သတင်း

အလုပ်သမား တစ်ထောင်ကျော်သည့် တရုတ်အထည်ချုပ်စက်ရုံ ပိတ်သိမ်း

လုပ်ငန်းရပ်တည်ရန် ခက်ခဲလာခြင်းကြောင့် အလုပ်သမား ၁၀၀၀ မှ ၁၅၀၀ ကြားရှိသည့် “ဟန်မောက်(မြန်မာ)” တရုတ်ရင်းနှီးမြှုပ်နှံမှုအထည်ချုပ်စက်ရုံကို အပြီးပိတ်သိမ်းလိုက်ကြောင်း Hengmao (Myanmar) Garment ကုမ္ပဏီက သတင်းထုတ်ပြန်သည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါရိုက်ခတ်မှု၊ စစ်အာဏာသိမ်းမှုတို့ကြောင့် အထည်ချုပ်လုပ်ငန်းများ ဆက်ရပ်တည်ရန် အကျပ်အတည်းဆိုက်နေချိန်တွင် စက်ရုံအများအပြားပိတ်သိမ်းရန် ပြင်ဆင်မှုများရှိနေပြီး “ဟန်မောက်(မြန်မာ)” အထည်ချုပ်စက်ရုံကို ၂၀၂၁ ဇွန် ၁၉ (ယမန်နေ့)က အပြီးပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

“ဥပဒေအရ သတ်မှတ်ထားတဲ့အတိုင်း ပေးချေတယ်။ လုပ်သက်အလိုက်နစ်နာကြေးရော၊ သူတို့ရဲ့ ရပိုင်ခွင့်လစာရော၊ လုပ်သက်ကျန်တဲ့အကျိုးခံစားခွင့်တွေရော ရပိုင်ခွင့်တွေ အကုန်ပေးချေပါတယ်” ဟု စက်ရုံ၏ လူ့စွမ်းအားရင်းမြစ်ဌာန ဝန်ထမ်းဟောင်း ကိုကျော်ဇင်ဖြိုးက Myanmar Now ကို ပြောသည်။

ကုမ္ပဏီလက်အောက်မှ အခြားအထည်ချုပ်စက်ရုံ ၄ ရုံမှာ လုပ်ငန်းလည်ပတ်နေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံတကာမှ အထည်ချုပ်အမှာများ ရပ်ဆိုင်းလာခြင်းကြောင့် ဆက်လက်ရပ်တည်ရန် အခက်အခဲများစွာရှိပြီး လတ်တလောတွင် လှိုင်သာယာရှိ အထည်ချုပ်စက်ရုံ ၁၀ ခုတွင် လုပ်သားလျှော့ချခြင်း၊ ယာယီပိတ်သိမ်းခြင်းနှင့် အပြီးပိတ်သိမ်းခြင်းတို့ရှိကြောင်း ၎င်းက ဆိုသည်၊

“ရုံအများစုက အော်ဒါရှိနေလို့ ရပ်တည်နေတာထက်ကို လုပ်ငန်းမပိတ်ချင်လို့ တောင့်ခံပြီးတော့ ရပ်တည်နေရတာ များတယ်။ သူတို့ဆီမှာ အော်ဒါဆိုတာ အများကြီးရှိလို့ရယ်လို့ မဟုတ်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

ပိတ်လိုက်သော Hengmao (Myanmar) Garment စက်ရုံ (ဓာတ်ပုံ – ပေးပို့) 

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာမှ နာမည်ကြီးအဝတ်အထည်လုပ်ငန်းတချို့သည် မြန်မာနိုင်ငံတွင် အပ်ထည်ချုပ်လုပ်မှုရပ်ဆိုင်းရန် ပြင်ဆင်ခဲ့ကြသည်။ သို့သော်လည်း ဆွီဒင်မှ H&M, အိုင်ယာလန်မှ Primark, ဒိန်းမတ်မှ Bestseller တို့က အထည်ချုပ်သမားများ အလုပ်အကိုင်မဆုံးရှုံးရန်ဟုဆိုကာ အပ်ထည်များပြန်လည်မှာယူရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ 

ကုန်ကြမ်းရရှိမှုအခက်အခဲနှင့် အော်ဒါကျဆင်းမှုကြောင့် ပြီးခဲ့သည့်နှစ်ကတည်းက စက်ရုံများ အခြေယိုင်ခဲ့ပြီး စစ်အာဏာသိမ်းမှု ၄ လခွဲကျော် ကြာမြင့်လာချိန်တွင် ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ ၂၀၀ ကျော်ကို ပိတ်သိမ်းရန် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနကို တင်ပြထားကြောင်း DVB သတင်းဌာနက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်သား ၇ သိန်းကျော်ရှိပြီး ကိုဗစ်နိုင်တင်းရိုက်ခတ်မှုကြောင့် အလုပ်သမား ၂ သိန်း အလုပ်ပြုတ်ခဲ့ပြီး စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ မတည်ငြိမ်မှုများကြောင့် နောက်ထပ် အလုပ်သမား ၂ သိန်း   အလုပ်အကိုင်ဆုံးရှုံးခဲ့ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူတို့က ခန့်မှန်းထားသည်။

“နာမည်ကြီး  Brand (ကုန်အမှတ်တံဆိပ်)တွေ ပြန်ရုပ်သွားတယ်။ ရှေ့မှာလည်း ကိုဗစ်အကျပ်အတည်းကြောင့် အလုပ်လက်မဲ့ပြဿနာတွေ အများကြီးရှိတဲ့အခါကျတော့ ဆိုးကျိုးက တော်တော်ကြီးပါတယ်။ စက်ရုံအလုပ်ရုံတွေလည်ပတ်မှုက ထက်ဝက်လောက်လျော့သွားတယ်” ဟု အလုပ်သမားအရေးဆောင်ရွက်သူ ဦးရဲနိုင်ဝင်းက ဧပြီလအတွင်းက Myanmar Now ကို ပြောဆိုခဲ့သည်။

အဓိကဝယ်လက်များဖြစ်သော ဥရောပနှင့် အမေရိကန်က စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို ပတ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်ခြင်းကြောင့် အထည်ချုပ်နှင့် အခြားပို့ကုန်များအပေါ် ရိုက်ခတ်လာမည်ကို စိုးရိမ်နေကြသည်။

အထည်ချုပ်စက်ရုံလုပ်ကိုင်သူများအနက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင်ထားသည့် လုပ်ငန်းရှင်ပေါင်း ၆၀၀ ကျော်ရှိသည်။ 

ပြည်ပပို့ကုန်များအနက် အထည်ချုပ်မှာ နိုင်ငံခြားဝင်ငွေအများဆုံးရရှိသည့် ပို့ကုန်တစ်ခုဖြစ်ပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ် မတ်လအထိ အထည်ချုပ်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံရရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကပ်‌ရောဂါကို တွန်းလှန်ကာ စီးပွားရေးတိုးတက်နိုင်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားခဲ့သော်လည်း စစ်အာဏာသိမ်းခြင်းကြောင့် စီးပွားရေးကျဆင်းမှု ၁၀ ရာခိုင်နှုန်းအထိ ရှိလာကာ နှစ်ပေါင်း ၃၀ အတွင်း အကြီးမားဆုံးစီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်ရမည်ဟု ကမ္ဘာ့ဘဏ်က မတ်လကုန်တွင် ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button