သတင်း

သပိတ်ကျင်းမြို့ကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

သပိတ်ကျင်းမြို့ကို သိမ်းပြီးနောက် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တော်လှန်ရေးအင်အားစုဘက်မှ စိုးမိုးနယ်မြေ ပိုကျယ်ပြန့်လာပြီး တော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်းနှင့် စစ်ကောင်စီ ထိန်းချုပ်မြို့ ၄ မြို့သာ ကျန်သည့် ရှမ်းပြည်မြောက်ပိုင်းတို့ နယ်မြေတစ်ဆက်တည်း တည်ရှိသွားပြီ ဖြစ်သည်။

မန္တလေးမြို့နှင့် မိုင် ၈၀ ကျော် အကွာရှိ ရွှေတူးဖော်မှုဖြင့် နာမည်ကျော်သည့် သပိတ်ကျင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ (ဩဂုတ် ၂၅) တွင် သိမ်းပိုက်လိုက်သည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်း သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲရာနေရာများကို NUG လက်အောက်ခံတပ်များနှင့် မဟာမိတ်များက စဉ့်ကူးမြို့သိမ်းအပြီး ဆက်လက်ထိုးစစ်ဆင်ခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် NUG လက်အောက်ခံ ပူးပေါင်းတပ်များက ဩဂုတ် ၁၇ ရက်နေ့ တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ရက်အကြာ မြို့ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး ဩဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

“လက်ကျန်ရန်သူတွေက မြို့ဦးတောင်စေတီကို ဆုတ်ခွာပြီး ခံစစ်ပြင်ထားခဲ့တာရှိပါတယ်။ အဲ့ဒီ မြို့ဦးတောင်စေတီမှာ ခံစစ်ပြင်ထားတဲ့အဖွဲ့ကို ဆက်လက်တိုက်ခိုက်ခဲ့တာမှာ ၂၅ ရက် ၈ လ ၂၀၂၄ မှာ အဲ့ဒီတောင်ကုန်းအပါအဝင် တစ်မြို့လုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်” ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောသည်။

သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တွင်းငယ်)၊ သိပ္ပံနှင့် သုတေသနနည်းပညာတပ်၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား ၁၃၀ ခန့်ကို NUG လက်အောက်ခံ ပြင်ဦးလွင်ခရိုင် တပ်ရင်းများ၊ မန္တလေးခရိုင်၊ ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင် တပ်ရင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စိုးမင်းသူကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ၎င်းတို့ဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသက ယနေ့ နံနက်တွင် ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်သည်။

သပိတ်ကျင်းမြို့သိမ်းပိုက်ပြီးနောက် တွေ့ရသည့် ကာကွယ်ရေးအဖွဲ့ဝင်များ၊ သိမ်းဆည်းရမိ လက်နက်ခဲယမ်းများ။  (ဓာတ်ပုံ-MOD)

တိုက်ပွဲပြင်းထန်နေစဉ် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၇၀ ကျော် ကြဲချခဲ့ပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်များဖြင့် ဗုံးသီး ၁၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

သပိတ်ကျင်းမြို့နယ်အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန် စစ်ကောင်စီခန့် မန္တလေးတိုင်းပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။

ယခုနှစ် ဇွန်လ ၂၅ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း “ ၊ ရှမ်း-မန်း စစ်ဆင်ရေး စတင်ပြီးနောက် မန္တလေးတိုင်းမှ စဉ့်ကူးမြို့နှင့် တကောင်းမြို့တို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားပြီး သပိတ်ကျင်းမြို့မှာ တတိယမြောက်သိမ်းပိုက်နိုင်သည့်မြို့ ဖြစ်လာသည်။ စဉ့်ကူးနှင့် သပိတ်ကျင်းသည် ကားဖြင့် သွားပါက တစ်နာရီခွဲခန့် ကွာဝေးသည်။

သပိတ်ကျင်းမြို့နယ်တွင် အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ စစ်အခြေခံလေ့ကျင့်ရေးကျောင်း၊ နည်းပညာတပ်ရင်းတို့တွင် စစ်တပ်က အခိုင်အမာ အထိုင်ချတပ်စွဲထားပြီး အာဏာသိမ်းပြီးနောက် လက်ပံကြီးရွာအပါအဝင် ကျေးရွာတချို့တွင် ဝင်ရောက်တပ်စွဲထားသည်။

သပိတ်ကျင်းမြို့နယ် မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေသည့် ထီးချိုင့်၊ အရှေ့ဘက်တွင် တအာင်းတပ် (TNLA) သိမ်းထားသည့် မိုးကုတ်၊ မိုးမိတ်၊ တောင်ဘက်တွင် စဉ့်ကူး၊ မြစ်တစ်ဖက်ကမ်း အနောက်ဘက်တွင် လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်း ကန့်ဘလူ ၊ ခင်ဦးမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

မြို့တောင်ဘက်ရှိ စဉ့်ကူးမြို့နယ်ကို MDY PDF နှင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားပြီး ဖြစ်သလို မြို့အရှေ့ဘက်ရှိ မိုးကုတ်မြို့နယ်နှင့် မိုးမိတ်မြို့နယ်ကိုလည်း ယခင်လအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်ထားသည်။

သပိတ်ကျင်းမြို့နှင့် ကပ်လျက်ရှိ တကောင်းမြို့ကို တော်လှန်ရေးအင်အားစုများက ယခုလဆန်းပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တစ်ဆက်တစ်စပ်တည်းရှိသည့် စစ်ကောင်စီ တပ်စွဲထားသော ထီးချိုင့်မြို့နယ်၊ မြတောင်ရွာကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းကပင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

သပိတ်ကျင်းမြို့ကို သိမ်းပိုက်လိုက်ခြင်းကြောင့် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း တော်လှန်ရေးအင်အားစုဘက်မှ စိုးမိုးနယ်မြေ ပိုကျယ်ပြန့်လာပြီး တော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်းနှင့် စစ်ကောင်စီ ထိန်းချုပ် မြို့ ၄ မြို့သာ ကျန်သည့် ရှမ်းပြည်မြောက်ပိုင်းတို့ နယ်မြေတစ်ဆက်တည်း တည်ရှိသွားပြီ ဖြစ်သည်။

တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် နယ်မြေပြမြေပုံ။

သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀၀ ခန့်ဖြင့် အထိုင်ချထားသည့် ကွင်း ၅၀၀ တပ်စခန်းကို MDY PDF က ရက် ၂၀ ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဩဂုတ် ၂၅ ရက်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

ထို့ကြောင့် မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းရှိ စစ်ကောင်စီ၏ ဗျူဟာမြောက်တပ်စခန်းအပါအဝင် စခန်းငယ်များအားလုံး ကင်းစင်သွားပြီဖြစ်သည်ဟု MDY PDF က ဆိုသည်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် မန္တတေးတိုင်းအတွင်းမှ မြို့များတွင် တိုက်ပွဲပြင်းထန်နေချိန်တွင် မြစ်အနောက်ဘက်ကမ်းရှိ ကန့်ဘလူမြို့နယ်တွင်လည်း စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး (ပြည်သူ့စစ်) များနှင့် စစ်တပ် ပူးပေါင်းပြီး မြို့နယ်အတွင်း တောက်လျှောက် စစ်ကြောင်းထိုးနေသည်။

မန္တလေးတိုင်း၊ တောင်ဘက် နေပြည်တော်နှင့် မိုင် ၁၀၀ ခန့်သာ ကွာဝေးသည့် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်တွင်လည်း တော်လှန်ရေးအင်အားစုများက ဩဂုတ်လဆန်းပိုင်းကစပြီး “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး” ဖော်ဆောင်လျက်ရှိပြီး စစ်ကောင်စီ တပ်စွဲထားရာနေရာများကို ဦးတည် တိုက်ခိုက်နေသည်။

သပိတ်ကျင်းမြို့နယ် ကွင်း ၅၀၀ တပ်စခန်းကို တိုက်ခိုက်ပြီး သိမ်းဆည်းရမိလက်နက်ခဲယမ်းများကို MDY-PDF က  ထုတ်ပြန်ထားစဉ်။

Show More

Related Articles

Back to top button