ဟားခါး၊ ဖလမ်း – နည်းပညာအကူအညီများ ပိုမိုရရှိလာသည့် ချင်းပြည်နယ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်လာသော်လည်း ဈေးကွက် အခက်အခဲကြောင့် အင်တိုက်အားတိုက် ဆက်လက် ထုတ်လုပ်နိုင်ခြင်း မရှိကြောင်း ဒေသခံတောင်သူများက ပြောသည်။
ဖလမ်းမြို့နယ် ကျေးလက်ဒေသတစ်ခုမှ မရှန်းကျဲရ်သည် မိဘများ၏ လက်ငုတ်လက်ရင်း တောင်ယာအလုပ် လုပ်ကိုင်လာသည်မှာ ၁ဝ နှစ် ရှိပြီ ဖြစ်သည်။
“တောင်ယာအလုပ်ကို တဖြည်းဖြည်း စိတ်ကုန်လာပြီ။ အထွက်နှုန်းတွေ တိုးလာတော့လည်း ရောင်းချရမယ့် စျေးကွက်က မရှိဘူး” ဟု ထလန်ရောင်ကျေးရွာမှ ၃၈ နှစ်အရွယ် မရှန်းကျဲရ်က ပြောသည်။
သူနှင့် တစ်ရွာတည်းနေ ၂၈ နှစ်အရွယ် မငွန်ကျင်ဆုန်ကလည်း အလားတူ ရှင်းပြသည်။
“ထွက်ကုန်တွေကို ရောင်းချလို့ရတဲ့ နေရာ မရှိရင် ကျွန်မတို့ထုတ်ကုန်တွေက ဘယ်လောက် ကောင်းကောင်း၊ ဘယ်လောက်ပဲ အထွက်နှုန်းတွေတိုးတိုး အလကားပါပဲ။ စျေးကွက်မရှိတော့ စိုက်ထားတဲ့ သီးနှံတွေ ဘယ်အချိန်ပုပ်မလဲ ဆိုတာကို ထိုင်ကြည့်နေရသလို ဖြစ်နေတယ်” ဟု မငွန်ကျင်ဆုန်က ဆိုသည်။
၎င်းတို့နှစ်ဦးသည် တောင်ယာ ၁ ဧက ခန့်စီ လုပ်ကိုင်နေကြသူများဖြစ်သည်။ မြေပြန့်ဒေသ တောင်သူ လယ်သမားတို့ လယ်ဧက ပိုင်ဆိုင်မှု များပြားသော်လည်း ဤဒေသတွင်မူ လယ်ပိုင်ဆိုင်မှု နည်းပါးကြသည်။
ဝေးလံခေါင်ဖျား၊ အထီးကျန်သော တောင်ပေါ်ဒေသ ချင်းပြည်နယ်သည် နိုင်ငံ၏ ဒုတိယ ဖွံ့ဖြိုးမှု အနည်းဆုံးဒေသဖြစ်ပြီး အဓိကအားဖြင့် တောင်ယာစိုက်ပျိုးရေးလုပ်ကိုင်ကာ စပါး၊ မုန်ညှင်း၊ လက်ဖက်၊ ပဲတောင့်ရှည်၊ ဝဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ထောပတ်၊ စပျစ် စသည့် သီးနှံများ စိုက်ပျိုးကြသည်။
ပြည်နယ်မြောက်ပိုင်း စိုက်ပျိုးရေးအဓိက ကျေးရွာများသို့ အစိုးရ၊ နိုင်ငံတကာ အရပ်ဘက် အဖွဲ့ အစည်းများ၊ ဒေသခံအဖွဲ့အစည်းများက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ သင်တန်းများကို ယခင်ထက် ပိုမို စီစဉ်ပေးလာကြသည်။
ရလဒ်အားဖြင့် ယခင်က တစ်ဧက စပါး ၂၅ တင်းကျော်သာ ထွက်ခဲ့ရာမှ ယခု တင်း ၆ဝ ကျော် ထွက်နေပြီဟု ဒေသခံတို့က ပြောသည်။
နည်းပညာနှင့် သင်တန်း
ပြည်နယ်မြောက်ပိုင်း မြို့နယ် ၅ ခုမှ ကျေးရွာ ၃၈ ခုတွင် စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီ ပေးနေသည့် အဖွဲ့တစ်ခုမှာ ထိုဒေသ အခြေစိုက် Chokhlei Organization for Rural and Agricultural Development (CORAD) အဖွဲ့ ဖြစ်သည်။
သစ်တောပြုန်းတီးစေသည့် ရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်းလာစေရန်အတွက် လှေကားထစ် စိုက်ခင်းများ တူးဖော်ခြင်း၊ ရေလှောင်ကန်များ ဆောက်ခြင်း၊ ကန်နှင့် ဝေးသော စိုက်ခင်းများသို့ ရေပိုက်သွယ်တန်းခြင်းတို့ကို ပြုလုပ်ပေးနေကြောင်း ယင်းအဖွဲ့မှ မန်နေဂျာတစ်ဦးဖြစ်သည့် ကိုကီလ်သူက ပြောသည်။
“တောင်ကုန်းတောင်တန်းတွေများတော့ မြေပြန့်ထက်စာရင် နည်းပညာပိုလိုအပ်တယ်။ မြေပြိုတာကလည်း မကြာခဏဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ဖော်ထားပေးတဲ့ လှေကားထစ်စိုက်ခင်းတွေတောင် မြေပြိုတဲ့အထဲ ပါသွားတယ်။ ဒီဘက်က စိုက်ပျိုးရေးလုပ်ကိုင် သူတွေက စိတ်လည်းရှည်၊ ဇွဲလည်းရှိရတယ်” ဟု ကိုကီလ်သူက ဆိုသည်။
ဒေသခံတို့ကို ၂ဝဝ၄ မှစ၍ အသေးစိတ်သင်ကြားပေးနေကြောင်း ၎င်းက ဆက်ပြောသည်။ ပေးအပ်သည့် နည်းပညာနှင့် သင်တန်းများတွင် မြေယာနှင့်ရေ စီမံခန့်ခွဲထိန်းသိမ်းရေး၊ သီးနှံသစ်တော ရောနှော စိုက်ပျိုးရေး၊ သဘာဝစိုက်ပျိုးရေး၊ အစားအစာ ပြင်ဆင်ထုပ်ပိုးနည်း၊ လူထုဖွံ့ဖြိုးရေး လုပ်ငန်း ကိုင်တွယ် ဖြေရှင်းနည်း၊ စနစ်တကျအတန်းလိုက် စိုက်ပျိုးနည်း၊ သဘာဝ ဓာတ်မြေသြဇာပြုလုပ်နည်း စသည်တို့ ပါဝင်သည်။
သင်တန်းတက်ရောက်သူများထဲတွင် ဖလမ်းမှ မငွန်ကျင်ဆုန်လည်း ပါဝင်သည်။
“အရင်တုန်းကဆို မြက်တွေကို တောင်ယာတွေဘေးမှာပဲ စွန့်ပစ်တာများတယ်။ အခုသင်တန်းတက်ပြီး နောက်ပိုင်းကျတော့ မလွှင့်ပစ်တော့ဘဲ မြက်ခြောက်တွေနဲ့ သဘာဝအတိုင်း မြေဆွေးလုပ်လို့ရတယ် ဆိုတာ သိလာတယ်” ဟု မငွန်ကျင်ဆုန်က ပြောသည်။
“အခုတော့ ကိုယ့်စိုက်ခင်းအထိ ရေသွယ်ပုံ၊ ရေသွယ်နည်းတွေ ရေပန်းပြုလုပ်ပုံတွေ သိလာတယ်။ အဲ့လိုတွေသိလာတော့ အရင်ကလို ရေပုံးအလေးကြီးတွေလည်း သယ်စရာမလိုတော့ဘူး။ အချိန်မကုန်တော့သလို လူလည်း မပင်ပန်းတော့ဘူး”
ကုန်ချောစျေးကွက်အတွက် ရင်းနှီးမြှုပ်နှံမှု
ပြည်နယ်မြောက်ပိုင်း စိုက်ပျိုးရေးသမားတို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ပွဲရုံများကိုသာ အားကိုးနေရသည်။
ဒေသထွက် စပါးနှင့် အခြားသီးနှံများကို ပြည်နယ်အစိုးရက စျေးကောင်းပေးဝယ်လျှင် စိုက်ပျိုးရေးလုပ်ငန်းကို ပိုမို တိုးချဲ့နိုင်မည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဆလိုင်းဒမ်နီရယ်ထွန်းတင်က နိုင်ငံတကာ NGO အဖွဲ့အစည်းများ၏ အထောက်အပံ့များ၊ နည်းပညာများ၊ သင်တန်းများ၊ စီမံကိန်းများသည် နှစ်ကာလ အကန့်အသတ် ရှိခြင်းကြောင့် ဒေသအတွက် ရေရှည် အကျိုးဖြစ်ထွန်းမှု နည်းသည်ဟု ဆိုသည်။
“အခုနောက်ပိုင်း စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး NGO တော်တော်များများ ကူညီပေးနေလာတာကို တွေ့ရတယ်။ သူတို့ကလည်း ၃ နှစ် သို့မဟုတ် ၅ နှစ်ဆိုပြီး နှစ်ကာလအပိုင်းအခြားတစ်ခုအထိပဲ ကူညီနိုင်တာပါ။ NGO ပြန်သွားရင် ဒီကအလုပ်တွေ ရပ်သွားရော။ ကာလတို လုပ်တာထက် လုပ်ငန်းရှင် တစ်ဦးဦးက လာရောက် ရင်းနှီးမြှုပ်နှံတာ အကောင်းဆုံးပါပဲ” ဟု စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူးက သုံးသပ်သည်။
ဤဒေသသည် အခြားပြည်နယ်များကဲ့သို့ ပိုးသတ်ဆေး သုံးစွဲခြင်း၊ ဓာတ်မြေသြဇာသုံးစွဲခြင်း မရှိသော်လည်း ပြည်ပသို့ သီးနှံ စီးပွားဖြစ် တင်ပို့ ရောင်းချနိုင်ရန် လမ်းစ မပေါ်သေးကြောင်း သူက ဆက်ပြောသည်။
“ဒီဒေသကထုတ်ကုန်တွေကို စီးပွားဖြစ်ထုတ်ရလောက်အောင် ပံ့ပိုးပေးမယ့်သူကလည်း မရှိဘူး။ ဒေသခံတွေက စိုက်လည်း စိုက်နိုင်တယ်၊ လုပ်လည်း လုပ်နိုင်တယ်၊ တစ်နိုင်တစ်ပိုင်ပဲ ဖြစ်နေတယ်။ ဝယ်မယ့်သူမရှိတော့ စျေးကွက်ကလည်း မရှိဘူး” ဟု ဒုတိယဦးစီးမှူးက ရှင်းပြသည်။
“လုပ်ငန်းရှင်က ဒီဒေသမှာ စက်ရုံလာဆောက်ပြီးတော့ သီးနှံတွေကို စိုက်ပျိုးတဲ့အချိန်က စပြီး ကုန်ချော ထုတ်နိုင်တဲ့အထိဖြစ်အောင် လာလုပ်သင့်ပါတယ်”
ပြည်ပပို့ကုန်ဖြစ်ရန်အတွက်လည်း အရည်အသွေးကို အထူး အလေးထားသင့်ကြောင်း သူက ပြောသည်။
“အရည်အသွေးကောင်းလည်း တစ်ကျပ်ပဲ၊ အရည်အသွေးမကောင်းလည်း တစ်ကျပ်ပဲဆိုတာ ကြာတော့ စိုက်ပျိုးသူတွေက အရည်အသွေးကောင်း မလုပ်တော့ဘူးပေါ့။ အရည်အသွေး မကောင်းရင် ၁ ကျပ်၊ အရည်အသွေးကောင်းရင် ၁ဝ ဆိုပြီး အဲ့ဒီလို ထိန်းပြီး ဝယ်ပေးမယ့်သူ ရှိရင်လည်း အရည်အသွေးပိုင်း ဖွံ့ဖြိုး တိုးတက်လာမှာပါ” ဟု ဒုတိယဦးစီးမှူးက ဆိုသည်။
အမြဲတမ်းစိုက်ကွက်စနစ်နှင့် မျိုးစေ့
ပြည်နယ်မြောက်ပိုင်းသည် ရေရှားခြင်းကြောင့် ဒေသရာသီ ဥတုနှင့်ကိုက်ညီသည့်၊ ရေငတ်ခံနိုင်သည့် အပင်မျိုးစေ့များ ထောက်ပံ့ပေးရန် လိုအပ်နေကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း Myanmar Now က တွေ့ဆုံခဲ့သည့် ဖလမ်း၊ ဟားခါးမြို့တို့မှ ဒေသခံတို့က ပြောသည်။
ဟားခါးခရိုင် စိုက်ပျိုးရေး ဦးစီးမှူး ဦးဟုန်းကီးကလည်း ဒေသရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံများ စိုက်ပျိုးရန် မျိုးစေ့ကို ဒေသခံများထံ လုံလုံလောက်လောက် မပေးနိုင်ခြင်းမှာ ဌာန၏ အဓိက လိုအပ်ချက် ဖြစ်နေသည်ဟု ဆိုသည်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှစ၍ ဟားခါးမြို့နယ်တွင် ၅ ဧက မျိုးစေ့ စိုက်ခင်းများ ပြုလုပ်လျက်ရှိကြောင်း၊ နှစ်ရှည်ပင်အတွက်လည်း မျိုးစေ့ ထောက်ပံ့ကြောင်း ဦးဟုန်းကီးက ရှင်းပြသည်။
ယခုနှစ်မှစ၍ ရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်းသွားရန် အမြဲတမ်းစိုက်ကွက် ဖြစ်မြောက်ရေးကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု ဆိုသည်။
“ချင်းပြည်နယ်မှာ စိုက်ပျိုးရေးလုပ်ကိုင်သူ ၇၅ ရာခိုင်နှုန်းက ရွှေ့ပြောင်းတောင်ယာစနစ်နဲ့ စိုက်ပျိုးထားကြတော့ တောင်ယာခုတ်ထွင်မှုက နှစ်စဉ် သိန်းချီရှိပါတယ်။ ဒီလိုသာဆက်သွားနေရင် တောင်ပြုန်းပြီးတော့ မြေပြိုမှုတွေ ပိုဖြစ်လာမှာပါ။ ဒါကြောင့် ရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်းပြီးတော့ အမြဲစိုက်ကွက် ဖြစ်မြောက်ရေးကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ခရိုင်ဦးစီးမှူးက ပြောသည်။
ပြည်နယ်အတွင်း အမြဲတမ်းစိုက်ကွက် ပေါ်ပေါက်ရေးအတွက် ယခုနှစ်မှစ၍ ဧက ၅၅ ဧကပေါ်တွင် အကောင်အထည်ဖော်နိုင်ရန် နေရာသတ်မှတ်ခြင်း၊ စီမံချက်ရေးဆွဲခြင်း လုပ်ငန်းများ အစပြုနေပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ချင်းပြည်နယ်တွင် မွေးမြူကြသော နွားနောက်၊ နွား၊ ကျွဲတို့ကို လွှတ်ကျောင်းစနစ်ဖြင့် ထိန်းကျောင်းခြင်းကြောင့် စိုက်ခင်းများ နေ့စဉ်ပျက်စီး ဆုံးရှုံးနေရကြောင်း ဟားခါး၊ ဖလမ်းမြို့တို့မှ ဒေသခံ အများအပြားက ပြောကြသည်။
အစိုးရက လွှတ်ကျောင်းစနစ်ကို ဆက်လက်ခွင့်ပြုမည်ဆိုပါက တိရစ္ဆာန်တို့၏ ဖျက်ဆီးမှုဒဏ်ကို ကာကွယ်နိုင်ရန်အတွက် စိုက်ခင်းများကို သံဆူးကြိုးကာခြင်း ကဲ့သို့သော အကာအကွယ် အစီအမံများ ပြုလုပ်ပေးသင့်ကြောင်း ၎င်းတို့က ပြောသည်။
CORAD အဖွဲ့မှ မန်နေဂျာ ကိုကီလ်သူကလည်း အစိုးရအနေဖြင့် တိရစ္ဆာန်များ လွှတ်ကျောင်းသည့် စနစ် ပိုမိုကောင်းမွန်စေရန် စီစဉ်ပေးသင့်သည်ဟု ယူဆသည်။
“တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း စိုက်ခဲ့ပြီး အသီးအပွင့်တွေ ရခါနီးကျမှ တိရစ္ဆာန်တွေ ဖျက်ဆီးလိုက်တော့ စိုက်ပျိုးရေးလုပ်ငန်းက ရှေ့မသွားဘဲ နောက်ဆုတ်ဆုတ်နေတဲ့ သဘောကို တွေ့ရတယ်။ စိုက်ခင်းတွေကို တိရစ္ဆာန်တွေ မဝင်နိုင်အောင် သံဆူးကြိုး ကာမယ် ဆိုရင်လည်း တိုင်တွေလိုတော့ သစ်ပင်တွေခုတ်မယ် ဆိုရင်လည်း တောကပြုန်းဦးမယ်”
စိုက်ပျိုးရေး ဖွံ့ဖြိုးစေရေးအတွက် အာဏာပိုင်တို့ ဆောင်ရွက်သည့်အခါ တောင်ထူထပ်လွန်းသော ဤဒေသ၏ အခြေအနေများကို မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည်ဟု ကိုကီလ်သူက ဆိုသည်။
“မြေပြန့်ဒေသမှာ ၃ နှစ်စိုက်လို့ဖြစ်တဲ့အပင်က တောင်ပေါ်ဒေသမှာဆို ၅ နှစ်နဲ့ဖြစ်ထွန်းချင်မှ ဖြစ်ထွန်းမယ်။ အဲ့ဒါကို ထည့်တွက်ဖို့လိုတယ်။ ဒါကြောင့် မျိုးစေ့အသစ် တစ်ခု ချပေးမယ် ဆိုရင် အဲ့ဒီမျိုးစေ့က ဒီဒေသမှာ စမ်းသပ်ပြီးသားမျိုးစေ့ပဲ ဖြစ်စေချင်ပါတယ်” ဟု ကိုကီလ်သူက ပြောလိုက်သည်။ ။