သတင်း

ထားဝယ်မြို့တွင် ကုသိုလ်ဖြစ်ဆေးခန်းမှ လူငယ် ၇ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ယမန်နေ့(ဇန်နဝါရီ ၂၄) ညပိုင်းက ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းတစ်ခု ဝင်ရောက်စီးနင်းခံရပြီးနောက် အသက် ၂၀ ဝန်းကျင်အရွယ် ပရဟိတလူငယ် ၇ ဦး ဖမ်းဆီးခံရကာ လူနာတင်ယာဉ်တစ်စီးလည်း အသိမ်းခံရသည်ဟု မြို့ခံတစ်ဦးထံမှ သိရသည်။

ထားဝယ်မြို့၊ ဝဲကျွန်းညောင်ရမ်းရပ်ကွက်၊ ရေသိမ်လမ်းသွယ်ရှိ ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းကို ယမန်နေ့ ည ၈ နာရီခွဲအချိန်တွင် အင်အား ၃၀ ဝန်းကျင်ရှိ ရဲနှင့် စစ်သားများက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ 

“အခုထိတော့ အဆက်အသွယ်မရသေးဘူး။ ညကတော့ ၇ ယောက်ရယ်၊ လူနာတင်ကားရယ် ပါသွားတယ်။ မနေ့ညက ၈ နာရီခွဲလောက်မှာ သူတို့နေတဲ့ နေရာကို ဝင်စီးခံရတာ။ ဘာအကြောင်းကိစ္စရှိလဲတော့ မသိဘူးဗျ။ အခုချိန်ထိတော့ (စကစဘက်က) ဘာမှ ပြောလာတာတော့ မရှိသေးဘူး” ဟု ဆေးခန်းနှင့် နီးစပ်သည့် မြို့ခံအမျိုးသားတစ်ဦးက Myanmar Now ကို ယနေ့ (ဇန်နဝါရီ ၂၅) ပြောသည်။​

ဖမ်းဆီးခံရသည့် လူငယ်များကို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

စစ်သားနှင့် ရဲများက ဝင်ရောက်စီးနင်းစဉ် ဆေးခန်းအတွင်းရှိ ပစ္စည်းများနှင့် ဆေးဝါးများကို အကုန်သိမ်းသွားကြောင်း၊ ဖမ်းဆီးခံရသူများတွင် အမျိုးသမီးများလည်း ပါဝင်ကြောင်း ထားဝယ်သတင်းများ ဖော်ပြနေသည့် Dawei Information Center ဆိုသည့် Facebook စာမျက်နှာတွင် ရေးသားထားသည်။  

ဖမ်းဆီးခံရသူများမှာ ပြီးခဲ့သည့်နှစ်အတွင်း ကိုဗစ်နိုင်တင်းကပ်ရောဂါကာလကတည်းက စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူများဖြစ်သည်ဟု အထက်ပါ မြို့ခံအမျိုးသားက ဆိုသည်။

“သူတို့က ကိုဗစ်ဖြစ်ကတည်းက ဆေးကုပေးတာတို့၊ အောက်ဆီဂျင်လိုရင် အောက်ဆီဂျင်ရအောင် လုပ်ပေးနေတဲ့သူတွေ။ ပရဟိတလုပ်နေတဲ့သူတွေကို ဘာဖြစ်လို့ ဖမ်းဆီးနေလဲဆိုတာ နားမလည်နိုင်ဘူးဗျာ။ သူတို့က ပြည်သူတွေကို ကူညီနေတာ။ ကိုဗစ်ဆိုလည်း ကူညီတယ်။ ဘာပဲလာလာ ကူညီနေတာ။ ဒီကာလ ညမထွက်ရတဲ့အချိန်မှာတောင် ရအောင်ထွက်ကူညီပေးနေတာ”ဟု ၎င်းက ပြောသည်။

ပရဟိတသမားများဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ၎င်းတို့၏ မိသားစုဝင်များနှင့် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ညပိုင်း၌လည်း စစ်တပ်က Dawei Watch သတင်းဌာန၏ သတင်းထောက်နှစ်ဦးနှင့် ရုံးအဖွဲ့ဝင်တစ်ဦးကို ၎င်းတို့၏နေအိမ်များတွင် ပိတ်ဆို့ဖမ်းဆီးခဲ့ပြီး ယနေ့မှ ပြန်လွှတ်ပေးကြောင်း ထိုသတင်းဌာနက ထုတ်ပြန်သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button