သတင်း

မလှိုင်တွင် အစိုးရနှင့် ပြည်သူ မြေအငြင်းပွားမှုဖြစ်

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ မန္တလေးတိုင်းဒေသကြီး၊   မလှိုင်မြို့နယ်ရှိ စီမံကိန်းများသည် ထိုဒေသတွင်နေထိုင်သူတို့ နှစ် ၃ဝ ကျော် လုပ်ကိုင်သည့် မြေနေရာများတွင် တည်ရှိနေသည်ဟု ဒေသခံတို့က ယနေ့ ပြောသည်။

စိမ်းစိုဟု ဒေသခံတို့က ခေါ်ဆိုကြသည့် အဆိုပါ ဦးစီးဌာန၏ သစ်ပင်စိုက်ပျိုးရေး စီမံကိန်းကို ညောင်ပင်သာ၊ ဘဏ္ဍာစိုးကျေးရွာတို့မှ  တောင်သူ၂၀ ခန့်က   တားမြစ်စဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

စိမ်းစိုဌာန လုပ်ကိုင်နေသော ယူကလစ်စိုက်ခင်းများနှင့် ပတ်သက်ပြီး ဒေသခံတို့ကို အသိပေးခြင်း မရှိဟု ညောင်ပင်သာ ရွာမှ မဝင်းဌေးက ပြောသည်။

စိမ်းစိုကနေပြီး ကျွန်မတို့ လုပ်စားတဲ့ ယာမြေတွေပေါ်မှာ ဘက်ဟိုးတွေနဲ့ကော်၊ ကျင်းတွေတူးပြီး လာလုပ်ပါတယ်ဟု ၎င်းက ပြောသည်။

ကျွန်မတို့ စိုက်ထားတဲ့ ယူကလစ်ပင်တွေကို လှဲပစ်တယ်၊ ကျွန်မတို့မှာ ဒီမြေမရှိရင် ဘာမှ လုပ်စားမရတော့ပါဘူး၊ ကျွန်မတို့မြေကို ကျွန်မတို့ပဲ လုပ်ကိုင်စားချင်ပါတယ်ဟု ၎င်းက ဆက်ပြောသည်။

ဘဏ္ဍာစိုး ကျေးရွာမှ တောင်သူ ကိုဆန်းဦးက ၎င်းတို့၏ အခက်အခဲအတွက် နေပြည်တော်က ဖြေရှင်းပေးစေလိုသည်ဟု ဆိုသည်။

ဒီမြေတွေက ကျွန်တော်တို့ လုပ်စားလာတာနှစ် ၂၀ကျော်ရှိပါပြီ၊ နိုင်ငံတော်ကို အခွန်ဆောင်ထားပြီး လယ်ယာလုပ်ပိုင်ခွင့် စာအုပ်တွေ၊ ပုံစံ ၇ တွေ ကျွန်တော်တို့ထဲ ရှိပါတယ်၊ အချိန်မရွေး လာစစ်လို့ရပါတယ်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်း စိမ်းစိုဦးစီးဌာနက ယူကလစ် လာရောက်စိုက်ပျိုးမှု ဧက ၁ဝဝ ရှိကြောင်း၊ ယခုနှစ်တွင် အလားတူ စီမံကိန်းအတွက် ဧက ၁၇၀ကို နစ်နာကြေးမပေးဘဲ သိမ်းယူခဲ့ခြင်းကြောင့်  စီမံကိန်း လုပ်ငန်းခွင်ကို ဝင်ရောက် တားမြစ်ရကြောင်း ဒေသခံများက ဆိုသည်။

ဌာန၏ တုံ့ပြန်ချက်

ဒေသခံတို့၏ ယနေ့လုပ်ရပ်မှာ ဝတ္တရားနှောင့်ယှက်မှုဖြစ်နေသည်ဟု ပုသိမ်ကြီးမြို့နယ်ရှိ စိမ်းစိုဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဒါက ကျွန်တော်တို့ရဲ့ ၁၉၀၂ ခုနှစ်က ဖွဲ့စည်းထားတဲ့ ကြိုးဝိုင်း ဧရိယာထဲမှာ အလုပ်လုပ်တာပါ၊ ရွာသားတွေက နှစ်တော်တော်ကြာ ကြိုးဝိုင်းထဲမှာ ကျူးကျော်နေရင်းနဲ့ ကြိုးဝိုင်းရဲ့ ဥပဒေ နယ်နိမိတ်တွေကို မသိဘဲ သူတို့ရဲ့ ပိုင်ဆိုင်မှုလို့ ယူဆပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်ဟု ၎င်းက ဆိုသည်။

ပုံစံ (၇) က ကျွန်တော်တို့ကြိုးဝိုင်းထဲက ပုံစံ(၇) မဟုတ်ပါဘူး။ အခြားတစ်နေရာက ဖြစ်မှာပါ၊ ဒါနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့နှစ်တွေက သတင်းစာရှင်းပွဲလည်း လုပ်ပြီးပါပြီ။ ဒီနေ့ကိစ္စနဲ့ ပတ်သက်လို့ တာဝန် ဝတ္တရားနှောင့်ယှက်တဲ့အပိုင်းအနေနဲ့ လူကြီးတွေရဲ့ ခွင့်ပြုချက်အရ တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာပါဟု ၎င်းက ဆက်ပြောသည်။

 

Show More

Related Articles

Back to top button