အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေဘိုနှင့် ခင်ဦးတွင် နှစ်ရက်ဆက် ဗုံးကြဲခံရပြီး ၄ ဦး သေ၊ ၂ ဦးဒဏ်ရာရ

စစ်ရေးပြင်းထန်နေသဖြင့် ဧရာဝတီမြစ်ကိုဖြတ်ကူးကာ ထွက်ပြေးလာသော မန္တလေးတိုင်းမှ စစ်ရှောင်များ တိမ်းရှောင်လာရာ လမ်းကြောင်းပေါ်မှကားလမ်းနှင့် လှေဆိပ်တစ်ခုတို့ကို စစ်လေယာဉ်များ၊ ဂျိုင်ရိုကော်ပတာများက အကြိမ်ကြိမ်ဗုံးကြဲခဲ့သဖြင့် သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ခင်ဦးမြို့နယ်အရှေ့ပိုင်း ခရိုင်ချင်းဆက်လမ်းမပေါ်မှ စစ်ဘေးရှောင် ကားတန်းများနှင့် လှေဆိပ်တစ်ခုကို လေယာဉ်၊ ဂျိုင်ရိုကော်ပတာများဖြင့် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးတစ်ပါးနှင့် အရပ်သား သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များနှင့် ဒေသခံများထံက သိရသည်။

စစ်ကိုင်း-ကျောက်မြောင်း ခရိုင်ချင်းဆက်လမ်းပေါ်မှ ယာဉ်တန်းတစ်ခုကို ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်နေ့) တွင် တိုက်လေယာဉ် လေးစီး၊ ဂျိုင်ရိုကော်ပတာ သုံးစီးဖြင့် နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

နံနက် ၁၀ နာရီဝန်းကျင်တွင် တိုက်လေယာဉ်တစ်စီးက ခရိုင်ချင်းဆက်လမ်းပေါ်မှ မအူရွာလမ်းခွဲ၌ ငါးကြိမ်၊ ၁၁ နာရီဝန်းကျင်တွင် ဂွေးကုန်းရွာအနီး၌  လေးကြိမ်၊ မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်ဝန်းကျင်တွင်  သုံးကြိမ်၊ ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် လေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသော ဂျိုင်ရိုကော်ပတာ (Gyrocopter) သုံးစီးဖြင့် ဂွေးကုန်းရွာအနီး ၁၂ နာရီ ၃၈ မိနစ်ဝန်းကျင်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုများအတွင်း ကုန်ကားများ၊ ဆီကားများနှင့် စစ်ဘေးရှောင်ကားများပေါ်မှ ဘုန်းကြီးတစ်ပါးနှင့် အရပ်သား သုံးဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါ ပကဖပြန်ကြားရေးအရာရှိက ပြောသည်။

“လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေက မြစ်(ဧရာဝတီ) အရှေ့ဘက်ကမ်းက စစ်ဘေးရှောင်တွေ၊ ဒေသတွင်းက ဆီကား၊ ကုန်ကားတွေ အသုံးပြုသွားလာနေတဲ့ လမ်းဖြစ်ပါတယ်”ဟု သူကဆိုသည်။

ရွှေဘိုမြို့နယ်အတွင်း ဗုံးကြဲတိုက်ခိုက်နေချိန်နှင့် တပြိုင်နက်တည်းတွင် မြောက်ဘက်ကပ်လျက်ရှိ ခင်ဦးမြို့နယ် အရှေ့ဖျား၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ရုံးပင်ရွာလှေဆိပ်ကိုလည်း တိုက်လေယာဉ်တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း လေကြောင်းအန္တရာယ် စောင့်ကြည့်သတိပေးနေသည့်အဖွဲ့တစ်ခုထံက သိရသည်။

ယနေ့ (ဒီဇင်ဘာလ ၁၇ ရက်နေ့) နံနက် ၁၀ နာရီခန့်တွင် ခင်ဦးမြို့နယ်မှ လှေဆိပ်ကို တိုက်လေယာဉ်တစ်စီးဖြင့်  သုံးကြိမ်၊ ၁၀ နာရီခွဲခန့်တွင် နောက်ထပ် တိုက်လေယာဉ်တစ်စီးဖြင့် ခုနစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့သည်။

“နှစ်ရက်အတွင်း တိုက်ခိုက်ခံရတဲ့နေရာက စစ်ရှောင်တွေ ကူးလာနေတဲ့ ဆိပ်ကမ်းဖြစ်ပါတယ်။ ပုံမှန် မြစ်ဆိပ် တစ်ခုပဲ။ အခုရက်ပိုင်း မြစ်အရှေ့ဘက်က စစ်ရေးအခြေအနေကြောင့် စစ်ရှောင်လာကြရတဲ့ ပြည်သူတွေ သွားလာနေတာပဲ ရှိတယ်။ ကျန်တာ ဘာမှ ထူးထူးခြားခြားမရှိပါဘူး”ဟု အထက်ပါ လေကြောင်းအန္တရာယ် စောင့်ကြည့်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ခင်ဦးမြို့နယ်အတွင်း နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်ခံရမှုတွင် ထိခိုက်သေဆုံးမှုအခြေအနေကို Myanmar Now က စုံစမ်းဆဲ ဖြစ်သည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်းအတွင်း စစ်ရေးပြင်းထန်နေသဖြင့် သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူးဒေသများမှ ဒေသခံ သောင်းနှင့်ချီသည် မြစ်ကို ဖြတ်ကူးကာ စစ်ကိုင်းတိုင်းအတွင်း ရွှေဘို၊ ခင်ဦး ဒေသများသို့ ထွက်ပြေးခိုလှုံနေကြခြင်း ဖြစ်သည်။

စစ်ကိုင်း-ကျောက်မြောင်း ခရိုင်ချင်းဆက်လမ်းပေါ်မှ သေဆုံးနေသူတစ်ဦး။ (ဓာတ်ပုံ- Wetlet Information Network) 

တကောင်းမြို့အနီးလေကြောင်းဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့အရှေ့ဘက် ကျေးရွာတစ်ရွာကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့်က လေကြောင်းမှ  ဗုံးနှစ်လုံးကြဲခဲ့ရာ ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း တကောင်းဒေသခံများနှင့် ဒေသကာကွယ်ရေးအဖွဲ့များထံက သိရသည်။

အဆိုပါရွာစာသင်ကျောင်းအနီး ဗုံးပေါက်ကွဲမှုတွင် တစ်ဦးသေဆုံးပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းဆဲဖြစ်ကြောင်း တကောင်းဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

တကောင်းဒေသခံအမျိုးသားတစ်ဦးက “စာသင်ကျောင်းထဲမှာတော့ ဘာမှ မရှိပါဘူး။ ဘာသတင်း ကြားလို့ ကြဲတာလဲတော့မသိဘူး။ ကျောင်းနားနေတဲ့အိမ်က အမျိုးသမီးတစ်ဦးထိပြီး ဆုံးသွားတယ်”ဟု ယမန်နေ့ညက ပြောသည်။ 

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကျောင်းအနီးမှ လူနေအိမ်နှစ်လုံးလည်း ပျက်စီးခဲ့ကြောင်းသိရပြီး လုံခြုံရေးအရ ရွာအမည်ကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြောင်း ဒေသခံများထံက သိရသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီကျော်အချိန်ကလည်း တိုက်လေယာဉ် နှစ်စီးက တကောင်းမြို့ အမှတ် (၃) ရပ်ကွက်အတွင်း ဗုံးသီးအများအပြား ကြဲချခဲ့ရာ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လေးဦးသေဆုံးခဲ့ပြီး  ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် ဧရာဝတီမြစ်ကြောင်းမှ စစ်သင်္ဘောများ စုန်ဆန်သွားလာချိန်မှအပ တကောင်း နယ်တွင် လေကြောင်းတိုက်ခိုက်ခံရသည်မှာ ယခု နှစ်ကြိမ်သာရှိသည်။

“တကောင်းနယ်မှာက စစ်တပ် အာဏာသိမ်းပြီးကာလတစ်လျှောက်လုံး ခုလိုဗုံးကြဲခံရတာ အခုရက်ပိုင်းမှာပဲ ကြုံရတာ။ အရင် မြစ်ထဲမှာ သင်္ဘောတွေသွားရင်သာ မြစ်ဘေးနေရာတွေ တိုက်ခိုက်ခံရဖူးတာပဲ ရှိတာ”ဟု အထက်ပါတကောင်းမြို့ခံက ပြောသည်။

ရွေးကောက်ပွဲနီးကပ်လာချိန်တွင် စစ်တပ်က အရပ်သားပြည်သူများကိုတိုက်ခိုက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမို မြင့်တက်လာပြီး နိုဝင်ဘာလအတွင်း စစ်တပ်လေကြောင်း တိုက်ခိုက်မှု ၁၈၄ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၁၃၀ ဦး သေဆုံးကာ ၂၆၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ထားသည်။ 

စစ်ကိုင်း-ကျောက်မြောင်း ခရိုင်ချင်းဆက်လမ်းပေါ်မှ ကားတစ်စီး၊ (ဓာတ်ပုံ- Wetlet Information Network)

Related Articles

Back to top button