ဟဲဟိုး – မေလလယ်ပိုင်းက တောင်တန်းတွေ ဝန်းရံထားတဲ့ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့ အပြင်ဘက် လယ်ကွင်းပြင်ကြီးဟာ တောင်သူတွေနဲ့ ပျားပန်းခပ် လူပ်ရှားသက်ဝင်နေပါတယ်။ တောင်သူတွေဟာ စက်အား၊ လူအားသုံးပြီး ဒီဒေသရဲ့ အဓိက စိုက်ပျိုးရေးထွက်ကုန်ဖြစ်တဲ့ အာလူးကို တူးဖော်နေကြတာပါ။
အာလူးစိုက်တောင်သူတွေဟာ မိရိုးဖလာနည်းလမ်းတွေနဲ့သာ အများဆုံးစိုက်ပျိုးကြတယ်၊ လတ်တလော သုံးနေကြတဲ့ ဒေသမျိုးတွေကလည်း မျိုးစေ့ မမှန်ဘူးလို့ ဆိုပါတယ်။ ရလဒ်အားဖြင့် အထွက်နှုန်း လျော့နည်းလာခြင်း၊ အာလူး အရွယ်အစား သေးငယ်ခြင်းတို့နဲ့ ရင်ဆိုင်လာရတာပါပဲ။ မိရိုးဖလာနည်းလမ်းသုံးသူတွေထဲမှာ ဟဲဟိုး၊ အလယ်ပိုင်း ၁ ရပ်ကွက်မှာ နေထိုင်တဲ့ တောင်သူ ကိုဌေးဆောင်လည်း ပါဝင်ပါတယ်။
“၁၉၈ဝ လောက်က တစ်ဧကကို ပိဿာချိန် ၁ဝ,ဝဝဝ လောက် ထွက်တယ်။ အဲဒီတုန်းက မျိုးလည်းမှန်တယ်။ ဒေသမျိုးပဲ စိုက်ခဲ့တာ။ နောက်ပိုင်းကျတော့ ဒေသမျိုးတွေ ပျက်လာတယ်။ မျိုးတွေက မမှန်တော့ဘူး။ မမှန်တော့ အထွက်နှုန်း တအားကျတယ်” လို့ ကိုဌေးဆောင်က ပြောပါတယ်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးဇော်လွင်က အာလူး ၁ ဧက ကို ပိဿာ ၅,ဝဝဝ ဝန်းကျင်ထွက်နေတယ်လို့ ပြောပါတယ်။ တောင်သူတွေကတော့ ၆,ဝဝဝ ကနေ ၇,ဝဝဝ ကြားထွက်တယ်လို့ ဆိုပါတယ်။ အားလုံးရဲ့ ပြောဆိုချက်မှာ တူညီတာကတော့ အာလူး အထွက်နှုန်း တိုးမလာဘူး ဆိုတာပါပဲ။
မျိုးကောင်းမျိုးသန့် အသုံးပြုမယ်၊ စိုက်ပျိုးရေးနည်းလမ်း အပြောင်းအလဲ ပြုလုပ်မယ်ဆိုရင်တော့ အာလူးအထွက် တိုးလာနိုင်မယ်လို့ ခေတ်မီစိုက်ပျိုးရေးနည်းလမ်းကို လေ့လာထားသူများနဲ့ စိုက်ပျိုးရေးဦးစီးဌာနတို့က ပြောကြပါတယ်။
နည်းသစ်၊ မျိုးသစ်
စိုက်ပျိုးရေးဦးစီးဌာနရဲ့ အချက်အလက်များအရ နိုင်ငံအနှံ့ အာလူးစိုက်ဧက ၉ဝ,ဝဝဝ ကျော် ရှိပြီး ရှမ်းပြည်နယ်မှာ ၅၄,၄၅၄ ဧက ရှိပါတယ်။ စိုက်ဧကအများစုက ပြည်နယ်တောင်ပိုင်းမှာ တည်ရှိနေတာပါ။
မြန်မာပြည်ရဲ့ စိုက်ပျိုးရေးလုပ်ငန်းကို ကူညီနေကြသူများထဲမှာ နယ်သာလန်နိုင်ငံက အဖွဲ့အစည်းများလည်း ပါဝင်ပါတယ်။ နယ်သာလန်ပညာရှင်များက မြေယာပြင်ဆင်ခြင်း၊ အကွာအဝေး စနစ်တကျ တွက်ချက်ပြီး မျိုးစေ့ချခြင်း၊ မျိုးစေ့နဲ့သီးနှံ စနစ်တကျ သိုလှောင်ခြင်း အစရှိတဲ့ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာသစ်တွေ ပို့ချပေးနေတာပါ။
သူတို့က စိုက်ပျိုးရေးနည်းစနစ်အသစ်တွေအပြင် Carolus နဲ့ Mrkies တို့လို အမျိုးအစားကောင်းတဲ့ အာလူးမျိုးစေ့ တင်သွင်းထားပါတယ်။
Rijksdienst Voor Ondernemend အဖွဲ့ရဲ့ ကူညီမှုကို ၂ဝ၁၄ ခုနှစ်မှာ စတင် ရရှိတယ်၊ Consortium of Dutch အဖွဲ့က ၂ဝ၁၂ ကနေ ၂ဝ၁၅ အထိ ကူညီခဲ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့သင်တန်းတွေကို တက်ရောက်သူတွေထဲမှာ ဟိုပုံး၊ ဟဲဟိုးမြို့တွေက တောင်သူပေါင်း ၃ဝဝ ခန့် ပါဝင်ပါတယ်။
ဟဲဟိုးမှာ အာလူး ဧက ၆ဝ စိုက်ပျိုးနေတဲ့ ဦးအောင်သန်းကျော်က သင်တန်းတက်ရောက်ပြီး ခေတ်မီနည်းပညာအကြောင်း လေ့လာမိတဲ့အတွက် သူ့လုပ်ငန်း အကျိုးဖြစ်နေပြီလို့ ဆိုပါတယ်။
“မျိုးစေ့ ကောင်းကောင်း ရွေးချယ်လာတတ်တယ်။ မျိုးစေ့ချတဲ့ အခါမှာလည်း နည်းစနစ်တကျ ချတတ်လာတော့ မျိုးစေ့ ကုန်ကျစရိတ်လည်း သက်သာလာတယ်” လို့ ဦးအောင်သန်းကျော်က ပြောပါတယ်။ သူက ဟဲဟိုးအခြေစိုက် အာလူးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ တာဝန်ယူထားသူပါ။
သူတို့မြို့က ဦးစိုးဝင်းကလည်း အလားတူ သုံးသပ်ပါတယ်။
“အရင်က ပုံမှန်စိုက်နေတဲ့ဟာထက် နောက်ပိုင်း ဒီသင်တန်းတက်လို့ သိလာတဲ့ အသိနဲ့ကတော့ တော်တော်ကို ကွာပါတယ်ဗျ။ အထွက်နှုန်းတွေလည်း တိုးလာပါတယ်” လို့ အာလူးတောင်သူ ဦးစိုးဝင်းက ပြောပါတယ်။
တောင်သူအနည်းငယ်ကပဲ စိုက်ပျိုးနည်း စနစ်သစ်ကို ကျင့်သုံးနေကြတာပါ၊ စိုက်ပျိုးနည်းသစ်တွေကို နှစ်သက်သူများထဲမှာ နောင်တယားမြို့က တောင်သူ ဦးခွန်စန်းဦးလည်း ပါဝင်ပါတယ်။
“မိရိုးဖလာ ပင်ခြား၊ တန်းခြားက စိတ်တယ််။ ၁၈ လက်မ ကနေ လက််မ ၂ဝ လောက်ပဲ ရှိတယ်။ သူတို့နည်းကတော့ ၂၈ လက်မ ကနေ လက်မ ၃ဝ လောက် ခြားတယ်။ မျိုးစေ့ချတဲ့နေရာ ကျဲတဲ့အတွက် မျိုးစေ့ အကုန်နည်းတယ်။
ချောင်ချောင်ချိချိဖြစ်တဲ့အတွက် အထွက်နှုန်းတိုးတယ်” လို့ နောင်တယား အာလူးအသင်းရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးခွန်စန်းဦးက ပြောပါတယ်။
ဦးခွန်စန်းဦးက ပြီးခဲ့တဲ့နှစ်က သင်တန်းတက်ခဲ့ပြီး ရလာတဲ့ ဗဟုသုတတွေကို မိတ်ဆွေတောင်သူတွေ သိအောင် ပြန်လည်မျှဝေဖြစ်တယ်လို့ ဆိုပါတယ်။
နယ်သာလန် မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးနေပြီး ဒီမျိုးတွေ အများအပြားထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတယ်၊ ရန်ကုန်၊ မန္တလေးက အာလူးကြော်ထုတ်လုပ်ရေးစက်ရုံတွေကိုလည်း သွင်းတယ်၊ ဒီစက်ရုံတွေက နယ်သာလန်မျိုးကို ပိုနှစ်သက်တယ်လို့ ဦးခွန်စန်းဦးက ဆက်ရှင်းပြပါတယ်။
လိုအပ်နေတဲ့ အပြောင်းအလဲ
မျိုးစေ့မမှန်မှု၊ သွင်းအားစုကုန်ကျစရိတ် မြင့်တက်မှု၊ စျေးကွက်မတည်ငြိမ်မှု၊ အထွက်နှုန်း နည်းပါးမူတို့က ပုံမှန်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေပါ။ ဒီအခြေအနေမှာပဲ ဟဲဟိုးဒေသ တောင်သူအများစုက မိရိုးဖလာနည်းအတိုင်းသာ စိုက်ပျိုးနေကြတာပါ။ သူတို့ထဲက တစ်ယောက်ကတော့ ဟဲဟိုး၊ အလယ်ပိုင်း ၁ ရပ်ကွက်က မဖြူ ဖြစ်ပါတယ်။
“ငယ်ငယ်ကတည်းက အာလူးစိုက်လာတာ ဆိုတော့ ကိုယ့်အမြင်နဲ့ ကိုယ်စိုက်တာပဲ ကြိုက်တယ်။ သူတို့ပေးတဲ့ သင်တန်းကိုလည်း မသွားဖြစ်ဘူး။ သူတို့ပေးတဲ့ နည်းကို မလိုချင်လို့တော့ မဟုတ်ဘူး။ ကိုယ့်နည်းကိုပဲ ပိုသဘောကျတယ်” လို့ မဖြူက ဆိုပါတယ်။
ဟဲဟိုးက ကိုဌေးဆောင်ကတော့ သင်တန်းမတက်ဖြစ်သေးပေမယ့် နည်းလမ်းသစ်သုံးတဲ့ အခင်းတွေက အာလူးအထွက်နှုန်း ပိုမို ကောင်းမွန်နေတာ တွေ့ရတဲ့အတွက် နည်းပညာ အရေးကြီးမှုကို သဘောပေါက်တယ်၊ စိုက်ပျိုးနည်းစနစ် သစ်တွေကို စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။
“သင်တန်းတွေကတော့ အခွင့်သင့်သလို သူတို့က ခေါ်ပါတယ်။ ဒါပေမဲ့ တောင်သူတွေဘက်ကလည်း အချိန်မပေးနိုင်တာလည်း ပါတာပေါ့” လို့ အာလူး ၁ဝ ဧက ဝန်းကျင် စိုက်နေတဲ့ ကိုဌေးဆောင်က ပြောပါတယ်။
ဒေသမျိုးခေါ် ပွင့်ဖြူမျိုး (Kufrijyoti) ကို ဒီဒေသမှာ အသုံးပြုလာတာ နှစ် ၂ဝ ကျော်လာပြီးနောက်ပိုင်း အထွက်နှုန်း လျော့နည်းလာတယ်လို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဟဲဟိုးမျိုးပွားဥယျာဉ်ခြံ၊ ခြံဦးစီးမှူး ကိုညီညီအောင်က ပြောပါတယ်။
အထွက်နှုန်း ကောင်းမွန်စေဖို့ မျိုးစေ့ ပိုမိုသုံးစွဲရတာကြောင့် စိုက်ပျိုးမူ ကုန်ကျစရိတ်က မနည်းလှပါဘူး။ အာလူးစျေးကျတဲ့နှစ်တွေဆိုရင် တောင်သူတို့ အရႈံးပေါ်ကြတယ်လို့ သိရပါတယ်။
အာလူး စိုက်ခင်း ၁,၇၇၄ ဧက ရှိတဲ့ ဟဲဟိုးမှာ နည်းစနစ်သစ် အကြောင်း ပို့ချနိုင်ဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနနဲ့ အာလူးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အစုအဖွဲ့တို့က စီစဉ်နေကြပါပြီ။
ဒေသတွင်း နည်းစနစ်အသစ်၊ မျိုးကောင်းမျိုးသန့် အသုံးပြုမှုမှာတော့ နောင်တယားက ရှေ့တန်း ရောက်နေပါတယ်။ စနစ်သစ်နဲ့ စိုက်ပျိုးတဲ့ တောင်သူ အရေအတွက် တိုးပွားလာဖွယ်ရှိတယ်၊ လောလောဆယ်တော့ တောင်သူ ၃ဝ ခန့်က စနစ်သစ်ကို သုံးနေကြတယ်လို့ သိရပါတယ်။
နောင်တယားဒေသမှာ အာလူးစိုက်ဧကပေါင်း ၁၇,ဝဝဝ ကျော် ရှိနေပြီး တစ်နှစ်ကို သုံးကြိမ်ခန့် အာလူးစိုက်ပျိုးကြပါတယ်။
ဟဲဟိုးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးဇော်လွင်ကတော့ သက်ဆိုင်ရာ ဌာနတွေ၊ အဖွဲ့အစည်းတွေကလည်း အာလူးစျေးကွက် ပိုမိုကျယ်ပြန့်အောင် လုပ်ပေးသင့်တယ်လို့ ယူဆသူပါ။
မြန်မာနိုင်ငံအာလူးစိုက်ဧရိယာရဲ့ ထက်ဝက်ကျော် ပိုင်ဆိုင်ထားတဲ့ ရှမ်းပြည်နယ်မှာ အာလူး အထွက်နှုန်း ပိုမိုကောင်းမွန်၊ စျေးကွက်အတွင်း စျေးကောင်းရမယ့် နည်းလမ်းတွေ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
“တောင်သူတွေသာ စိတ်ဝင်တစားနဲ့ ရဲရဲတင်းတင်းနဲ့ စိုက်စနစ်တွေ၊ မျိုးတွေကို ပြောင်းလဲမယ်ဆိုရင်တော့ တောင်သူတွေရဲ့အခြေအနေက တိုးတက်လာမယ်” လို့ ဦးဇော်လွင်က ပြောလိုက်ပါတယ်။ ။