သတင်း

လှည်းကူးမြို့ လူမှုရေးအသင်းရုံးမှ ၄ ဦး အဖမ်းခံရ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ မြို့မမေတ္တာလူမှုကယ်ဆယ်ရေးအသင်းရုံးကို ယမန်နေ့ ( စက်တင်ဘာ ၈) ညဉ့်သန်းခေါင်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးကျော်က ဝင်ရောက်စီးနင်းပြီး အသင်းရုံးမှ ၄ ဦးကို ဖမ်းဆီးကာ အရေးပေါ်လူနာတင်ကား ၂ စီးကို ယူဆောင်သွားသည်။

ဝင်ရောက်စီးနင်းသည့်အကြောင်းရင်း မသိရသေးကြောင်း အသင်းနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

“သူတို့ (၄ ဦး) ကိုတော့ ခေါ်သွားတယ်။ စစ်ဖို့ မေးစရာလေးရှိလို့ဆိုပြီး လာခေါ်သွားတာပဲ။ ဘာကြောင့်ခေါ်သွားလဲဆိုတာ အတိအကျ မသိရဘူး” ဟု ဆိုသည်။ 

ဖမ်းဆီးခံရသည့် ထို ၄ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းကမှ စတင်ဖွဲ့စည်းတည်ထောင်ထားသည့် ထိုအသင်းသည် လူနာများကို ဆေးရုံသို့ ပို့ဆောင်ပေးခြင်း၊ ကိုဗစ်ကာကွယ်ရန် နှာခေါင်းစည်းဝေမျှခြင်းနှင့် ဆေးဖျန်းခြင်းများကိုသာ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။

ကူညီကယ်ဆယ်ရေးအသင်းသားများကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး လှည်းကူးမြို့နယ်ရဲစခန်းကို ယနေ့ နေ့လယ်ပိုင်းက မေးမြန်းရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း တယ်လီဖုန်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။

မတ် ၃ တွင် ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်အတွင်း ပရဟိတသမားများကို ရဲများက ရိုက်နှက်နေသည့် ရုပ်သံဖိုင် ပြန့်နှံ့ခဲ့သည်။ 

လူမှုကယ်ဆယ်ရေးအသင်းဝတ်စုံ ဝတ်ထားသော ကိုကျော်မင်းလွင်၊ ကိုသန့်ဇင်ဦး၊ ကိုမင်းဦးနှင့် ကိုစိုးထက်အောင်တို့ ၄ ဦးကို လူနာတင်ယာဉ်မှ ခေါ်ထုတ်ပြီး လက်နက်ကိုင်များက အပြင်းအထန် ကန်ကျောက်၊ ရိုက်နှက်၊ သေနတ်ဒင်ဖြင့် ထုခဲ့ပြီး ကားကိုလည်း သေနတ်ဖြင့် ပစ်ခဲ့သည်။ မွန်မြတ်စိတ်ထားဘိုးဘွားစောင့်ရှောက်ရေးအသင်းမှ ထိုလူငယ်များကို မတ်၂၄ တွင်မှ အကျဉ်းသား ၇၀၀ ဝန်းကျင်နှင့်အတူ အင်းစိန်ထောင်မှ ပြန်လွှတ်ပေးခဲ့သည်။

ဆန္ဒပြသူတို့ကို  စစ်တပ်က ချေမှုန်းစဉ် လှုမှုကယ်ဆယ်ရေးသမားများကိုပါ ပစ်ခတ်သဖြင့် မတ် ၁၄ တွင် ရန်ကုန်၊ လှိုင်သာယာမြို့နယ်၌ လူနာကယ်ဆယ်သည့် ၁၉ နှစ်သား ပရဟိတသမား ကိုဝေဖြိုးအောင်၊ မတ် ၂၈ မုံရွာတွင် ဒဏ်ရာရသူများကို ကုသပေးနေသည့် မသဉ္ဇာဟိန်းတို့ သေဆုံးခဲ့ရသည်။

စစ်ကောင်စီလက်ချက်ဖြင့် လူ ၁၀၅၄ ထက်မနည်း သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက စက်တင်ဘာ ၈ တွင် ထုတ်ပြန်ထားသည်။ ဆက်လက်ဖမ်းဆီးခံထားရသူ ၆၃၂၄ ထက်မနည်း ရှိသည်ဟု ဆိုသည်။ 

စစ်ကောင်စီက သေဆုံးသူအရေအတွက် ကိန်းဂဏန်းမှာ ချဲ့ကားထားခြင်းဖြစ်ကြောင်း၊ ရာဂဏန်းအနည်းငယ်သာ သေဆုံးကြောင်း ပြောဆိုလေ့ရှိသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button