စစ်သင်္ဘောများပါ ရေယာဉ်အုပ်စုက ဧရာဝတီမြစ် အထက်ပိုင်းကို ဆန်တက်လာချိန်တွင် ယမန်နေ့ (ဇူလိုင် ၁၇) ညနေပိုင်းက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မြစ်ကမ်းဘေး ကျေးရွာများကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၀ ကျော် သေဆုံးပြီး ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်က ဝက်လက်မြို့နယ်၊ အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများကို သယ်ယူပို့ဆောင်ရေးလေယာဉ် အမျိုးစား Y 12 ဖြင့် ၁၂၀ မမ ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများပြား ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လေကြောင်းတိုက်ခိုက်မှုတွင် ငါးပတ်ချောင်း (ငါးပန်ချောင်) ရွာမှ ၁၂ ဦး၊ ရှားကွဲရွာမှ ၉ ဦးနှင့် ရေလည်မော်ရွာ ၁ ဦး သေဆုံးကြောင်း အတည်ပြုထားနိုင်သည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်ခံ သစ်ဆိမ့်တိုက်နယ် ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ ဒုတာဝန်ခံ က ပြောသည်။ ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်ရှိပြီး ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။
အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ရေလည်မော်ရွာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဆိပ်ကမ်းအနီး ကျရောက် ပေါက်ကွဲပြီး အသက် ၂၀ အရွယ် အမျိုးသား တစ်ဦး သေဆုံးကာ၊ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ထို့နောက် အနီးဝန်းကျင်ရှိ အိမ်ခြေ ၄၀၀ ခန့်ရှိသည့် ငါးပတ်ချောင်းကို လေကြောင်းမှ ၅ ကြိမ် တိုက်ခိုက်ခဲ့ရာ နေအိမ်များပေါ် ရောက်ပေါက်ကွဲသဖြင့် အရပ်သားထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း တော်လှန်ရေးအင်အားစု များက ပြောသည်။
“ ငါးပတ်ချောင်းက (ဗုံးကြဲခံရတဲ့ရွာသုံးရွာမှာ) အလယ်ခေါင်ကဆိုတော့ ရေလည်မော်မှာ ဒုန်း ဒုန်းဆိုကျတော့ လေယာဉ်ကြဲ နေပြီဆိုပြီးတော့ ထပြေးကြနဲ့ ရုန်းရင်းဆန်ခတ်တွေဖြစ်နေတဲ့အချိန် သူတို့ ရွာပေါ်ရောက်လာပြီး ကြဲတော့ သူတို့ကပိုပြီးများသွားတာ။ရှားကွဲကို နောက်ဆုံးမှကြဲတာ။ သုံးရွာလုံးကို ကြဲပြီး ရှားကွဲကနေ ပြန်လာပြီးမှ ငါးပန်ချောင်းကို နောက်တစ်ခေါက် ပြန်ကြဲတာ။ အဲ့ဒါကြောင့် ငါးပတ်ချောင်းက ခုလိုထိခိုက်တွေ အရမ်းများ သွားတာ”ဟု ဝက်လက်မြို့နယ် ဒေသခံ တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

ငါးပတ်ချောင်းတွင် သေဆုံးသူ ၁၂ ဦးထိရှိပြီး ထိခိုက်သူ ၁၈ ဦးရှိကြောင်း တိုက်နယ်ပကဖ ဒုတာဝန်ခံက ပြောသည်။
အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ရှားကွဲရွာကို လေကြောင်းမှ ၂ ကြိမ် ဗုံးသီးချတိုက်ခိုက်မှုတွင် ဘုန်းကြီးကျောင်း ၂ ကျောင်း နှင့် ဆိပ်ကမ်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ၉ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများတွင် ဒေသခံများသာမက အနီးအနားဝန်းကျင်မှ ခရီးသွားပြည်သူများလည်း ပါဝင်သည်ဟု တိုက်နယ်ပကဖ ဒုတာဝန်ခံက ဆိုသည်။
ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူများတွင် အသက် ၁၈ နှစ်အရွယ်မှ အသက် ၇၀ ဝန်းကျင်အရွယ်ထိပါဝင်သည်ဟု သိရသည်။ စစ်တပ်ရေကြောင်းမှထပ်တက်လာပြီး ယနေ့ နံနက်ပိုင်းတွင်လည်း တိုက်ခိုက်မှုများ ဆက်လုပ်နေသည့်အတွက် သေဆုံး၊ထိခိုက်သူများ၏ အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် ကြိုးပမ်းနေ ဆဲဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။
ယမန်နေ့ (ဇူလိုင် ၁၇) ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ထွက်လာသော ရေယာဉ်အုပ်စုသည် ညနေပိုင်းတွင် ဝက်လက်မြို့နယ်ရှိန်းမကားရွာတွင် ညအိပ်ရပ်နား ခဲ့ကြောင်း ရေကြောင်းသတင်း ကင်းထောက် နေသည့် တော်လှန်ရေးအင်အားစုများထံက သိရသည်။

လေကြောင်းတိုက်ခိုက်ခံရသည့်ကျေးရွာများမှာ ယမန်နေ့ နံနက်ပိုင်းက မန္တလေး မှဆန်တက်လာသည့် ရေယာဉ်အုပ်စု ညအိပ်ရပ်နားရာ ရှိန်းမကားနှင့် ၁၂ မိုင် ဝန်းကျင် အတွင်းမှာသာရှိသည်။ ရှိန်းမကားနှင့် ရေလည်မော်မှာ ၅ မိုင်ခန့်ကွာဝေးပြီး၊ ရေလည်မော် နှင့် ငါးပတ်ချောင်းမှာ ၃ မိုင်ခန့်ကွာဝေးကာ၊ ငါးပတ်ချောင်းနှင့် ရှားကွဲမှာ ၄ မိုင်ခန့်သာ ကွာဝေးသည်။
“ သင်္ဘောတွေတက်လာမယ်ဆိုတာတော့ သိတယ်။ အရင်ကလည်း ဒီလိုဖြတ်ဖူးနေတာဆိုတော့ သင်္ဘော တက်လာမှ ရှောင်ကြ၊ သင်္ဘောပေါ် က ပစ်တာတွေကို ရှောင်ကြဆိုတော့ အလျင်မီတော့။ ခုဒီလို Y 12 တက်ပြီး ပစ်တာက ပထမ ဆုံးကြုံရတာဆိုတော့လေ အမှုမဲ့အမှတ်မဲ့ဖြစ်ပြီးအဲ့လိုဖြစ်သွားတာ။ ရွာထဲလည်းဖြစ်နေတော့ အထိခိုက်များသွားတာ”ဟု အထက်ပါ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
တိုက်ခိုက်ရေး သင်္ဘော ၂ စီး၊ ကမ်းထိုးသင်္ဘော ၃ စီး၊ ရိက္ခာနှင့်ခဲယမ်းများ တင်ဆောင်လာသည့် ဖလက်ခွံ ၇ စီး ၊ စုစုပေါင်း ၁၂ စီးပါဝင်သည့်ထိုရေယာဉ်အုပ်စုသည် ဧရာဝတီမြစ်အထက်ပိုင်းရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားရာ စဉ့်ကူး၊ သပိတ်ကျင်းတို့သို့ ဦးတည်နိုင်ကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများက သုံးသပ်ထားသည်။
တော်လှန်ရေးအင်အားစုများ သိမ်းထားသည့် သပိတ်ကျင်းမြို့နယ်တွင် လက်ရှိ စစ်တပ်က စစ်ကြောင်းထိုးနေပြီး မြို့နှင့် ၄ မိုင်ဝန်းကျင်ကွာထိ တိုက်ပွဲများရောက်ရှိနေပြီဖြစ်သည်။ သပိတ်ကျင်းကို စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ပါက ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် မိုးကုတ် မြို့ လုံခြုံရေးကိုလည်း ခြိမ်းခြောက်နိုင်သည့်အခြေအနေထိ ရောက်ရှိလာနိုင်သည်။
၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းမြောက်နှင့် နယ်စပ်မှမြို့များကို လက်လွှတ်ခဲ့ရသည့် စစ်တပ်သည် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် သေနတ်တစ်ချက်မဖောက်ဘဲ လားရှိုးကို ပြန်လည်ရရှိလိုက်ပြီးနောက် လက်လွှတ်ခဲ့ရသည့် မြို့များကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် အင်တိုက်အားတိုက်ကြိုးပမ်းနေသည်။

ယမန်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့်ကျေးရွာ ၃ ရွာလုံးမှာ အထက်ပိုင်းရှိ တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားရာ စဉ့်ကူး၊ သပိတ်ကျင်းဘက်သို့ ကူးသန်းသွားလာနိုင်သည့် လှေဆိပ်ရှိသည့် ကျေးရွာများ ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ထို့ပြင် ဝက်လက် အရှေ့ ခြမ်းမှာတော်လှန်ရေးအင်အားစုများ အားကောင်းသည့်အတွက် တက်လာသည့် စစ်သင်္ဘောများ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ကာ လေကြောင်းပစ်ခတ်မှုများ လုပ်ခြင်းဖြစ်နိုင် ကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုများက သုံးသပ်သည်။
ရှိန်းမကားတွင် ညအိပ်ရပ်နားခဲ့သည့် ရေယာဉ်အုပ်စုမှာ ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် စတင်လှုပ်ရှားလာပြီး လေကြောင်းကင်းထောက်မှုများနှင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာများကို ဗုံးသီးချတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
“ ခုနက Y 12 က ထုံးကြီးနဲ့ ရေလည်မော် အစပ်ကို ချသွားတာ။စဉ့်ကူး၊ ဝက်လက်အစပ်ကိုချသွားတာ။ ထိခိုက်သေဆုံးတော့မသိရသေးဘူး။ ခုလောလောဆယ်တော့ သင်္ဘောပေါ်ကနေ ပွိုင့်ဖိုက် တွေ၊ အကြီး (လက်နက်ကြီး) တွေနဲ့ ပစ်နေတယ်”ဟု ရေကြောင်းအခြေအနေကို တောက်လျှောက်စောင့်ကြည့်လေ့လာနေ သည့် ဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။
တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းလာသည်နှင့်အမျှ စစ်တပ်က ကုန်းကြောင်းထက် လေကြောင်းကိုအားပြုလာရပြီး မိုးတွင်းကာလ မြစ်ရေတက်ချိန်တွင် အထက်ဘက် ဒေသများသို့ ဧရာဝတီနှင့် ချင်းတွင်းမြစ်ကြောင်းတို့ကိုသုံးပြီး ရိက္ခာ၊ လက်နက်၊ လူအင်အားဖြည့်တင်းလေ့ရှိသည်။
ယမန်နှစ်က မန္တလေးမြို့မှ ကချင်ပြည်နယ်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောများသည် မြစ်ကြောင်းဝဲယာ သို့ ပစ်ခတ်မှုများကြောင့် မြစ်ကြောင်းတလျှောက် ကျေးရွာများမှ ပြည်သူများထိခိုက်သေဆုံးမှုများ ရှိခဲ့သလို အိုးအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့သည်။
ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် အများပြားထိခိုက်သေဆုံးခဲ့ရပြီးနောက် အင်ဒေါင်း၊ ရွာသာ၊ ကမ်းဖြူ၊ နတ်မှော်ဦး၊ သစ်ဆိမ့်အပါအဝင် မြစ်ရိုးတလျှောက် ကျေးရွာ ၉ ရွာမှ ထောင်နှင့်ချီသည့် ပြည်သူများမှာ မြစ်ကမ်း နှင့်ဝေးသည့် ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ရေလည်မော်ရွာ မှာ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုခံရခြင်းဖြစ်ပြီး၊ ဇူလိုင် ၁၁ ရက်နေ့က ထိုရွာရှိ လှေဆိပ်ကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသား ၁ ဦး သေဆုံးပြီး ကလေးငယ်များအပါအဝင် ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မြစ်အနောက်ဘက်ခြမ်းရှိ ဝက်လက်၊ ရွှေဘိုမြို့နယ်တို့မှာ မြို့ပေါ်နှင့် စစ်ကောင်စီတပ်အထိုင်ချရာ ကျေးရွာ အချို့မှ အပ ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။ ဇူလိုင်လဆန်း ကပင် ဝက်လက်နှင့်ကပ်လျှက် ရွှေဘိုမြို့နယ်ထဲမှ ဧရာဝတီမြစ်အနီးရှိ စစ်တပ်အခြေချ ဗျူဟာကုန်း ၃ ခု နှင့် ပြည်သူ့စစ် (ပျူစောထီး) အထိုင်ချထားသည့် ကျေးရွာ တစ်ခုကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။




