တော်လှန်ရေးတပ်များထိန်းချုပ်ထားသော မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နှင့် ၄ မိုင်အကွာ ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများနှင့်စစ်ရေးရင်းမြစ်များထံက သိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်များ ပြုလုပ်နေရာ ၇ မိုင်ကျေးရွာတဝိုက် တိုက်ပွဲများ ပြင်းထန်ခဲ့ရာမှ မကြာသေးမီရက်ပိုင်းက ၄ မိုင်၊ ၅မိုင် ၊ ၆မိုင်ကျေးရွာတို့ကို တော်လှန်ရေးအဖွဲ့ များလက်ထဲမှ စစ်ကောင်စီတပ်က သိမ်းယူနိုင်ခဲ့ပြီး ၄ မိုင်ရွာအထိရောက်လာခြင်းဖြစ်သည်။
၄ မိုင်ကျေးရွာတွင် ယခုအခါတိုက်ပွဲပြန်လည်ပြင်းထန်နေသည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ( PLA) အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က Myanmar Now ကို ယနေ့ (ဇူလိုင် ၁၇ ရက်) တွင် ပြောသည်။
“ဟိုရက်တွေက ၄ မိုင်၊ ၅ မိုင်၊ ၆ မိုင်ကို စစ်ကောင်စီက သိမ်းသွားတာ။ အခု ၄ မိုင်မှာပြန်ပြီး တိုက်ပွဲတွေ ဖြစ်နေတယ်။ ရန်သူ့စစ်တပ်နဲ့ ဒီဘက်တကြော တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပေါ့”ဟု ရဲဘော်နီနီကျော်က ဆိုသည်။
၇ မိုင်ကျေးရွာအနီးရှိနေသည့် စစ်ကောင်စီတပ်များသည် ယခုနှစ် ဇူလိုင်မှစကာ လေကြောင်းအကာအကွယ်ဖြင့် ၄ မိုင်ရွာဘက်ကို ဖောက်ထွက်လာကာ သပိတ်ကျင်းမြို့ကို ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု စစ်ရေးရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။
ဇူလိုင် ၁၂ ရက်နေ့တွင် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများသုံးကာ ၄ မိုင်ရွာဘက်သို့ ခြေလျင် စစ်ကြောင်းထိုးကာ ဝင်ရောက်လာခဲ့ပြီး ၄ မိုင်ရွာမှ နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများကို ကိုးကား၍သိရသည်။
ထို့နောက် ဇူလိုင် ၁၄ ရက်နေ့မှစကာ သပိတ်ကျင်းမြို့ပေါ်ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေး ၅ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သေးသည်။
“သပိတ်ကျင်းမြို့နဲ့ ပိုနီးကပ်လာတယ်ပြောရမှာပေါ့။ သူတို့က လေကြောင်းအားကိုးနဲ့ ထိုးထွက်တယ် ။ လက်နက်ကြီးတွေပစ်ကူတယ်။ တဖြည်းဖြည်း မြို့ဘက်ကို ဦးတည်လာတာ”ဟု သပိတ်ကျင်းမြို့နယ် အခြေစိုက် အထက်ပါစစ်ရေးရင်းမြစ်အမျိုးသားက ဆိုသည်။
သပိတ်ကျင်းမြို့နယ်တဝိုက်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-(PLA)၊ တအာင်းလွတ်မြောက်ရေး တပ်မတော်-(TNLA)၊ NUG တပ်များဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ အမှတ် (၁၂၂၂) တပ်ရင်း၊ မိုးကုတ်(ပကဖ)၊ မိုးကုတ်ဗျူဟာ တို့ စစ်ရေးလှုပ်ရှားသည်ဟု သိရသည်။
သပိတ်ကျင်းမြို့မြောက်ဘက် တကောင်းမြို့သည် PDF ထိန်းချုပ်ထားသလို တောင်ဘက်ရှိ စဉ့်ကူးမြို့ကို MDY-PDF က ထိန်းချုပ်ထားသည်။ မြို့အရှေ့ဘက်ရှိ မဘိမ်းမြို့တွင် ကချင်တပ် KIA၊ မိုးမိတ်မြို့တွင် TNLA တို့က ထိန်းချုပ်ထားသည်။
တိုက်ပွဲများ မြို့နှင့်နီးကပ်လာသည့်အတွက် သပိတ်ကျင်းမြို့နယ် ၄ မိုင်ကျေးရွာအနီး ဒေသခံ ၃၀၀ နီးပါး ထပ်မံ၍ စစ်ဘေးတိမ်းရှောင်ရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“တွင်းငယ်ဖက်က အရင်ကတည်းက စစ်ရှောင်နေကြတာက လူဦးရေ ၄၀၀၀ လောက်ရှိတယ်။ အခု ၄ မိုင် ဘက်တွေက ရာဂဏန်း၊ သပိတ်ကျင်းတစ်မြို့နယ်လုံးဆိုရင် စစ်ရှောင်ဦးရေတစ်သောင်းဝန်းကျင်လောက် ရှိတယ်”ဟု ဒေသခံအမျိုးသမီးက ဆိုသည်။
“နီးစပ်ရာတွေ တိုက်ပွဲမရှိတဲ့နေရာတွေပေါ့။ ဟိုရွာပြောင်း၊ဒီရွာပြောင်း နဲ့ နေကြရတာ။ ဒုက္ခကတော့ ရောက်တာပေါ့။ တချို့ တောထဲတွေရှောင်ကြတာတွေလည်းရှိတယ်”

သပိတ်ကျင်းထိုးစစ်
ယမန်နှစ် ဩဂုတ် ၂၅ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များနှင့် ပူးပေါင်းတပ်များက မန္တလေးမြို့နှင့် မိုင် ၈၀ ကျော်အကွာ ရွှေတွင်းများကြောင့် နာမည်ကျော်သည့် သပိတ်ကျင်းမြို့အပါအဝင် မြို့နယ်တွင်းမှ စစ်စခန်းအများအပြားကို သိမ်းယူနိုင်ခဲ့သည်။
သို့သော် အမှတ်(၂) စစ်အခြေခံလေ့ကျင့်ရေးတပ်၊ ကျောက်ကြီးနည်းပညာတပ်၊ တကက၁၃ ခေါ် အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးကျောင်း စသည့် ၇ မိုင်ကျေးရွာနှင့်တွင်းငယ်ကျေးရွာအနီး စစ်စခန်းများကျန် ရှိခဲ့သည်။
တွင်းငယ်ရွာသည် သပိတ်ကျင်းမြို့မြောက်ဘက် ၂၆ မိုင်ကျော်အကွာတွင် ရှိသလို မြို့အရှေ့မြောက်ဘက် ၁၀ မိုင် ကျော်အကွာတွင် ကျောက်ကြီးရွာ၊ ၇ မိုင်အကွာတွင် ၇ မိုင်ကျေးရွာတို့ ရှိကြသည်။
စဉ့်ကူးနှင့် သပိတ်ကျင်းမြို့တို့ကို တော်လှန်ရေးတပ်များ ထိုးစစ်ဆင်ခဲ့သည့်အချိန်အတွင်း အထက်ပါ တပ်စခန်း ၃ ခုသို့ စစ်ကောင်စီတပ်များ တပ်ဆုတ်သွားကြရာ ထို လက်ကျန် ၃ တပ်တွင် အင်အား ရာချီ ရှိနေမည်ဟု တော်လှန်ရေးအင်အားစုများက ခန့်မှန်းထားကြသည်။
ထို ၃ တပ်ကို PLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ကြသည်။
အဆိုပါ စစ်ကောင်စီတပ်များသည် အင်အားပြန်လည်စုစည်းကာ၂၀၂၄ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပိတ် ဆို့ခံထားရာမှ ပြန်လည်ထိုးဖောက်နိုင်ရန် ကြိုးပမ်းခဲ့သည်၊ လေကြောင်းပစ်ကူများလည်း အသုံးပြုခဲ့ သည်။
ထိုနေရာတဝိုက် တစ်နှစ်ပတ်လုံး တိုက်ပွဲများကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး ၂၀၂၄ ဒီဇင်ဘာလဆန်းတွင် မန္တလေး-မြစ်ကြီးနား လမ်းပေါ်မှ အိမ်ခြေတစ်ထောင်ကျော်ရှိသည့် တိုက်နယ်ရွာကြီးတစ်ရွာဖြစ်သည့် တွင်းငယ်ရွာကို စစ်ကောင်စီတပ်က ပြန်ရသွားခဲ့သည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကပ်လျက် တွင်းငယ်ကျေးရွာသည် မန္တလေးတိုင်းနှင့်ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ချိတ်ဆက်ထားရာ မန္တလေး-မိုးမိတ်လမ်းနှင့် ကချင်ပြည်နယ်ဘက်သို့ တက်ရာ မန္တလေး- မြစ်ကြီးနားလမ်းတို့ ဆုံရာတွင် တည်ရှိသောကြောင့် အချက်အချာကျသည်။
NUG ထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့ပေါ်တွင်မူ တော်လှန်ရေးအဖွဲ့အများစုသာ နေရာယူ ထားက လုံခြုံရေးအခြေအနေအရ အရပ်သားသွားလာမှုကန့်သတ်ထားကြောင်းသိရသည်။
စစ်ကောင်စီသည် ယမန်နှစ် နိုဝင်ဘာလမှ စကာ စစ်အင်အားများ ဖြည့်ကာ မန္တလေးတိုင်း သပိတ်ကျင်း နှင့် မတ္တရာတို့တွင် မြေပြင်စစ်ကြောင်းများထိုးကာ ပြန်လည်နယ်မြေစိုးမိုးနိုင်ရန် ကြိုးပမ်းနေသည်။
ယနေ့တွင်လည်း စစ်ရေယာဉ် အစီး ၂၀ ကျော်သည် မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်သွားရာ မြစ်ကြောင်းတစ်လျှောက်ကျေးရွာများကို တော်လှန်ရေးအင်အားစုများက သတိပေး ထားကြပြီး စဉ့်ကူး၊ သပိတ်ကျင်းနှင့် အထက်ပိုင်းမြို့များကို ဦးတည်နေသည်ဟု ယူဆရသည်။
တော်လှန်ရေးတပ်များသိမ်းယူထားသည့်မြို့များကို စစ်ကောင်စီက ပြန်လည်ရယူရန် ကြိုးပမ်းနေရာ ရှမ်းမြောက်တွင် လားရှိုး၊ နောင်ချို၊ ရှမ်းတောင်တွင် မိုးဗြဲနှင့် ကရင်နီတွင် လွိုင်ကော်မြို့တို့ကို ပြန်ရယူ ထားသည်။



