သတင်း

တောင်သာမြို့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းဌေးသည် ဇွန် ၁၈ ညပိုင်းက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။

ဦးသိန်းထွန်းဌေးကို အနီးကပ်ပစ်ခတ်ခဲ့သည်ဟု တောင်သာမြို့နယ်ပြောက်ကျားလူငယ် (TTA) အဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။

“ဦးသိန်းထွန်းဌေးက စစ်အာဏာရှင်အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒပြပွဲကို ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေကို စစ်ကောင်စီထံ တိုင်တန်းခြင်းပြုလုပ်ပြီးတော့ စစ်ကောင်စီအဖွဲ့တွေကို ခေါ်ပြီး ဖမ်းဖို့တွေ လုပ်ကိုင်ဆောင်ရွက်လို့ သူ့ကို ဒလန်အဖြစ်သတ်မှတ်ပြီး ရှင်းလင်းခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဦးသိန်းထွန်းဌေး ပစ်သတ်ခံရပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့် ရွာအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်လာခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇွန် ၁၉ မနက် ၁၁ နာရီဝန်းကျင်တွင် အင်အား ၁၀၀နီးပါးဖြင့် ထပ်မံရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်ဆွေနှင့် အမျိုးသမီးသုံးဦးကို ဖမ်းဆီးထားကြောင်း၊ သံသယဖြစ်သည့် နေအိမ်များသို့ သွားရောက်စစ်ဆေးနေကြောင်း  ဒေသခံအချို့က အတည်ပြုသည်။

“ခုချိန်ထိ ရွာထဲမှာရှိနေတုန်းပဲ။ သူတို့ထင်တဲ့အိမ်မှန်သမျှကို ဝင်စစ်ဆေးနေတယ်” ဟု အထက်ပါ ဒေသခံက Myanmar Now ကို ဇွန် ၁၉ တွင် ပြောသည်။

တောင်သာမြို့နယ်၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် စစ်တပ်သတင်းပေးဟု နာမည်ကြီးသည့် ယွန်းယွန်းလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင်အမျိုးသမီး ပစ်ခတ်ခံရသေးသည်။ ယင်းဖြစ်စဉ်ကြောင့် လူ ၆ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ရာတွင် တစ်ဦးမှာ စစ်ကြောရေး၌ အသက်ဆုံးခဲ့ရဖူးသည်။

ထို့ကြောင့် မြို့နယ်အတွင်း နောက်တစ်ကြိမ်ပစ်ခတ်မှုဖြစ်ချိန်တွင် မဆိုင်သည့် ပြည်သူများ နစ်နာမှုမရှိစေရန် ၎င်းတို့လက်ချက်ဖြစ်သည်ကို ထုတ်ဖော်ခြင်းဖြစ်ကြောင်း TTA ပြောခွင့်ရသူက Myanmar Now ကို ပြောသည်။

ရုံးစည်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို စစ်ကောင်စီပြန်ကြားရေး တာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။

စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အင်အားကောင်းသည့် တောင်သာမြို့နယ်တွင် ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် နှစ်လနီးပါး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်းပေးများ၏ အန္တရာယ်ကြောင့် လျော့နည်းသွားရပြီး ထွက်ပြေးတိမ်းရှောင်နေရသူအများအပြားရှိကြောင်း ဒေသခံတို့က ပြောကြသည်။

Show More

Related Articles

Back to top button