တော်လှန်ရေးအားကောင်းရာ နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် ယခုနှစ် ဒီဇင်ဘာလ ပထမလဝက်အတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုများကြောင့် ၆၀ ခန့် သေဆုံးပြီး ၁၃၀ နီးပါး ဒဏ်ရာရခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ဒီဇင်ဘာလ ၁ ရက် မှ ၁၈ ရက်အတွင်း စစ်ကိုင်းတိုင်းအတွင်း ချောင်းဦး၊ ဝက်လက်၊ ယင်းမာပင်၊ ကန့်ဘလူ ၊ ဘုတလင်၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို ၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ကသာ၊ ကနီ၊ မင်းကင်းနှင့် ကောလင်းစသည့် မြို့နယ် ၁၄ ခုတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Myanmar Now သတင်းဌာန၏ မှတ်တမ်းများအရ စစ်တပ်၏ စစ်ကိုင်းတိုင်းအတွင်း ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၈ ရက် နေ့အထိ လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် သေဆုံးသူ ၆၀ ဦး နှင့် ဒဏ်ရာရသူ အနည်းဆုံး ၁၂၉ ဦး အထိရှိနေပြီး ဒဏ်ရာပြင်းထန်သူများလည်း ပါဝင်သည်။
လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး အခင်းဖြစ်ပွားသည့် နေ့ရက်များအတွင်းရရှိသည့် စာရင်းများသာဖြစ်ပြီး ဒဏ်ရာပြင်းထန်သူများ၏ နောက်ဆက်တွဲ အခြေအနေများကို ထပ်မံအတည်ပြု နိုင်ခြင်းမရှိပါ။
“စစ်ကိုင်းတိုင်းမှာက ဒီလထဲ နေ့စဉ်နဲ့အမျှ တစ်ရက်မပျက်ကို လေကြောင်းတိုက်ခိုက်နေတာဗျ။ ဒရုန်းက အစ ပါရာမိုတာ၊ ဂျိုင်ရိုကော်ပတာနဲ့ ဂျက်ဖိုက်တာ အကုန်သုံးပြီးကို ကြဲတာ။ စစ်တပ်က အညာကို ပိုဖိလာတယ်လို့ ပြောရမယ်။ တကယ်ကျ အရပ်သားတွေပဲ ထိခိုက်သေဆုံးတာ” ဟု ယင်းမာပင်ခရိုင်မှ တော်လှန်ရေးထောက်ပို့ တစ်ဦးက ပြောသည်။
လေကြောင်းအန္တရာယ် ကြိုတင်အသိပေးခြင်းများရှိသော်လည်း အရပ်သားများသည် Icon ဟု ခေါ်သည့် ဆက်သွယ်ရေးကိရိယာ မရှိသည်ကများသည့်အတွက် ကြိုတင်သတင်းရနိုင်မှု နည်းပါးသလို အချို့ လေကြောင်းတိုက်ခိုက်မှုများတွင် ကြိုတင်သတင်းမရသည်များလည်းရှိကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများတွင် ငါးဦးနှင့် ငါးဦးအထက် သေဆုံးသည့် ဖြစ်စဉ်များအဖြစ် ဒီဇင်ဘာလ ၂ ရက်နေ့က ဝက်လက်မြို့နယ် နတ်မှော်ဦးရွာတွင် ငါးဦး ၊ ဒီဇင်ဘာလ ၅ ရက်နေ့က ဘုတလင်မြို့နယ် မရကန်ရွာတွင် ၁၈ ဦး နှင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က ယင်းမာပင်မြို့နယ် ဇီးတောကျေးရွာ အနီးတွင် ငါးဦး သေဆုံးခဲ့သည်။

လေယာဉ်များ မရပ်မနားဗုံးကြဲ
ဒီဇင်ဘာလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တွင်လည်း စစ်ကော်မရှင်လေတပ်က ခင်ဦးမြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့စဉ် အနည်းဆုံး ရှစ်ဦး သေဆုံးပြီး ၂၅ ဦးခန့် ဒဏ်ရာရသည်ဟု သိရသည်။
ခင်ဦးမြို့နယ် အရှေ့ဘက်အစွန် ဧရာဝတီမြစ်ကူး ဆိပ်ကမ်းနှစ်ခုကို ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်မှစပြီး တိုက်လေယာဉ် ငါးစီးဖြင့် တိုက်ခိုက်မှု အကြိမ်ပေါင်း ၃၀ ခန့်ပြုလုပ်ခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် ဧရာဝတီမြစ်ကိုဖြတ်ကူးကာ စစ်ဘေးရှောင်နေကြရသည့် စစ်ဘေးဒုက္ခသည် အနည်းဆုံး ခုနစ်ဦး သေဆုံးခဲ့ပြီး၊ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကားနှစ်စီးလည်း မီးလောင်ပျက်စီးခဲ့သည်။
နောက်တစ်နေ့ (ဒီဇင်ဘာလ ၁၈ ရက်နေ့) ရွှေဘို-မြစ်ကြီးနားလမ်းနှင့် ခင်ဦးမြို့ အမှတ် (၃) လမ်းမကြီးတို့ ဆက်သွယ်ထားသည့် လမ်းဆုံနေရာကို ယမန်နေ့ နံနက် ၁၁ နာရီဝန်းကျင်မှစပြီး တိုက်လေယာဉ် လေးစီး၊ ဂျိုင်ရိုကော်ပတာ သုံးစီးဖြင့်အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒေသခံ တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိကြောင်း၊ ဆီပေပါ ၃၀၀ ခန့် ပျက်စီးကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် ဒေသခံရင်းမြစ်များထံက သိရသည်။
“ပထမဆုံး တစ်စီးစကြဲကတည်းက လမ်းဆုံနေရာက ဆီခြံ(စက်သုံးဆီဖြန့်ဝေရေးနေရာ) တစ်ခုပေါ်ကို တည့်တည့်ကျတယ်၊ ချက်ချင်းပဲ မီးတွေလောင်ပြီး မည်းတက်လာတာပဲ။ အဲ့ဒီကနေ ဆက်တိုက်ကို ဗုံးကြဲတာ” ဟု ခင်ဦးလမ်းဆုံအနီးနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူဝက်လက်မြို့နယ် အရှေ့ခြမ်း ခရိုင်ချင်းဆက်ကားလမ်းဘေးရှိ ဆည်တောရွာကို ဒီဇင်ဘာလ ၁၇ ရက်နေ့ ညတွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ သက်ကြီးရွယ်အိုလင်မယားအပါအဝင် လေးဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဗျူဟာလမ်းဟုခေါ်သည့် ထိုခရိုင်ချင်းဆက်လမ်းသည် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းဖြစ်ပြီး ထိုလမ်းဘေးဝန်းကျင်ရှိ ကျေးရွာများကို ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်း – ကျောက်မြောင်း ခရိုင်ချင်းဆက်လမ်းပေါ် ရွှေဘိုမြို့နယ်၊ မအူရွာလမ်းခွဲနှင့် ဂွေးကုန်းရွာတို့ကို တိုက်လေယာဉ်များ၊ ဂျိုင်ရိုကော်ပတာများဖြင့် ၁၆ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ရာ ကုန်ကားများ၊ ဆီကားများ၊ စစ်ဘေးရှောင်ကားများပေါ်မှ ဘုန်းကြီးတစ်ပါးအပါအဝင် လေးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့အပြင် ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ရေဦးမြို့နယ် ရေဦး – တန့်ဆည်ကားလမ်းဘေးမှ တမာတောရွာ တိုက်နယ်ဆေးရုံကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း ဆေးရုံဝင်းအတွင်းမှ အဆောက်အအုံ လေးခုခန့် ပျက်စီးသွားသည်။
မြေပြင်စစ်ကြောင်းလည်းထိုး
စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများအပြင် စစ်ကိုင်းတိုင်းအတွင်း တကျော့ပြန် စစ်ကြောင်းများဖြင့် ယခုနှစ် သြဂုတ်လမှ စတင်ကာ နယ်မြေစိုးမိုးရေး အရှိန်မြှင့်လာရာ မုံရွာ၊ ကလေးနှင့် ပုလဲမြို့နယ်များတွင် အထိုင်ချတပ်စွဲခြင်းများ ပြုလုပ်လာသည်။
“စစ်ကိုင်းတိုင်းအပါအဝင် အညာမှာတော့ သိသိသာသာ စစ်ကြောင်းထိုးလာတယ်ဗျ။ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေမှာ အင်အားအလုံးရင်းနဲ့ထိုး အထိုင်ချ တပ်စွဲတာတွေ လုပ်တယ်။ စစ်တပ် ရွေးကောက်ပွဲနီးတာလည်း ပါတယ်။ နယ်မြေစိုးမိုးမှုရယူပြီး သူတို့ဒါတွေ အုပ်ချုပ်ထားပါတယ်ဆိုပြီး ပြချင်တာလည်း ပါမှာပေါ့” ဟု ယင်မာပင်ခရိုင် တပ်ရင်း (၁၂)မှ ရဲဘော်နေမင်းက သုံးသပ်ပြသည်။
စစ်ကိုင်းတိုင်းအတွင်း အဓိကကျသည့်လမ်းပိုင်းများဖြစ်သည့် ရွှေဘို- ရေဦး- ခင်ဦး- မြစ်ကြီးနားလမ်း၊ စစ်ကိုင်း- ရှိမ္မကား- ကျောက်မြောင်း- ရွှေဘိုလမ်း၊ စစ်ကိုင်း- အုန်းတော- ဆားတောင်- ဝက်လက်- ရွှေဘိုလမ်း၊ စစ်ကိုင်း- မြ င်းမူ- ချောင်းဦး- မုံရွာလမ်၊ ကလေး- တမူးလမ်း၊ ကလေး- ဂန့်ဂေါလမ်းနှင့် ပုလဲ- မင်းတိုင်ပင်- ဂန့်ဂေါလမ်းပိုင်း များကိုလည်း တဖြည်းဖြည်း ထိန်းချုပ်လာနိုင်သည်။
ယင်းအပြင် ကန့်ဘလူနယ်မြို့နယ်တွင်းလမ်းပိုင်းများနှင့် မုံရွာ- အရာတော်လမ်းပိုင်းများကိုလည်း စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီး မြန်မာပြည်အလယ်ပိုင်းနှင့် မြောက်ပိုင်းချိတ်ဆက်ရာ ရွှေဘို- မြစ်ကြီးနားလမ်းကိုပါ စစ်တပ်က ပြန်လည်ထိန်းချုပ်ထားသည်။
“တရုတ်ဖိအားနဲ့ ရှမ်းမြောက်လို ဒေသတွမှာ စစ်ဘောင်ချုံ့လိုက်နိုင်ပြီးတော့ စစ်ကိုင်းတိုင်းကို သိသိသာသာ ဖိအားပေးလာတယ်” ဟု ကိုနေမင်းက ဆိုသည်။
စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးဖိအားပေးလာသည်ဆိုသော်လည်း မြေပြင်စစ်ကြောင်းများ အပြင် အထိုင်နေရာများမှ လက်နက်ကြီးပစ်ခတ်မှုများ ၊ လေကြောင်းတိုက်ခိုက်မှုများတွင် အရပ်သားပစ်မှတ်များသာ ဖြစ်နေသည်ကို တွေ့ရကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ မချောစုစုစံ က ပြောသည်။
“စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားတွေကို ဦးတည်ပြီး တိုက်ခိုက်လာတယ်။ ရွေးကောက်ပွဲနီးလာလေ အညာမှာဆို နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်တယ်။ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတာတွေသာမက ဂျိုင်ရိုကော်ပတာ၊ ပါရာမိုတာတွေအပြင်၊ လက်နက်ကြီးတွေ ပစ်တာပါ လုပ်လာတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရှောင်စခန်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ဘာသာရေး အဆောက်အအုံတွေကို ဦးတည်ပြီးကို ဗုံးကြဲတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါတိုက်ခိုက်မှုများသည် စစ်တပ်အနေဖြင့် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဆိုးရွားစွာ ကျူးလွန်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြောင်းလည်း မချောစုစုစံ က မှတ်ချက်ပေးသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ စစ်တပ်ကြောင့် ၄၃ ဦး သေဆုံးခဲ့ပြီး ထိုအထဲမှ ၃၄ ဦးသည် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ (၁ ရက်မှ ၁၈ ရက်အထိ) စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများ






