
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုကို လျှော့ချကာ ပြည်တွင်းထုတ်လုပ်မှု ဦးစားပေးရန် အာဏာသိမ်းစစ်ခေါင်းဆောင်က မနားတမ်းဆော်ဩနေချိန် အိမ်နီးချင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ တန်နှင့်ချီသော အာလူးများ တင်ပို့လာသည်။
မြန်မာနိုင်ငံသို့ ပထမဆုံးတင်ပို့မည့် ကမ်းစုဒေသထွက် အာလူးတန်ချိန် ၃၅၀ ကို တရုတ်အကောက်ခွန်ဌာနက စိစစ်ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း မြန်မာဘာသာဖြင့် တရုတ်နိုင်ငံအကြောင်း သတင်းများ ဖော်ပြနေသည့် ပေါက်ဖော် လူမှုကွန်ရက်စာမျက်နှာက ယမန်နေ့တွင် ရေးသားသည်။
ထူးခြားသောစိုက်ပျိုးရေးလုပ်ငန်းအတွက် အော်ဒါရရှိရန်၊ တင်ပို့မှုတည်ငြိမ်ရန်နှင့် ဈေးကွက်အသစ် ထိုးဖောက်ရန် တရုတ်အစိုးရက လုပ်ငန်းရှင်များကို ကူညီဖြေရှင်းသွားမည်ဖြစ်သည်ဟု ထိုသတင်းတွင် ဖော်ပြသည်။
အားလူးစိုက်ပျိုးဖြစ်ထွန်းနိုင်သော ဒေသအများအပြားရှိရာ မြန်မာသို့ ယခင်ကလည်း တရုတ်အာလူးများ ဈေးကွက်ချဲ့ထွင် ဝင်ရောက်ဖူးသော်လည်း တရုတ်နိုင်ငံ ကမ်းစုပြည်နယ်ထွက် အာလူးများ ပြီးခဲ့သည့် အောက်တိုဘာလကုန်တွင် ပထမဆုံးအကြိမ် တင်ပို့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာကုမ္ပဏီကြီးများ ဆက်တိုက်ထွက်ခွာခြင်းနှင့်အတူ ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာပြီးနောက် ပြည်ပထုတ်ကုန်များ ဝယ်ယူသုံးစွဲခြင်းထက် ပြည်တွင်းထုတ်ကိုသာ အားပေးရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကြာခဏ ထုတ်ဖော်ပြောဆိုနေသည်။
ထို့ပြင် ယခင်အစိုးရနှစ်ဆက်တွင် ကုန်သွယ်မှုလိုငွေ ပြခဲ့သော်လည်း ၎င်းလက်ထက်တွင် ကုန်သွယ်မှုပိုငွေ ပြနေကြောင်း ထုတ်ဖော်ဝင့်ကြွားလေ့ရှိသည့် စစ်ခေါင်းဆောင်က ယခုလဆန်းပိုင်းက အစည်းအဝေးတစ်ခုတွင်လည်း ကုန်သွယ်မှုပိုငွေ ၃၅ သန်းကျော်ရှိသည်ဟု ဆိုသည်။
မြန်မာအနေဖြင့် အာလူးကို မျိုးအဖြစ်ဟာ ပြည်ပမှ တင်သွင်းခွင့်ပြုပြီး စားသုံးသူများကို ရောင်းချရန် တင်သွင်းမပြုသော်လည်း အရွယ်အစားကြီးမားသည့် တရုတ်အားလူးများ နည်းလမ်းစုံဖြင့် ဝင်နေကာ ပြည်တွင်းဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့်ရောင်းချမှုရှိနေကြောင်း အားလူးစိုက်ပျိုးရေးသူများက ဆိုသည်။
“တောင်သူတွေ ရိတ်သိမ်းတဲ့အချိန်မှာ ဝင်ရင်တော့ နည်းနည်းအထိနာတာပေါ့။ တောင်သူတွေက ထွက်တဲ့အချိန် မဟုတ်ဘူး။ ဈေးကွက်လိုအပ်ချက်အရ ဝင်နေတာမျိုးကတော့ စားသုံးသူကတော့ အဆင်ပြေပါတယ်” ဟု ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရားဒေသ အားလူးအစုအဖွဲ့ ဥက္ကဋ္ဌ ခွန်ဆန်းဦးက Myanmar Now ကို ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရားဒေသသည် အာလူးအဓိက စိုက်ပျိုးရာဒေသတစ်ခုဖြစ်ပြီး စိုက်ဧကပေါင်း ၅,၀၀၀ ကျော်ရှိသည်ဟု သိရသည်။
လက်ရှိတွင် စိုက်ပျိုးရေးသုံးဆေးနှင့် မြေဩဇာအပါအဝင် သွင်းအားစုများမြင့်တက်လာခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် အာလူးစိုက်ဧကများလျော့ကာ ဈေးကွက်လိုအပ်ချက်ရှိ၍ ဝင်ခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။
အထွက်နှုန်းကောင်းပြီး အရွယ်အစားကြီးမားသည့် တရုတ်အားလူးများကို မြန်မာပြည်ဈေးကွက်အတွင်း စတင်ဝင်ရောက်ချိန်က တစ်ပိဿာ ၄၀၀ ကျပ်ဝန်းကျင်ဖြင့် ပြည်တွင်းအာလူးကို ယှဉ်ပြိုင်ရောင်းချခဲ့ပြီး ယခုအခါ ပြည်တွင်းအာလူးထက်ပင် ဈေးကြီးနေသည်ဟု ၎င်းက ဆိုသည်။
အားလူးကို မျိုးစေ့အဖြစ်သာ တရားဝင်သွင်းခွင့်ပြုသဖြင့် စားသုံးနေခြင်းအပေါ် ကျန်းမားရေးရှုထောင့်အရ ညီညွတ်မှုရှိမရှိ အတိကျမသိကြောင်း၊ ဓာတ်ခွဲစမ်းသပ်မှုပြီးမှသာ သိနိုင်ကြောင်း အားလူးတောင်သူတို့က ဆိုသည်။
နိုင်ငံခြားငွေခန်းခြောက်လာသည့် စစ်ကောင်စီသည် ဒေါ်လာသုံးစွဲမှုလျှော့ချရန် ကားတင်သွင်းမှုကို ဗွေဆော်ဦး ပိတ်ပင်ခဲ့ပြီး သွင်းကုန်အများစုကိုလည်း လိုင်စင်ဖြင့် ထိန်းချုပ်ခဲ့သည်။
သို့သော် တရုတ်နယ်စပ်တွင် အာလူးနှင့် ကြက်သွန်ဖြူမှအစ သွင်းကုန်ပစ္စည်းများ မှောင်ခိုဝင်နေပြီး မြန်မာပို့ကုန်များကိုမူ တရုတ်ဘက်က ကပ်ရောဂါအကြောင်းပြချက်ဖြင့် အကြီးကျယ်ထိန်းချုပ်ကြောင်း မူဆယ်မြို့မှ အမည်မဖော်လိုသည့် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ဘက်ကသွားရင် သူတို့ (တရုတ်) သဘောပေါ့။ ပိတ်ချင်လည်း ပိတ်မယ်။ ပညာပေးချင်လည်း ပေးမယ်။ ကျွန်တော်တို့ဘက်က ပိတ်ထားတာကို သူတို့ကြိုက်သလို သွင်းလို့ရတယ်။ ဖောက်ခွဲရေးပစ္စည်းကလွဲလို့ပေါ့။ အကုန်လုပ်စားနေတာ။ ပိုက်ဆံယူပြီး အကုန်လွှတ်ပေးနေတာ” ဟု ၎င်းက ဆိုသည်။
လွှတ်လပ်စွာတင်သွင်းမှုကို ထိန်းချုပ်ခြင်းကြောင့် မှောင်ခိုလမ်းကြောင်းအားကောင်းကာ တရုတ်နှင့် ထိုင်းနယ်စပ်တွင် အကျင့်ပျက်ဝန်ထမ်းများ၏ ငွေကြေးတောင်ခံမှုများလာကြောင်း ၎င်းက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)