ဆောင်းပါး

ဖောက်ခွဲမှုများ နောက်ကွယ်ကလူ

မန္တလေးမြို့ရှိ  ဒလန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ဒါဇင်နှင့်ချီ သေဆုံးခဲ့သည့် ဖောက်ခွဲမှုများထဲမှ အများအပြားကို မိုးဇက်ဟု သူ့ကိုယ်သူ မိတ်ဆက်လာသည့်လူငယ် ဦးဆောင်ပါဝင်သည့် လျှို့ဝှက်မြေအောက်အဖွဲ့အစည်းက ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း မိုးဇက်က ထိုလုပ်ကြံမှုများအတွက် နောင်တမရဟု ပြောပြသည့်အခါ သူ့စကားသံများတွင် ဒေါသနှင့် နာကြည်းသံများ ဖုံးလွှမ်းနေသည်။ 

သူ့စကားပြောဟန် ယဉ်ကျေးသိမ်မွေ့သော်လည်း လုပ်ကြံသတ်ဖြတ်မှုများအကြောင်း ပြန်ပြောပြတိုင်း သိသိသာသာ တင်းမာလာသည်။ 

“စစ်တပ်နဲ့ ဆက်စပ်တဲ့ အရာမှန်သမျှကို လုပ်နေတဲ့သူတွေမှန်သမျှဟာ ကျွန်တော်တို့ရဲ့ မျက်လုံးထဲမှာတော့ အပြစ်သားတွေပဲ” ဟု မိုးဇက်က ပြောသည်။ 

နယ်စပ်ဒေသတစ်ခုတွင် မွေးဖွားခဲ့သည့် လူငယ်တစ်ဦးဖြစ်သော မိုးဇက်သည် စစ်အာဏာမသိမ်းခင်အချိန်က အစားအသောက်နှင့်ဆိုင်သော လုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်သူဖြစ်သည်။ 

အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာလုယူခဲ့သည့် ဖေဖော်ဝါရီ ၁ နောက်ပိုင်းတွင် မြန်မာနိုင်ငံအနှံ့အပြားရှိ လူငယ်အများအပြား ပြောင်းလဲသွားရာ တရားမျှတမှုကို လိုလားသူ မိုးဇက်သည်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။ သူခုံမင်သည့် ဂီတနှင့် ကဗျာစာအုပ်များနေရာတွင် ကြွေးကြော်သံနှင့် ဆိုင်းဘုတ်များက နေရာယူလာသည်။ 

ဖေဖော်ဝါရီလအတွင်း လမ်းပေါ်ထွက် ချီတက်ဆန္ဒပြသူများကြားထဲတွင် မိုးဇက်ကို တွေ့ခဲ့ကြရသည်။ စစ်ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုများကို နိုင်ငံအနှံ့အပြားတွင် ကျူးလွန်နေသော်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြသည့် လမ်းစဉ်ကိုသာ သူတို့အဖွဲ့က လက်ခံသည်။ 

ထိုလမ်းစဉ်ကို စစ်တပ်က ဖမ်းဆီးထားသူ ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံထားခဲ့သည်။ သို့သော်လည်း ယုံကြည်ချက်အလှည့်အပြောင်းသည် မိုးဇက်တို့ကဲ့သို့  ငြိမ်းချမ်းစွာဆန္ဒပြလိုသူ လူငယ်များကို အချိန်သိပ်မပေးပေ။

ညီမလေး ကြယ်စင်

မိုးဇက်တို့အဖွဲ့ထဲမှ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တစ်ဦးကို မတ် ၃ ရက်နေ့ ဆန္ဒပြပွဲတွင် စစ်တပ်က ခေါင်းကိုချိန်၍ ပစ်သတ်လိုက်သည်။ အသားဖြူဖြူ၊ တောက်ပသည့် မျက်လုံးတစ်စုံ ပိုင်ဆိုင်ထားသည့် တရုတ်နွယ်ဖွား ထိုအမျိုးသမီးငယ်လေးကို ကြယ်စင်ဟု သူတို့အဖွဲ့က ခေါ်သည်။ 

ဆိုးရွားသည့် ကံကြမ္မာသည် ထိုမျှနှင့်မပြီး။ ထိုပစ်ခတ်မှုမှာ သူတို့အဖွဲ့၏ လက်ချက်ဟု စစ်တပ်က တန်ပြန်စွပ်စွဲပြီး မန္တလေးမြို့နေရာအနှံ့တွင် အဖွဲ့ဝင်တချို့ကို ပိုက်စိပ်တိုက် ရှာဖွေတော့သည်။ 

စစ်ကောင်စီတပ်၏ ပြုမူပြောဆိုပုံကို မခံနိုင်သည့်အဆုံး အဖွဲ့ဝင်လူငယ်တချို့သည် တိုင်းရင်းသားလွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်သွားကြကာ ခုခံတော်လှန်ရန် စစ်ပညာသင်ယူကြသည်။

ဒေသအသီးသီးမှ ချေမှုန်းခံရသူများသည် စစ်ကောင်စီတပ်ကို ဗုံးခွဲတိုက်ခိုက်ရန်အတွက် ပတ်ဝန်းကျင်တွင် အလွယ်တကူရရှိနိုင်သည့် ပစ္စည်းတချို့ကို အသုံးပြုတတ်လာကြရာ ထိုအထဲတွင် မိုးဇက်လည်း ပါဝင်သည်။

စစ်ပွဲအတွေ့အကြုံမရှိသော်လည်း အလုပ်က သင်သွားပြီးနောက်ပိုင်းတွင် ဗုံးဖောက်ခွဲမှုများကို ကျွမ်းကျင်လာသည်၊ ပစ်ခတ်လုပ်ကြံရသည်ကို လက်ယဉ်လာသည်ဟု မိုးဇက်က ပြောသည်။ 

ကျားနာခဲ ခဲခြင်း

လွန်ခဲ့သည့်မေလက ဖြစ်သည်။ တစ်လိမ့်လိမ့်သွားနေသည့် ဆိုင်ကယ်အတိုင်း မိုးဇက်၏ ရင်ခုန်သံများက မြန်နေသည်။ သူ့ဆိုင်ကယ်က မန္တလေး မဟာအောင်မြေမြို့နယ်၊ ဒေါ်အောင်ဆန်းစုကြည်လမ်းတွင် လုံခြုံရေးယူထားသည့် ယူနီဖောင်းဝတ်လက်နက်ကိုင်များရှိရာသို့  ဦးတည်နေသည်။

ဆိုင်ကယ်နောက်ခုံတွင် လိုက်ပါလာသည့် မိုးဇက်သည် အသင့်ယူဆောင်လာသည့် လက်လုပ်ဗုံး၏ စနက်တံကို မီးရှို့ပြီး စစ်သားများ ဝိုင်းဖွဲ့ထိုင်နေသည့် လူအုပ်ထဲသို့ ပစ်သွင်းလိုက်သည်။ 

 ပေါက်ကွဲသံ ကျယ်လောင်စွာထွက်ပေါ်လာပြီးနောက်တွင် နာကျင်စွာအော်ဟစ်သည့် အသံများက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။ 

“ဗုံးထဲမှာ အပြင်းဆုံးပဲ။ ထမင်းစားနေတဲ့ စစ်သား ၄ ယောက်လောက်ရဲ့ ကြားထဲကို တန်းကျသွားတယ်။ ပွဲချင်းမပြီးစရာမရှိဘူး” ဟု မိုးဇက်က အခိုင်အမာပြောသည်။ 

သူတို့အဖွဲ့က ဖောက်ခွဲခဲ့သည့် မြို့ပြစစ်ဆင်ရေးတစ်ခုအကြောင်းကို မိုးဇက်က ပြန်ပြောပြနေခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း လူအများဆုံးသေဆုံးခဲ့သည့် ဖောက်ခွဲမှုဖြစ်သည်ဟု မိုးဇက်က ဆိုသည်။ 

စစ်ကောင်စီ၏ အုပ်ချုပ်ယန္တရားများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် သူတို့၏ လျှို့ဝှက်မြေအောက်အဖွဲ့အစည်းတွင် အဖွဲ့ဝင်မည်မျှရှိပြီး  မည်သည့်ဒေသများတွင် မည်သို့ချိတ်ဆက် ဖြန့်ကြက်လှုပ်ရှားနေသည်ကို မိုးဇက်တို့က ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။  

“ကြယ်စင်ကျဆုံးမှုအတွက်၊ စစ်အာဏာရှင်ကိုတိုက်ဖို့အတွက် အစွမ်းကုန်ပြင်ဆင်ပြီး ကြိုးစားနေတယ်” ဟု ၎င်းတို့ထဲမှ အမည်မဖော်လိုသည့် အဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။ 

ဖေဖော်ဝါရီလကုန်ပိုင်းက မန္တလေး ရတနာပုံဈေးအနီး တွေ့ရသော စစ်ကောင်စီလက်နက်ကိုင်များ

အနာဂတ် အစီအစဉ်

စစ်ကောင်စီသည် နေရာအနှံ့တွင် ပစ်ခတ်၊ ဖောက်ခွဲ တိုက်ခိုက်မှုအများအပြားနှင့် ရင်ဆိုင်နေရသော်လည်း အများစုကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ထုတ်ပြန်သည့်အခါတွင်လည်း “နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ကိုင်အကြမ်းဖက်သူများက ချောင်းမြောင်းတိုက်ခိုက်” ဟု ဖော်ပြထားတတ်သည်။ 

ထိုတိုက်ခိုက်မှုများသည် ပြည်သူလူထုကို ထိခိုက်စေကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့၏ လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။

မိုးဇက်တို့၏ ဖောက်ခွဲမှုများမှာလည်း အချိန်တိုင်း ပစ်မှတ်ကို ထိမှန်ခဲ့သည်တော့ မဟုတ်ပေ။ သူတို့ပစ်မှတ်၏ မိသားစုတစ်ဦးဦးကိုလည်း ထိခိုက်သွားနိုင်သည်။  

သို့သော်လည်း စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သူတို့ကိုသာ ပစ်မှတ်အဖြစ် ရွေးချယ်သည်ဟု ဆိုသည်။

ဧပြီလက မန္တလေးရှိ စစ်တပ်သတင်းပေးတစ်ဦး၏ လုပ်ရပ်များကို ရပ်တန့်ရန် အကြိမ်ကြိမ်သတိပေးခဲ့ရာ မလိုက်နာသည့်အတွက် ထိုသူ့ကို ဗုံးခွဲလုပ်ကြံရန်  မိုးဇက်ဦးဆောင်စီမံခဲ့သည်။

နေအိမ်ကို လက်လုပ်ဗုံးဖြင့် တိုက်ခိုက်စဉ် ထိုသတင်းပေး၏ မိသားစုဝင်တစ်ဦး သေဆုံးသွားသည့်အတွက် အပြစ်ရှိသလို ခံစားခဲ့ရသည်ဟု မိုးဇက်က ပြောသည်။  

မြို့ပြစစ်ဆင်ရေးဖြင့် စစ်တပ်၏ အုပ်ချုပ်ရေးယန္တရားများကို ပစ်မှတ်ထားတိုက်ခိုက်နေသော်လည်း သူတို့အဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်ရေးဖြစ်သည်။

သီးသန့်ရပ်တည်မလား၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ပူးပေါင်းသွားမလားဆိုသည်ကို မဆုံးဖြတ်ရသေးဟု အဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။ 

လက်နက်ကိုင်တော်လှန်ရေးလောကထဲ တွန်းပို့ခံရသည့် မိုးဇက်သည် မန္တလေးမြို့ဝန်းကျင်တွင် လျှို့ဝှက်လှုပ်ရှားလျက်ရှိသည်ဟု သိရသည်။ 

 “စစ်အာဏာရှင်စနစ် မပြုတ်မချင်း ကျွန်တော်တို့ကတော့ မန္တလေးမြို့ပေါ်မှာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ရှိနေဦးမှာပဲ” ဟု မိုးဇက်က ပြောလိုက်သည်။

Show More

Related Articles

Back to top button