သတင်း

ရန်ကုန်ရှိ HIV ဝေဒနာသည် စောင့်ရှောက်ရေးဂေဟာ တာဝန်ခံ ဖမ်းဆီးခံရ

မိဘမဲ့ကလေးများနှင့် HIV/ AIDS ရောဂါဝေဒနာရှင်များကို စောင့်ရှောက်၊ ကူညီပေးနေသည့် ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ Nurture AIDS Center (N.A.C) ဂေဟာ တာဝန်ခံ ဦးရာဇာကို မတ် ၂ ရက်တွင် အရပ်ဝတ်ရဲများက ဖမ်းဆီးသွားကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

ထိုနေ့ မွန်းလွဲ ၂ နာရီခန့်တွင် အရပ်ဝတ်ရဲများ၊ ရပ်ကွက်လူကြီးများ ရောက်ရှိလာပြီး အသက် ၄၄ နှစ်အရွယ် ဦးရာဇာကို ဖမ်းဆီးစဉ် Facebook လူမှုကွန်ရက်တွင် ရေးသားထားသည်နှင့် ပတ်သက်၍ မေးမြန်းမှုရှိသည်ဟု ပြောဆိုကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုနီးစပ်သူက ဆိုသည်။​

“အွန်လိုင်းပေါ်မှာတင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး စခန်းမှူးက မေးစရာရှိလို့ ခဏလိုက်ခဲ့ပါတဲ့၊ ဖြေရှင်းပြီးရင် ပြန်လွှတ်မယ်လို့ ပြောတယ်။ ညနေစောင်းတဲ့အထိ စစ်ဆေးနေဆဲပဲ ဆိုပြီးတော့ ခုချိန်အထိပဲ ပြန်မလွှတ်ဘူး” ဟု ၎င်းက ပြောသည်။ 

ဖမ်းဆီးခံထားရသူ ဂေဟာတာဝန်ခံ ဦးရာဇာကို ယနေ့ (မတ် ၄) အထိ မိသားစုက တွေ့ဆုံခွင့်မရသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။​

တာဝန်ခံဖြစ်သူ ဦးရာဇာအဖမ်းခံရသဖြင့် ဂေဟာလည်ပတ်ရန် ခက်ခဲနေကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသည့် သတင်းကြောင့် အလှူရှင်များနည်းပါးသွားမည်ကို စိုးရိမ်ကြောင်းလည်း အထက်ပါ နီးစပ်သူက ဆိုသည်။​

“သူတို့အဘရာဇာ ပြန်မလာသေးဘူးဆိုတဲ့အပေါ်မှာ အဲဒီနေ့က ထမင်းစားနှုန်းက ပုံမှန်ထက် တစ်ဝက်ပဲ စားတယ်။ တစ်ဝက်လောက်က ဒီတိုင်းကျန်နေတယ်။ ကလေးတွေရဲ့ ကျန်းမာရေးပေါ့။ ဆေးသောက်နေတဲ့ ကျန်းမာရေးဖြစ်တဲ့အတွက်ကြောင့် ကလေးတွေရဲ့ ကျန်းမာရေးပေါ့” ဟု ဂေဟာရှိ ကလေးများအခြေအနေကို ၎င်းက ပြောသည်။ 

အဆိုပါ ဂေဟာတွင် HIV ဝေဒနာခံစားနေရသူများနှင့် စွန့်ပစ်ခံကလေးငယ်များ အပါအဝင် ကလေးငယ် ၉၀ ဦးနှင့် လူကြီး ၇၀ ဦး စုစုပေါင်း ၁၆၀ ကို စောင့်ရှောက်ပေးထားပြီး ဦးရာဇာမှာ ဂေဟာစတင်တည်ထောင်သည့် ၂၀၁၂ ခုနှစ်ကတည်းက တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း သိရသည်။​

“ကလေးတွေရဲ့ ကျန်းမာရေး၊ စားရေးသောက်ရေးကစပြီးတော့ လည်ပတ်နိုင်အောင် ကြိုးပမ်းနေရပါတယ်။ အလှူရှင်ဘက်က ကြောက်ပြီးတော့ မလာတော့ဘူးဆိုရင်တော့ ပုံမှန်အခြေအနေအတိုင်းတော့ မဖြစ်နိုင်တော့ဘူးပေါ့” ဟု အဆိုပါဂေဟာကို ကူညီဆောင်ရွက်ပေးနေသူ အမျိုးသမီးငယ်တစ်ဦးက ပြောသည်။​

အဖမ်းခံထားရသူ ဦးရာဇာနှင့် ပတ်သက်၍ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာတွင် လက်ခံဖြေကြားခြင်း မရှိသည့်နည်းတူ မိသားစုဝင်များကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။​

စစ်ကောင်စီသည် အာဏာသိမ်းပြီးကတည်းက ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို အတောမသတ် ဖမ်းဆီးအရေးယူခဲ့သည့်ပြင် လတ်တလောတွင် လူမှုကွန်ရက်အသုံးပြုသူများကို စောင့်ကြည့်ဖမ်းဆီးလျက်ရှိသည်။

အစိုးရယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လူမှုကွန်ရက်မှတစ်ဆင့် လှုံ့ဆော်ဝါဒဖြန့်နေသူများ၊ အားပေးကူညီသူများကို ဖော်ထုတ်အရေးယူသည်ဆိုကာ နေ့စဉ် ဖမ်းဆီးအရေးယူမှုများကိုလည်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းဌာနများမှနေ၍ ထုတ်ပြန်လျက်ရှိသည်။​

အာဏာသိမ်းမှု တစ်နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်ဆင်နွှဲရန် တော်လှန်ရေးအင်အားစုများကို စတင်ဆော်ဩချိန် ဇန်နဝါရီ ၂၅ ရက်တွင် စစ်ကောင်စီက ကြီးလေးသော ပုဒ်မများဖြင့် အရေးယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

ထိုသို့ ကြေညာပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၂၀ ရက်အထိ Facebook အသုံးပြုသူ ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးကာ အမှုဖွင့်အရေးယူခဲ့သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှ ယမန်နေ့ မတ်လ ၃ ရက်အထိ စစ်ကောင်စီလက်ချက်ဖြင့် အပြစ်မဲ့ပြည်သူ ၁၅၉၇ ဦး သေဆုံးခဲ့ရပြီး ၉၄၇၈ ဦး ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း၊ ၁၈ နှစ်အောက် ကလေးငယ်နှစ်ဦးအပါအဝင် ၄၅ ဦးကို သေဒဏ်ချမှတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button