အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဝက်လက်လေကြောင်းတိုက်ခိုက်မှု ပုန်းခိုကျင်းပြို၍ ပိတ်မိသူများအပါအဝင် ၇ ဦးသေဆုံး

လေယာဉ်သံကြားရပြီးနောက် လေကြောင်းရန် စိုးရိမ်ရသဖြင့် ရွာတွင် တူးထားသော ပုန်းခိုကျင်းအတွင်း ဝင်ရောက်ပုန်းအောင်းသူ လေးဦးထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ပြီး အခြားနေရာမှ သုံးဦးလည်း သေဆုံးခဲ့သည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက် ) က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် လေကြောင်းတိုက်ခိုက်မှုတွင်  ပုန်းခိုကျင်းအနီး ဗုံးကျရောက်ပေါက်ကွဲသဖြင့် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအပါအဝင် ခုနစ်ဦး နေရာတွင်ပင် သေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မြို့အရှေ့ဘက် ဧရာဝတီမြစ်ကမ်းဘေး ငါးပတ်ချောင်းကျေးရွာကို ယမန်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်တွင် လေယာဉ်က သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  ဘုရားနှင့် နေအိမ်ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

လေယာဉ်သံကြားရပြီးနောက် လေကြောင်းရန် စိုးရိမ်ရသဖြင့် ရွာတွင်တူးထားသော ပုန်းခိုကျင်းအတွင်း ဝင်ရောက်ပုန်းအောင်းသည့် ကလေးနှစ်ဦး၊ သက်ကြီးပိုင်းတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ကျင်းပြိုကာ ပိတ်မိသေဆုံးခဲ့သည်။

သေဆုံးသူများသည် အသက် ၈၀ ကျော်အရွယ် ဒေါ်ခင်တင့်၊ သမီးဖြစ်သူ  ၃၅ နှစ်အရွယ် ဒေါ်မာသွယ်နှင့် မြေးဖြစ်သူ ခုနစ်နှစ် အရွယ်ကလေးတစ်ဦး၊ ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ဘက်မှ စစ်ရှောင်ရောက်နေသည့် အသက် ၁၄ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးတို့ ဖြစ်ကြသည်။ 

“ပုန်းခိုကျင်းက သဲအိတ်ဘန်ကာဆင့်ပြီးနေတော့ ပုန်းခိုကျင်းနားကပ်ကျတော့ (မြေ)ပိသလိုဖြစ်သွားတာ ”ဟု ဒေသတွင်း စစ်ရေးနှင့်လေကြောင်းတိုက်ခိုက်မှုအခြေအနေများကို ဖော်ပြပေးနေသည့် Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ငါးပတ်ချောင်းကျေးရွာခံများဖြစ်သည့် အသက် ၈၀ အရွယ် ဒေါ်သန်းမြ၊ ၇၅ နှစ်အရွယ်ဒေါ်ကျင်နှင့် ၂၅ နှစ်အရွယ်ကိုမင်းသန့်တို့ ရွာအတွင်း ဗုံးကျရောက်ပေါက်ကွဲစဉ် သေဆုံးခဲ့သည်။ 

ဒေသတွင်း တိုက်ပွဲလည်း မရှိသလို စစ်ကော်မရှင်တပ်ကလည်း မြေပြင်စစ်ကြောင်းထိုးခြင်းလည်းမရှိဘဲ ကျေးရွာကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝက်လက်မြို့နယ်ဒေသခံများက ဆိုသည်။ 

“ကျေးရွာအနောက်ဖျားတစ်ချက်၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားဝန်းနဲ့ကပ်လျက်ကျတော့ ဘုရားတွေ ပျက်စီး တာရှိတယ်။ ရွာအနောက်ဖျားကအိမ်ပေါ် ကွက်တိကျတယ်ပြောရမယ်။ ဘုရားဝင်းအရှေ့ကို တစ်လုံးကျတယ်။ ဘုရားဝင်းစောင်းတန်း လှေကားကို တစ်လုံးကျတယ်။ အိမ်ထဲကို တစ်လုံးကျတယ်” ဟု Wetlet Information Network မှ တာဝန်ရှိသူက ပြောသည်။

ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် နှစ်လုံးမီးလောင်ပြီး၊ အိမ်နှစ်လုံး လုံးဝပျက်စီးသွားကာ ကားသုံးစီး ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

ယမန်နေ့ လေကြောင်းမတိုက်ခိုက်မီနှင့် တိုက်ခိုက်နေစဉ်၊ တိုက်ခိုက်မှုအပြီးတို့တွင် စစ်ကော်မရှင်တပ်က ကင်းထောက်ဒရုန်းဖြင့် စောင့်ကြည့်ခဲ့ကြောင်း သိရသည်။ 

စစ်ကိုင်းနှင့် ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့ကို ဆက်သွယ်ထားသည့် အမှတ် (၃) ခရိုင်ချင်းဆက် လမ်းမကြီး ဘေးရှိ ငါးပတ်ချောင်းရွာမှာ ယခင်ကလည်း စစ်တပ်က မကြာခဏ စီးနင်းမီးရှို့ခဲ့သည့် ကျေးရွာဖြစ်သည်။ ယခုနှစ် နှစ်လယ်ကလည်း မန္တလေးမှ မြစ်ကြောင်းအတိုင်း စစ်သင်္ဘောအုပ်စု ဆန်တက်လာစဉ် မြစ်ကမ်းဘေးကျေးရွာများ ကို လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ငါးပတ်ချောင်းရွာမှ အရပ်သား ၁၂ ဦး သေဆုံးခဲ့သည်။ 

ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြစ်တစ်ဖက်ကမ်းမှ လှမ်းတွေ့ရစဉ်။  (ဓာတ်ပုံ-  Wetlet Information Network) 

ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးမြို့နယ်တို့ကို စစ်တပ်က ပြန်ရသွားပြီးနောက် သောင်းနှင့်ချီသော ဒေသခံများ ထွက်ပြေးနေကြရာ မြစ်ကိုဖြတ်ကူး၍ စစ်ကိုင်းတိုင်းအတွင်း ဝင်ရောက်ချိန်တွင် လှေဆိပ်၊ ခရိုင်ချင်းဆက်လမ်းကဲ့သို့သော လမ်းကြောင်းများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသည်။

မန္တလေးတိုင်း မျက်နှာချင်းဆိုင် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှ စစ်ကိုင်းတိုင်း ဝက်လက်၊ ရွှေဘို၊ ခင်ဦးမြို့နယ်တို့ကို ယခုလအတွင်း လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်လုပ်နေရာ ဒီဇင်ဘာလဆန်းမှ ၁၈ ရက်နေ့အထိ သေဆုံးသူ ၆၀ နီးပါးရှိပြီး အများစုသည် အရပ်သားများဖြစ်ကြသည်။

ဝက်လက်မြို့နယ်တစ်ခုတည်းတွင်ပင် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း နတ်မှော်ဦး၊ ထုံးဘို၊ ဆည် တော၊ သန်းကုန်းတောတိုက်နှင့် ငါးပတ်ချောင်းစသည့်ကျေးရွာများမှ လူနှစ်ဒါဇင်နီးပါး သေဆုံးပြီး ၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

စစ်ကော်မရှင်တပ်သည် စစ်ရှောင်များကို ပစ်မှတ်ထားသည်ဟု ယူဆရသလို လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းမှ တောလှန်ရေးအဖွဲ့များ စစ်ကူလာမည်ဟု ယူဆကာ ပိတ်ဆို့ခြင်းလည်း ဖြစ်နိုင်သည်ဟု ဝက်လက်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်သည်။ 

“ အရှေ့ဘက် စဉ့်ကူး၊ မတ္တရာမှာ စစ်ကြောင်းတွေထိုးနေတဲ့ကာလမှာ ဝက်လက်အရှေ့ခြမ်းက မြစ်ရိုး တစ်လျှောက်ကို ပစ်မှတ်ထားပြီးတိုက်ခိုက်တာတွေများတယ်လက်ရှိ။ အမှတ် (၃) ရဲ့အရှေ့ဘက် မြစ်ရိုး တစ်လျှောက်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာဆိုတော့ စစ်ရှောင်တွေကိုဒုက္ခပေးချင်လို့လား၊ ဒါမှမဟုတ် ဒီဘက်က စစ်ကူတွေ စဉ့်ကူး၊ မတ္တရာကိုသွားမှာစိုးလို့လား အဲ့လိုမျိုးတော့ ခန့်မှန်းရတာပေါ့” ဟု ထိုသူက ဆိုသည်။ 

ဝက်လက်မြို့နယ်မှ စစ်ရှောင်အရေးကူညီသူတစ်ဦးက“ မန်းလေး- မိုးကုတ်ဘေးကရွာတွေ ဒီဘက်တွေ ရှောင်နေရတယ်။ တစ်လုံးတစ်စည်း လုပ်ပေးလို့မရဘူး။ နီးစပ်ရာရှောင်နေရတယ်။ စစ်ရှောင်တစ်လုံးတည်း ဆိုလည်း သတင်းပေးကြောက်လို့၊ နီးစပ်ရာခိုကပ်ပြီး ရှောင်နေရတယ်”ဟု အခြေအနေကို ပြောပြသည်။ 

စစ်ကော်မရှင်က မန္တလေးတိုင်း စဉ့်ကူးမြို့အား ပြန်လည်သိမ်းပိုက်နိုင်ကြောင်း ဒီဇင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ထားစဉ် ပြည်သူ့ကာကွယ်ရေးတပ် လက်နက်ကိုင်များက ဧရာဝတီမြစ်အနောက်ဘက် ဆုတ်ခွာ ထွက်ပြေးကြောင်း မြေပြင်၊ဝေဟင် လိုက်လံချေမှုန်းလျက်ရှိကြောင်း မြစ်အနောက်ကမ်း စစ်ကိုင်းတိုင်းအတွင်း ကားများ၊ မြစ်ဆိပ်များကို ပစ်ခတ်ဗုံးကြဲထားသည့် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။  

စစ်တပ်က ဒေသတွင်း စစ်ရေးပြင်းထန်နေသလို မန္တလေးတိုင်း စစ်ရှောင်အများအပြား ခိုလှုံနေကြသော  ဝက်လက်နယ်တွင် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း စစ်အင်အား ၂၀၀ နီးပါး ထပ်ဖြည့်လိုက်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။ 

စစ်ကိုင်းမြို့နယ် စဉ့်ကိုင်(တောင်)ရွာမှ ထွက်လာသည့်မြေပြင်စစ်ကြောင်းတစ်ခုသည် ဧရာဝတီမြစ်ကမ်းဘေး ဝက်လက်မြို့နယ်၊ ရှိန်းမကား စစ်စခန်းကို အင်အားဖြည့်လိုက်ခြင်းဖြစ်သည်ဟု  ဝက်လက်အခြေစိုက် အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။ 

“ရှိန်းမကားကိုလွန်ခဲ့တဲ့ သုံးရက်လောက်က (တပ်ကူတွေ) ရောက်တယ်။ အခုလက်ရှိတော့ ဒီဘက်ကို လှုပ်ရှားမှုတော့ မလုပ်သေးဘူး။ အမှတ် (၃) လမ်းအရှေ့ဘက် မြစ်ရိုးတစ်လျှောက်က စခန်းမှာပဲ စုပုံထားတယ်”

စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်နေသော စစ်တပ်က ပြီးခဲ့သည့်ရက်များအတွင်း အထက်ပိုင်း ကောလင်း၊ ကန့်ဘလူဒေသများကို ဗုံးကြဲတိုက်ခိုက်နေသလို စစ်ကိုင်းတိုင်း အလယ်ပိုင်း ဒီပဲယင်းမြို့နယ်တွင်လည်း ယမန်နေ့ ည ၉ နာရီခွဲဝန်းကျင်တွင် မြို့နယ်အနောက်ခြမ်း ( ဘုတလင်မြို့နယ်နှင့်အစပ်) ကို လေယာဉ်သုံးစီး၊ အင်ဂျင်တပ်လေထီးတစ်စီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

ထိုတိုက်ခိုက်မှုအတွင်း ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ရှမ်းမြောက်တွင် တရုတ်ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် ကိုးကန့်တပ်၊ တအာင်းတပ်တို့နှင့် စစ်တပ်က အပစ် ရပ်ပြီးနောက် စစ်ကော်မရှင် ပစ်မှတ်သည် နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ ဖြစ်လာသည်။ 

 ဧရာဝတီမြစ်အနောက်ကမ်း စစ်ကိုင်းတိုင်းအတွင်းကို ပစ်ခတ်တိုက်ခိုက်ထားကြောင်း စစ်ကော်မရှင်က ဒီဇင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ- CINCDS)

Related Articles

Back to top button