရေဝေးသုသာန်ပို့၍ သင်္ဂြိုဟ်ရန် လူမှုရေးအသင်းများနှင့် ချိတ်ဆက်ရာတွင် နောက်တစ်ရက် နံနက် ၉ နာရီမှသာ အဆင်ပြေခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ သို့သော် သုသာန်တွင် တန်းစီနေရ၍ ညနေ ၆ နာရီမှသာ မီးသင်္ဂြိုဟ်ပြီးကြောင်း ၎င်းထံမှ သိရသည်။

“(ရုပ်အလောင်း) လာသယ်ဖို့ ဖုန်းဆက်တာ မလာလို့ အိမ်မှာ Air con (လေအေးစက်) ဖွင့်ပြီး တစ်ညလုံး ထားရတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ရန်ကုန်မြို့ သုသာန်လေးခုသို့ နေ့စဉ် ပုံမှန်ပို့ဆောင်ပေးနေရသည့် ရုပ်အလောင်းအရေအတွက် စုစုပေါင်း ၁၀၀ ကျော်ရှိရာမှ ၆၀၀ ဝန်းကျင်အထိ ရောက်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဟု လူမှုကူညီရေးအသင်းသုံးခုက Myanmar Now ကို ဇူလိုင် ၁၃ ရက်တွင် ပြောထားသည်။

ယခင် ကူးစက်မှုများပြားစဉ်က အားသွန်ခွန်စိုက်ကူညီပေးခဲ့ကြသည့် လုပ်အားပေးများ၊ ကျန်းမာရေးဝန်ထမ်းများသည် အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီးနောက် ဖမ်းဆီးခံရ၊ ရှောင်တိမ်းနေကြရသည်။

စစ်ကောင်စီသည် ကိုဗစ်အခက်အခဲကို ရင်ဆိုင်ရာတွင် စီမံမှုညံ့ဖျင်းရုံသာမက စေတနာနည်းလွန်းသည်ဟု ဝေဖန်ခံနေရသည်။

Show More

Related Articles

Back to top button