စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း ခရိုင်ချင်းဆက်ကားလမ်းဘေးရှိ ဆည်တောရွာကို ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) ညတွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ သက်ကြီးရွယ်အို လင်မယားအပါအဝင် လေးဦး သေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကိုင်း – ကျောက်မြောင်း ခရိုင်ချင်းဆက်လမ်းမကြီး အနောက်ဘက်ခြမ်းရှိ ဆည်တော်ကျေးရွာကို ည ၈ နာရီခွဲဝန်းကျင်တွင် လေကြောင်းမှ ဗုံးသီးနှစ်လုံးကြဲချခဲ့ရာ နေအိမ်ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၇၀ အရွယ်များဖြစ်သည့် ဦးညွန့်ဝေနှင့် ဇနီးဖြစ်သူ ဒေါ်မြင့်ကြည်၊ အသက်၂၅ နှစ်အရွယ် ကိုဇေယျာထွန်းနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးတို့ နေရာမှာတင် သေဆုံးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရသူ ငါးဦးအနက် နှစ်ဦးသည် ဒဏ်ရာပြင်းထန်ပြီး နေအိမ် သုံးလုံး၊ ကား တစ်စီးမီးလောင်ခဲ့ကာ နွား သုံးကောင်လည်းသေဆုံးကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် မြေပြင်စစ်ကြောင်းမရှိသလို တိုက်ပွဲလည်းမရှိဘဲ ကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လေကြောင်းတိုက်ခိုက်ခံရသည့်ရွာသည် စစ်ကိုင်း – ကျောက်မြောင်း ခရိုင်ချင်းဆက်လမ်း အမှတ် (၃) လမ်းမကြီးနှင့် မီတာ ၃၀၀ ခန့်သာ ကွာဝေးသည်။
ဗျူဟာလမ်းဟုခေါ်သည့် ထိုခရိုင်ချင်းဆက်လမ်းသည် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းဖြစ်ပြီး ထိုလမ်းဘေးဝန်းကျင်ရှိ ကျေးရွာများကို ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်း – ကျောက်မြောင်း ခရိုင်ချင်းဆက်လမ်းပေါ် ရွှေဘိုမြို့နယ်၊ မအူရွာလမ်းခွဲနှင့် ဂွေးကုန်းရွာတို့ကို တိုက်လေယာဉ်များ၊ ဂျိုင်ရိုကော်ပတာများဖြင့် ၁၆ ကြိမ်ထက်မနည်း လေကြောင်းမှ တိုက်ခိုက်ခဲ့ ရာ ကုန်ကားများ၊ ဆီကားများ၊ စစ်ဘေးရှောင်ကားများပေါ်မှ ဘုန်းကြီး တစ်ပါးအပါအဝင် လေးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ရေးအခြေအနေကြောင့် ရွှေဘို – မန္တလေးလမ်းပိုင်း သွားလာမရသဖြင့် ကုန်စည်ကူးသန်းရေးနှင့် သွားလာရေး အတွက် အမှတ် (၃) ခရိုင်ချင်းဆက်လမ်းကို လက်ရှိတွင် အားပြုသွားလာနေရကြောင်း ဒေသခံများထံက သိရသည်။
“ အထက်ပိုင်းနဲ့ မန္တလေးဘက်ကို ကူးနေရတာ ဒီတစ်လမ်းပဲရှိတော့ ဒီလမ်းက တော်တော်လေး အရေးပါတဲ့ အထဲမှာပါတယ်။ နောက်တစ်ချက်က စစ်ရှောင်တွေကလည်း ဒီလမ်းကပဲ သွားလာနေရတာကိုး၊ မန္တလေးကို သွားချင်တယ်ဆိုလည်း ဒီလမ်းကပဲသွားနေရတော့ တော်တော်လေးအရေးပါတယ်”ဟု ဝက်လက်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းတွင် ခရိုင်ချင်းဆက်လမ်းပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည့်အတွက် သွားလာသူဦးရေ ကျဲပါးသွားကြောင်းသိရသည်။

“ အဲ့ဒီဘက်က ကားကြီးတွေကွင်းပြီးသွားနေတာဆိုတော့ ပြည်သူလူထုကို မသွားရဲ၊ မလာရဲအောင် အဲ့ဒီလိုပုံစံမျိုးဖြစ်လိမ့်မယ်ထင်တာပဲ။ စစ်ရှောင်တွေလည်း ဒီလမ်းကိုသုံးရတယ်။ ရွှေဘို – မန္တလေး တကြောက ပိတ်ဆို့မှုတွေများတော့ အဲ့ဒီဘက်တကြောလေးကနေ ပြည်သူတွေက စီးပွားရေးအရသော်လည်းကောင်း သုံးနေကြတာကိုး”ဟု ဒေသခံနောက်တစ်ဦးကပြောသည်။
ဝက်လက်နယ် အရှေ့ဘက် ဧရာဝတီမြစ် တစ်ဖက်ကမ်း မန္တလေးတိုင်းအတွင်း တော်လှန်ရေး အင်အားစုများ သိမ်းပိုက်ထားသည့် မြို့များကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဆက်တိုက်ထိုးစစ်ဆင်နေရာ စစ်ရေး
ပြင်းထန်နေသည်။
ထို့ကြောင့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမှ သောင်းနှင့်ချီသည့် ပြည်သူများသည် မြစ်ကိုဖြတ်ကူးပြီး စစ်ကိုင်းတိုင်း ရွှေဘို၊ ခင်ဦး၊ ဝက်လက် ဒေသများဘက်သို့ ထွက်ပြေးခိုလှုံနေကြရသည်။
ထိုသို့ ထွက်ပြေးခိုလှုံကြသူများ တိမ်းရှောင်သည့် လမ်းတစ်လျှောက် စစ်တပ်က လေကြောင်းမှ လိုက်လံ ပစ်ခတ်နေသဖြင့် အရပ်သားထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေသည်။
ရေဦး တိုက်နယ်ဆေးရုံ ဗုံးကြဲ
ရွေးကောက်ပွဲနီးကပ်လာချိန်တွင် လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လုပ်နေသည့် စစ်တပ်က ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) ည ၁၀ နာရီ ဝန်းကျင်တွင် အမျိုးသား ညီညွတ်ရေးအစိုးရလက်အောက်ခံ ရေဦးမြို့နယ် တမာတောရွာ တိုက်နယ်ဆေးရုံကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ သည်။
ရေဦး – တန့်ဆည်ကားလမ်းဘေး တမာတောရွာ တိုက်နယ်ဆေးရုံကို ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း ဆေးရုံဝင်းအတွင်းမှ အဆောက်အအုံ လေးခုခန့်ပျက်စီးသွားကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။
“ ဆေးရုံကို ဦးတည်ပစ်တာ။ လေယာဉ်ကင်းထောက်(Scout)တွေရှိတော့ ဒီဘက်ကိုလေယာဉ်လာတယ် ဆိုတည်းကိုက အဲ့ဒီထဲက ဝန်ထမ်းတွေရော ဆေးရုံတက်နေတဲ့သူ တွေရော ရွှေ့ပြီးကြပြီ။ အဲ့ဒီတော့ ဘယ်သူမှထိခိုက်ဒဏ်ရာရတာမရှိဘူး”ဟု ရေဦး ပကဖ တာဝန်ရှိသူက ပြောသည်။

အရပ်သားပစ်မှတ်များကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည့် စစ်တပ်သည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း အာရက္ခတပ် နယ်မြေစိုးမိုးထားသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ခရိုင်အဆင့် ဆေးရုံကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဒါဇင်နီးပါး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ရှမ်းမြောက်တွင် တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် စစ်တပ်က ကိုးကန့်တပ်၊ တအာင်းတပ်တို့နှင့် အပစ်ရပ်ပြီးနောက် ရခိုင်ပြည်နယ်၊ နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်အရ နိုဝင်ဘာလတွင် စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု ၁၈၄ ကြိမ်ပြုလုပ်ခဲ့သည့်အနက် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရခိုင်တို့တွင် အများဆုံးဖြစ်ပြီး ၁၃၀ ဦးသေဆုံးကာ ၂၆၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကိုင်းတိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသလို မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနီးဝန်းကျင်ရှိမြို့နယ်များတွင် စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။
မုံရွာနှင့် မျက်နှာချင်းဆိုင် ချင်းတွင်းမြစ်တစ်ဖက်ကမ်း ယင်းမာပင်မြို့နယ်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက စပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးစီးနင်းကာကျေးရွာများကို မီးရှို့နေကြောင်း ဒေသခံများထံက သိရသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှထွက်လာသည့် အင်အား ၁၇၀ နီးပါးပါ စစ်ကော်မရှင်တပ်များသည် အောင်ဇေယျမြို့သစ်မှတဆင့် ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်း ယင်းမာပင်နှင့် ကနီအစပ်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည်။
ယင်းမာပင်မြို့နယ် စုန်းချောင်းရွာမှတဆင့် အနီးဝန်းကျင် ကျေးရွာများကို ဆက်လက်စီးနင်းပြီး ယမန်နေ့ နေ့လယ်ပိုင်းကစတင်ကာ ယင်းမာပင် – ကနီနယ်စပ်ရှိ ကျောက်မှော်၊ ကျောက်ကုန်း၊ ကျွန်းပေါ်၊ ကျားလျှာ၊ အင်းဘက်၊ နှောပင်စသည့်ကျေးရာတို့ကို မီးရှို့နေကြောင်းဒေသခံများက ဆိုသည်။
“ အဲ့ဒီရွာတွေက လမ်းလေးတင်ခြားတာ၊ စာသင်ကျောင်းလေးတင်ခြားတာဆိုတော့ ဘယ်ရွာကို ရှို့တယ်လို့တော့ ခန့်မှန်းလို့မရဘူး။ ကျေးရွာငါးရွာ၊ ခြောက်ရွာကိုရှို့တယ်လို့ခန့်မှန်းရတယ်။ မနေ့က ကတည်းက ရှို့တာ အခုချိန်ထိကို မီးခိုးလုံးတွေ မြင်နေရဆဲပေါ့။ မီးကတော့များတယ်။ မီးခိုးတော်တော် များတယ် အဲ့ဒါကြောင့်တော်တော်များများ ရှို့ခံရတယ်လို့ ကောက်ချက်ချရတာပေါ့”ဟု ယင်းမာပင်မြို့နယ်၊ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
ချင်းတွင်းမြစ်အနီးရှိထိုကျေးရွာများသည် ၂၀၂၃ ခုနှစ်အတွင်း စစ်တပ်က လနှင့်ချီကြာတပ်စွဲထားခဲ့ပြီး
နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းသွားပြီးနောက် ယခုတစ်ခါ တကျော့ပြန်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
စစ်တပ်စစ်ကြောင်းကြောင့် ကျောက်မှော်၊ ကျောက်ကုန်း၊ ကျွန်းပေါ်၊ ကျားလျှာ၊ အင်းဘက်၊ နှောပင် စသည့်ကျေးရွာများနှင့်အနီးဝန်းကျင်ကျေးရွာများမှ လူဦးရေတစ်သောင်းကျော်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် အအေးဒဏ်ကာကွယ်ရန်စောင်များ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသည့် ပြည်သူမှပြည်သူအဖွဲ့ထံမှ သိရသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒီဇင်ဘာလ ထုတ်ပြန်သည့်အချက်အလက်အရ မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများကြောင့် နိုင်ငံတဝန်းမှ
လူဦးရေ ၃ ဒသမ ၆ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့်အနက် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး ၁ ဒသမ ၃ သန်းကျော်ပါဝင်သည်။



