အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မုန်တိုင်းမိုးကြောင့် ရေစကြိုပြောင်းစိုက်တောင်သူများ အခက်အခဲတွေ့

(ရေစကြို) — ဘင်္ဂလားပင်လယ်အော်တွင် မေလ ၃ဝ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်း၏အရှိန်ကြောင့် မိုးရွာသွန်းမှု များခဲ့သဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ ပြောင်းစိုက်တောင်သူများ အခက်အခဲ ကြုံတွေ့ခဲ့ရသည်။

ဇွန်လပထမပတ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် စိုက်ပျိုးထားသည့် ပြောင်းခင်းဧကများစွာ ရေနစ်မြုပ်ခဲ့ပြီး အခြောက်ခံထားသည့် ပြောင်းဖူးများလည်း ရေစိုပျက်စီးခဲ့ရသည်ဟု ရေစကြိုမြို့နယ် ပေါက္ကူကျေးရွာမှ ပြောင်းစိုက်တောင်သူ ဦးအေးကိုက ပြောသည်။

“ဒီနှစ်မှာပဲ မိုးသည်းတာ နှစ်ကြိမ်ရှိသွားပြီ။ ချိုးရမယ့်ပြောင်းခင်းတွေ၊ အစေ့ လှန်းရမယ့်ဟာတွေကို ထိခိုက်ကုန်တာပေါ့။ ချိုးရမယ့်ပြောင်းခင်းတွေကို အချိန်တွေရက်တွေ လွန်ကုန်ပါတယ်” ဟု ၎င်းက ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်း၍ နေလှန်းထားသော ပြောင်းဖူးများကို အထုတ်အသွင်းလုပ်ရသည့် အလုပ်သမားစရိတ်များ၊ ပြောင်းဖူးများ အညှောင့်ထွက်မည် စိုးရိမ်သောကြောင့် ဝါးကပ်များ ဝယ်ယူရသည့် စရိတ်များ မလိုအပ်ဘဲ ကုန်ကျနေသည်ဟု ၎င်းကပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၎င်းက ပြောင်း ၁၀ ဧက စိုက်ပျိုးပြီး တချို့တစ်ဝက်ကို စတင်ရိတ်သိမ်းနေပြီဟု ပြောသည်။

တစ်ဧက အထွက်နှုန်းတင်း ၈၀ နှင့် ၁၀၀ ကြား ထွက်ရှိပြီး တစ်တင်းလျှင် ကျပ် ၁၀,၈၀ဝ ပေါက်ဈေးရှိသည့် ပြောင်းဈေးကွက်မှာ မိုးရေထိခြင်းကြောင့် အရည်အသွေး လျော့နည်းသွားနိုင်ပြီး ဈေးကျသွားနိုင်သည်ဟု တောင်သူတို့က သုံးသပ်နေကြသည်။

လတ်တလော ပြောင်းဈေးကွက် ပြောင်းလဲမှု မရှိသေးသော်လည်း ရေထိထားသော ပြောင်းစေ့များမှာ ကျပ် ၄၀ဝ မှ ၅၀ဝ အတွင်း ဈေးနှုန်း အတက်အကျရှိနိုင်သည်ဟု ပေါက္ကူရွာနေ ပြောင်းတောင်သူ ဦးမျိုးမြင့်က ခန့်မှန်းသည်။

“ခုလောလောဆယ်တော့ ဈေးအတက်အကျ မရှိသေးဘူး။ ပြောင်းဖူးတွေလည်း ရေထဲမျောတာမျိုးပေါ့။ ပြောင်းဖူးက မိုးများတော့ အညှောင့်ထွက် မိုကပ်တာပေါ့။ ဈေးကွက်မှာ ဈေးလျှော့ ခံရနိုင်တာပေါ့” ဟု ၎င်းက ပြောသည်။

တောင်သူများအနေဖြင့် ရေလိုအပ်သည့်အချိန်တွင် ရေသွင်းရန် သွယ်တန်းထားသည့် ရေသွင်းမြောင်းများ၊ ရေမလိုအပ်သည့်အခါ လျှော့ချနိုင်မည့် ရေနုတ်မြောင်းများ စနစ်တကျထားရှိရန် လိုအပ်သည်ဟု စိုက်ပျိုးရေးဦးစီးဌာန ရေစကြိုမြို့နယ် စိုက်ပျိုးရေးမန်နေဂျာ ဦးလှဌေးက ဆိုသည်။

၎င်းက သမားရိုးကျ နည်းစနစ်များကို ရှောင်ဖယ်ပြီး မူမမှန်သည့် ရာသီဥတုကို ရင်ဆိုင်သွားရန်နှင့် ခေတ်မီ စက်ကိရိယာတစ်ခုဖြစ်သည့် အခြောက်ခံစက်များကို အရစ်ကျစနစ်ဖြင့် ဝယ်ယူကြရန် တောင်သူများကို တိုက်တွန်းသည်။

“ပုံမှန်ရာသီဥတုမျိုးမှာတောင်မှ အခြောက်ခံစက် ရှိခဲ့ရင် နေပူကို စောင့်နေစရာ မလိုတော့ဘူးပေါ့။ ချက်ချင်း အရည်အသွေးမကျအောင် အခြောက်ခံစက်ထဲထည့်ပြီးရင် သိမ်းလိုက်လို့ရတာပဲ” ဟု ၎င်းက ဆိုသည်။

တောင်သူများအတွက် စက်ပစ္စည်းများကို လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်သမအသင်းစုတို့ထံတွင် တောင်သူအစုအဖွဲ့များကဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သည်ဟု ၎င်းက ဆိုသည်။

ရေစကြိုမြို့နယ်တွင် စိုက်ပျိုးမြေ ၁၂၃,၀၆၁ ဧကရှိပြီး စပါး၊ ပဲနှင့်ပြောင်းတို့ကို အများဆုံး စိုက်ပျိုးကြသည်ဟု ၎င်းက ပြောသည်။

ပေါက္ကူရွာမှ ပြောင်းစိုက်တောင်သူ ဦးအောင်ကိုကမူ အစိုးရက စိုက်ပျိုးစရိတ်ချေးငွေများ ရရှိနေသော်လည်း စက်ယန္တရားနှင့်သက်ဆိုင်သည့် ချေးငွေများကို မရရှိခဲ့ဖူးကြောင်း ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button