
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရီးဒွေးရွာတွင် ယမန်နေ့ (ဇွန် ၁၆)ရက်၌ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ဝင်များက လက်နက်ကိုင်ခြိမ်းခြောက်၍ နေအိမ်လေးလုံးကို ဖျက်ဆီးခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။
USDP ပါတီဝင်နှင့် ထောက်ခံသူ ၅၀ခန့်သည် သေနတ်၊ တုတ်၊ ဓားလက်နက်များကိုင်ဆောင်၍ ယင်းနေ့ နံနက် ၆နာရီခန့်က ပါတီရုံးရှေ့တွင် လူစုကြပြီးနောက် တစ်ရွာထဲနေ ဦးကျော်ဆန်း၊ ဦးဖိုးတုတ်၊ ဦးစိုးလွင်၊ ဦးဝင်းမျိုးဦးတို့၏ နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း ၎င်းတို့က ပြောသည်။
အိမ်ပိုင်ရှင်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ထောက်ခံသူများဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။
Myanmar Now က ရရှိထားသော ဓာတ်ပုံများတွင် နေအိမ်အချို့မှာ မီးလောင်ကျွမ်းခံထားရပြီး အိမ်တိုင်များသာ ကျန်ရစ်ကြောင်း တွေ့ရသည်။
“ဘာလို့ဖျက်တာလဲဆိုတော့ သူတို့ကွမ်းခြံတွေကို ဖျက်ဆီးလို့လို့ ပြောတယ်။ ဒါပေမယ့် သူတို့ကွမ်းခြံတွေကို ဖျက်တာ ဘယ်သူဘယ်ဝါဆိုတာကတော့ ကျွန်မတို့လည်း မသိဘူး။ သူတို့ကွမ်းခြံသုံးခြံ ဖျက်ဆီးခံရတာကို ကျမတို့အနီတွေ (NLD)ခေါင်းဆောင်တွေက လုပ်တယ်ဆိုပြီး သူတို့က ပြန်ဖျက်ဆီးလိုက်တာ”ဟု ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။
USDP ပါတီဝင်များပိုင်ဆိုင်သည့် ကွမ်းခြံများသည် ဇွန် ၁၅ရက်ညတွင် ဖျက်ဆီးခံရခြင်းဖြစ်ပြီး ယင်းကို အကြောင်းပြု၍ ကျေးရွာအတွင်း ပြဿနာဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
နေအိမ်များကို ဖျက်ဆီးခြင်းမပြုမီ USDP ပါတီဝင်အချို့က ကလေးချီထားသည့် အမျိုးသမီးတစ်ဦးကိုပင်မချန် သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့သေးသည်ဟု အထက်ပါအမျိုးသမီးက ပြောသည်။
“သေနတ်တွေကို ပေါ်တင်ကိုင်ပြီး ရွာထဲက ကျွန်မ ညီမတစ်ဝမ်းကွဲကို သေနတ်နဲ့ထောက်ပြီး နင်တို့အနီတွေကို ကလေးရော၊ လူကြီးရောမကျန် သေနတ်နဲ့ ပစ်သတ်မှာ၊ နင်တို့အနီတွေ ရဲတယ်ဆိုတာ ဘယ်မလဲဆိုပြီးပြောတယ်။ သူတို့မိန်းမတွေက ဆွဲလို့သာ ကျွန်မညီမ အပစ်မခံရတာပါ”ဟု ၎င်းက ဆိုသည်။
နံနက် ၈ နာရီခန့်တွင် အနီးရှိ ထန်းကုန်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရီးဒွေးကျေးရွာကို ရောက်ရှိလာသော်လည်း နေအိမ်ဖျက်ဆီးသူများ ဖမ်းဆီးမခံရဘဲ အသက် ၃၀ ကျော်အရွယ် ကိုမျိုးဦးနှင့် ဆယ်တန်းကျောင်းသား ကိုချစ်သူတို့နှစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း ရွာခံအမျိုးသမီးက ပြောသည်။ သို့သော် မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရသည်ကိုမူ အတည်မပြုနိုင်သေးပါ။
“ရဲတွေကလာလည်း ကျမတို့ဘက်မှာ ရပ်တည်မပေးဘူး။ လက်နက်တွေကိုင်ထားတဲ့သူတွေကိုလည်း တစ်ယောက်မှ မဖမ်းဘူး။ လက်နက်တွေကိုင်ပြီး အိမ်တွေကို ဖျက်ဆီးတဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတာမရှိပါဘူး”ဟု အထက်ပါအမျိုးသမီးကပင် ပြောသည်။
အမည်မဖော်လိုသည့် အခြားဒေသခံ အမျိုးသမီးတစ်ဦးကလည်း ရီးဒွေးကျေးရွာတွင် ထိုသို့ဖြစ်ပွားခဲ့ခြင်းမှာ မှန်ကန်ကြောင်းပြောသည်။
“သေနတ်က နာမည်တွေဘာတွေတော့မသိဘူး ရှည်ရှည်ကြီးတွေပဲ။ သေနတ်က တူမီးလို့တော့ ပြောကြတာပဲ။ ရဲတွေ စစ်သားတွေကိုင်တဲ့ဟာမျိုးတော့မဟုတ်ဘူး။ အရင်က ရွာမှာ လက်နက်တွေမရှိဘူး။ အရင်ကတော့ ကျမတို့ကို လက်နက်တွေရှိတယ်ဆိုပြီး သူတို့ (USDP)ကပြောတာ။ ကျမတို့မှာ ဘာမှမရှိဘူး။ အခု သူတို့မှာက လက်နက်တွေနဲ့ ဘယ်ကရလဲမသိဘူး”ဟု ၎င်းက ပြောသည်။
အဆိုပါဖြစ်စဉ်အပြီးတွင် NLDနှင့် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဒေသခံများ ရွာတွင် မနေထိုင်ရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံအချို့ထံမှ သိရသော်လည်း အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။
“ကျွန်မတို့ပြန်ဝင်လာလို့ရှိရင် ကျွန်မတို့ကို အကုန်ဖမ်းပြီး သတ်မှာတဲ့။ သူတို့(USDP) ကင်းစောင့်နေကြတယ်။ ကျွန်မတို့ ပြန်ပြီး ဘာတစ်ခုမှလဲ ယူခွင့်မရဘူး။ ကျွန်မတို့မှာ ဘာတစ်ခုမှလည်း ပါမလာဘူး။ ကျွန်မတို့မှာ စားစရာလဲမရှိဘူး။ ကျွန်မတို့ အဘိုးအဘွားနဲ့ သက်ကြီးရွယ်အိုတွေတော့ နေခဲ့ကြတယ်။ သူတို့ကလည်း လှမ်းဆက်သွယ်တယ်။ ပြန်မလာခဲ့ကြဦးနဲ့တဲ့။ သူတို့ တစ်အိမ်တစ်ယောက် လိုက်စောင့်နေတယ်လို့ ပြောတယ်”ဟု အထက်ပါအမျိုးသမီးကပင် ပြောသည်။
ကန့်ဘလူမြို့နှင့် ၇မိုင်အကွာတွင်ရှိသော ရီးဒွေးကျေးရွာသည် အိမ်ခြေ ၃၀၀ခန့်ရှိရွာဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကြောင့် ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်းမှစ၍ စစ်ကောင်စီတပ်က ငါးကြိမ်ဝင်ရှာခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။
ဧပြီနှင့် မေလအတွင်း စစ်ကောင်စီတပ်ဖွဲ့စီးနင်းစဉ် NLDပါတီဝင်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြစ်သည့် အသက် ၂၈ နှစ်အရွယ် ကိုကျော်စွာလင်း၊ အသက် ၅၄ နှစ်အရွယ် ဦးထွန်းကြည်၊ အသက် ၅၀ အရွယ် ဦးကျော်တင့်၊ အသက် ၃၈ နှစ်အရွယ် ဦးတင်လင်းနှင့် အသက် ၃၈ နှစ်အရွယ် ဦးထွန်းသတို့ ဖမ်းဆီးခံထားရပြီးဖြစ်သည်။
သေနတ်ဖြင့်ခြိမ်းခြောက်၍ နေအိမ်လေးလုံးဖျက်ဆီးခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ USDP တာဝန်ရှိသူများနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းနေသော်လည်း တယ်လီဖုန်း ပြန်လည်ဖြေဆိုကြခြင်း မရှိသေးပေ။
ကန့်ဘလူမြို့နယ်သည် စစ်ကောင်စီကို ခုခံနေသည့် နိုင်ငံအနှံ့မြို့များအနက် တစ်ခုဖြစ်ပြီး ဇွန် ၂ရက်က ဝါးညိုတောင်အနီး၌ ရဲနှင့် စစ်ကားများကို ဒေသခံလက်နက်ကိုင်အဖွဲ့က လက်လုပ်မိုင်း၊ လက်လုပ်တူမီးသေနတ်များဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဒုရဲအုပ်တစ်ဦးသေဆုံးခဲ့ရဖူးသည်။