
ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၌ ဒလန်ဟု နာမည်ကြီးသူ အမျိုးသားတစ်ဦး ယနေ့ (ဇွန် ၃၀) တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
အသက် ၄၀ ဝန်းကျင်အရွယ် ဦးမောင်မောင်သည် နံနက် ၈ နာရီခွဲခန့်က ရပ်ကွက်အတွင်း သရက်ခြံ ၂ လမ်းနှင့် ၃ လမ်းအဖြတ် ပစ်ခတ်ခံရပြီး လဲကျနေသည်ကို တွေ့ရကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
“သွေးအိုင်ထဲမှာ လဲနေတယ်။ အခြေအနေကတော့ မကောင်းဘူး။ သွေးတွေ တအားများတယ်။ ခေါင်းကို ထုတ်ချင်းပေါက်ဖြစ်သွားတယ်။ ခေါင်းကိုချည်းပဲ တည်ပစ်သွားတယ်။ ခြေထောက်ကိုလည်း အပစ်ခံရတယ်”ဟု ၎င်းက သေနတ်ပစ်ခတ်ခံရသော အခြေအနေကို ပြောသည်။
“ဘယ်လိုပစ်သွားတယ်ဆိုတာတော့ ဘယ်သူမှမသိကြဘူး။ ပစ်သွားတာလဲ ဘာသံမှမထွက်လိုက်ဘူး”
ထိုသို့ ပစ်သတ်ခံရပြီးမကြာမီ စစ်ကောင်စီတပ်များသည် အိမ်စီးကား ၄ စီး၊ လူနာတင်ယာဉ် ၂ စီးဖြင့် ရောက်ရှိလာခဲ့ကာ မည်သူမျှ ဓာတ်ပုံနှင့် ဗီဒီယိုမရိုက်ရန် ပြောဆိုခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးမိသည့် အသက် ၂၀ အရွယ် လူငယ်နှစ်ဦးကိုလည်း ဖမ်းဆီးသွားသည်၊ ရပ်ကွက်အတွင်းတွင်လည်း ပိတ်ဆို့ရှာဖွေခဲ့သည်ဟု သိရသည်။
“ရပ်ကွက်ထဲမှာ တော်တော်ဆိုးဆိုးဝါးဝါး ရှာဖွေနေတယ်။ သူတို့ (စစ်တပ်) က အဲဒီနားမှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ မရိုက်ရဘူးပြောတာ။ ရိုက်မိတဲ့ ကလေးတွေရှိတယ်။ သူတို့နှစ်ယောက်ကို အိမ်ပေါ်ထိတက်ရှာပြီး ဖမ်းသွားတယ် ကြားတယ်။ ပြန်လွှတ်လိုက်လားတော့ မသိသေးဘူး” ဟု ဆိုသည်။
မုန့်လက်ဆောင်းဖတ်ရောင်းချသူ ဦးမောင်မောင်သည် အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၊ တိမ်းရှောင်ပုန်းအောင်းနေသူများနှင့် ပတ်သက်ပြီး စစ်ကောင်စီထံ သတင်းပေးနေသူတစ်ဦးဟု ရပ်ရွာက စွပ်စွဲထားသည်။
ဦးမောင်မောင်လက်ချက်ဖြင့် ရပ်ကွက်အတွင်းဖမ်းဆီးခံရသူ အများအပြားရှိခဲ့ကာ စစ်ကောင်စီမှ ရိက္ခာနှင့် လက်နက်များ ၎င်းကို ထောက်ပံ့ထားသည်ဟု ရပ်ကွက်နေသူများက ပြောသည်။
“သူက ရပ်ကွက်အပိုင်ဆိုတော့ ရပ်ကွက်ထဲမှာ ဘယ်နေရာက ဘယ်သူဆိုတာ သိတယ်။ အဲဒီတော့ ပုန်းရှောင်သူတွေ၊ ဆန္ဒပြသူတွေကို ဖမ်းဆီးဖို့ နေရာလိုက်ပြတာတွေကနေစပြီး ဒလန်ဖြစ်လာတာ” ဟု အထက်ပါရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
ထိုပြောဆိုချက်နှင့်ပတ်သက်ပြီး Myanmar Now က သီးခြားအတည်မပြုနိုင်သေးသလို ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ၎င်း၏ မိသားစု၊ စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့တို့ကိုလည်း ဆက်သွယ်မေးမြန်း၍ မရသေးပေ။