အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မျိုးသန့်စင်မှု အားနည်းသည့် စပ်မျိုးစပါးအတွက် ကုမ္ပဏီက တာဝန်ယူရမည်

(ရန်ကုန်) – စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အတွင်းမှ လယ်သမားများအား မျိုးစေ့သန့်စင်မှုအားနည်းသည့် စပ်မျိုးစပါးများရောင်းချသည်ဟု စွပ်စွဲခံရသည့် ကုမ္ပဏီသည် ရာနှင့်ချီသည့် လယ်သမားများအား ထောက်ပံ့ကြေးနှင့် မျိုးစေ့ဖိုးပြန်ပေးရမည်ဟု တိုင်းဒေသကြီး လယ်ဆည်နှင့်မွေးမြူရေးဝန်ကြီးက လွှတ်တော်တွင် သြဂုတ် ၇ရက်က ပြောကြား လိုက်သည်။

အဆိုပါဆုံးဖြတ်ချက်သည် ဒေသအတွင်းရှိ ကျေးရွာအုပ်စုသုံးခုမှ လယ်ဧက ၁၀၀၀ ကျော်ကို အကျိုးသက်ရောက်မှု ရှိမည်ဖြစ်သည်။

မန္တလေးနှင့်နေပြည်တော်အခြေစိုက် Great Wall Tomorrow Hi-Tech Agriculture Co.,Ltd သည် မျိုးသန့်စင်မှုအားနည်းသည့် ပုလဲသွယ် GW-1 စပါးမျိုးစေ့ကို ရောင်းချကြောင်း စွပ်စွဲခံခဲ့ရပြီး လယ်သမားများ နစ်နာမှုအတွက် အစိုးရဘက်က အရေးယူဆောင်ရွက်မည့် အခြေအနေကို သြဂုတ် ၇ ရက်က ပြုလုပ်သည့် စစ်ကိုင်းလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အမတ် ဒေါ်နှင်းခိုင်စိုးက မေးခွန်းထုတ်ခဲ့သည်။

လွှတ်တော်အမတ်က အဆိုပါပြဿနာအတွက် “တာဝန်ယူမှုတာဝန်ခံမှု မရှိတော့ဘူး” ဟု လွှတ်တော်တွင်း ပြောကြားခဲ့ပြီး ပုလဲသွယ်စပါးများ၏ မျိုးစေ့ညံ့ဖျင်းမှုကြောင့် ဧကပေါင်း ၃၆၉၄ ဧက ရှိ စပါးစိုက် တောင်သူများ အကျိုးသက်ရောက်နိုင်သည်ဟုလည်း လွှတ်တော်တွင် ပြောကြားခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကုမ္ပဏီသည် လယ်သမားများအား တစ်ဧကလျှင် ကျပ်တစ်သိန်း ထောက်ပံ့ကြေးပေးရန်နှင့် မျိုးစေ့ဖိုးများ မယူရန် စိုက်ပျိုးရေးမှအရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုမ္ပဏီနှင့် လယ်သမားများအကြား ဇွန်လအစောပိုင်းတွင် သဘောတူခဲ့ကြသည်ဟု တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကမ်ဇာမုံက လွှတ်တော်တွင်ပြောကြားသည်။

ဝန်ကြီး၏အဆိုအရ GW-1 စပါးမျိုးစေ့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လယ်သမားများအကြား လူကြိုက်များသည့် စပါးမျိုးစိတ်တစ်ခုဖြစ်ပြီး ၂၀၁၄ နွေစပါးရာသီကတည်းက ဧကထောင်နှင့်ချီ စိုက်ပျိုးသည့် မျိုးစိတ်ဖြစ်ပြီး ထွက်နှုန်းအလွန်ကောင်းသည့်မျိုးစိတ်ဟုဆိုသည်။

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ပုလဲသွယ် GW-1 စပါးမျိုးစေ့စိုက်ပျိုးသည့်လယ်ဧက သုံးဆခန့် တက်လာပြီး ဧက ၃၇၀၀ ခန့် စိုက်ပျိုးနေကြောင်းလည်း ဝန်ကြီးကလွှတ်တော်တွင် ပြောကြားခဲ့သည်။

သို့သော် ၂၀၁၇-၂၀၁၈ နွေစပါးစိုက်ပျိုးသည့်ရာသီတွင် သရက်ကန်ကျေးရွာအုပ်စု၊ သီပေါကျေးရွာအုပ်စု၊ မိကျောင်းအိုင် ဖုတ်တတောကျေးရွာအုပ်စုများမှ လယ်မြေများတွင် မျိုးပေါက် ရာခိုင်နှုန်းနှင့် မျိုးသန့်စင်မှု ရာခိုင်နှုန်း နည်းကြောင်း သတင်းပေးပို့မှုများရခဲ့သည်ဟု ဝန်ကြီးကဆိုသည်။

စပါးထွက်နှုန်းထိခိုက်နိုင်မှုအနည်းဆုံး ၃ ရာခိုင်နှုန်းမှ အများဆုံး ၈ ရာခိုင်နှုန်း အထိရှိနိုင်ကြောင်း စိုက်ပျိုးရေးအရာရှိများ၏ ကွင်းဆင်းစစ်ဆေးချက်များကို ကိုးကားပြီး ဝန်ကြီးက လွှတ်တော်တွင် ပြောသည်။

မျိုးစပါးပြဿနာကို မကျေနပ်သည့် လယ်သမားများ ၁၀၀ ခန့်က အစိုးရရုံးစိုက်သည့် မုံရွာတွင် သြဂုတ် ၆ ရက်တွင် လမ်းလျှောက်ဆန္ဒပြခဲ့သည်။

“ဆင်းရဲသား တောင်သူလယ်သမားများအပေါ်မှာ မျိုးစေ့ကို မမှန်မကန်ရောင်းချတဲ့အတွက် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်။ မန္တလေး ဂရိတ်ဝေါ ကုမ္ပဏီကို ထိရောက်စွာအရေးယူပေးဖို့၊ တောင်သူတွေရဲ့ ဆုံးရှုံးနစ်နာမှုကို တာဝန်ခံမှု တာဝန်ယူမှု ဆောင်ရွက်ပေးဖို့ပေါ့” ဟုဆန္ဒပြပွဲတွင် ဦးဆောင်သူ တောင်သူ ဦးသန်းဝေက RFA သတင်းဌာနကို ပြောကြားခဲ့သည်။

အဆိုပါဆန္ဒပြပွဲသည် ကုမ္ပဏီဘက်က ကမ်းလှမ်းသည့်အစီအစဉ်ကို လက်မခံနိုင်သည့်တောင်သူများက စီစဉ်ခြင်းဖြစ်နိုင်ကြောင်း တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးမိုးမင်းဝင်းက ပြောသည်။

ဒေသခံအချို့နှင့် ပြဿနာဖြစ်နေသည့် Great Wall Tomorrow Hi-Tech Agriculture Co., Ltd ကို Myanmar Now က ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း တာဝန်ယူ ဖြေကြားမည့်သူမရှိကြောင်းနှင့် ကုမ္ပဏီဘက်က မှတ်ချက်ပေးရန်မရှိကြောင်း အကြောင်းပြန်သည်။

(လွမ်းဒေါင်နှင့် ဝုမ်လျံစန်းတို့သည် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (Myanmar Institute of Theology) မှ Liberal Arts ဘာသာရပ် ကျောင်းသားများ ဖြစ်ပြီး Myanmar Now တွင် အလုပ်သင်သတင်းထောက်များဖြစ်သည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button