အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးသတင်း

မြန်မာ- ထိုင်းနယ်စပ်တစ်လျှောက် ကျားဖြန့် လုပ်ငန်း ၄၂ ခုအထိ ရှိနေ

နယ်စပ်တစ်လျှောက် တိုးပွားနေသော ငွေလိမ်စခန်းများအနက်သုံးခုသည်သာ ထင်ထင်ပေါ်ပေါ် တိုက်ဖျက် ခံနေရပြီး ကျန်စခန်းများသည် ထိုအရေးမှ ကင်းဝေးနေဆဲ ဖြစ်သည်။

မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် မြန်မာနိုင်ငံဘက်ခြမ်းတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)နှင့် လောင်းကစား လုပ်ကိုင်နေသည်ဟု ယူဆရသည့် စခန်းပေါင်း ဆယ်နှင့်ချီရှိနေသည့်အနက် စခန်းအချို့သာ စစ်တပ်က စီးနင်းဖြိုဖျက်ထားပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်လည်ပတ်နေသည့် ကျားဖြန့် စခန်းပေါင်းများစွာ ကျန်ရှိနေသေးကြောင်း Myanmar Now က လေ့လာသိရှိရသည်။

အာဏာသိမ်းစစ်တပ်က  နှိမ်နင်းနေသည် ဆိုသည့် KK Park အပါအဝင်  ရွှေကုက္ကို၊ ကျောက်ခတ် အစရှိသည့် နေရာများအပြင် အခြားသော နေရာပေါင်း ၄၂ ခုတွင် ကျားဖြန့်စခန်းများ ရှိနေသည်ကို စစ်ဆေးတွေ့ရှိရခြင်း ဖြစ်သည်။

Myanmar Now အနေဖြင့် အဆိုပါကျားဖြန့်စခန်းများ၏ တည်နေရာကို လေ့လာနေသော Cyber Scam Monitor ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် Justice for Myanmar (JFM) က ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် WHO POWERED THE EXPANSION OF CYBER SCAMS IN MYAWADDY? ဆိုသည့် ထုတ်ပြန်ချက်ကို ကိုးကား၍ ပြန်လည်စုစည်းထားခြင်း ဖြစ်သည်။

ကျားဖြန့်စောင့်ကြည့်ရေး

Cyber ​​Scam Monitor သည် အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများအား ခြေရာခံ မှတ်တမ်းတင်နေသည့် လွတ်လပ်သော၊ စေတနာ့ဝန်ထမ်း စောင့်ကြည့်ရေးအဖွဲ့နှင့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။

အဆိုပါအဖွဲ့သည် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများမှ ထွက်ပြေးလွတ်မြောက်လာသူများ၊ သတင်းဌာနများ၏ ဖော်ပြချက်များကို ကိုးကား၍ စခန်းတည်နေရာများကို ပြုစုထားခြင်းဖြစ်သည်။

အွန်လိုင်း ငွေလိမ်လုပ်ငန်းနှင့် လောင်းကစားလုပ်ကိုင်သည့် စခန်းဟု ယူဆရသည့် စခန်း ၄၂ ခုသည် မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မြိုင်မြို့မှ မြဝတီတောင်ဘက် ဝေါ်လေမြိုင်မြို့အထိ သောင်ရင်း မြစ်ဘေးတစ်လျှောက်၌ တည်ရှိနေကြသည်။

အဆိုပါ စခန်း ၄၂ ခုသည် (၁) Shengda Park ၊ (၂)  Hongtu Park ၊ (၃) Shwe Koko Yatai New City ၊ (၄) Yongjingtai Park (ဝမ်ခသစ်) ၊ (၅) Apollo Park ၊ (၆) Royal Dragon Bay (107 Park) ၊ (၇) Yulong Bay (ရွှေပိတောက်မြိုင်) ၊ (၈) Jinxin Park ၊ (၉) Dingsheng (OK ) Park – Pier 20 ၊ (၁၀) TTM Park ၊ (၁၁) Star Complex (Pier 18) ၊ (၁၂) Fuli Park (Pier 12) ၊ (၁၃) Dongfang Hui (Eastern Complex) ၊ (၁၄) Blue Sky Park ၊ (၁၅) Teda Park ၊ (၁၆) Bai Sheng 2 Park ၊ (၁၇) Heng Sheng 2 Park ၊ (၁၈) Myawaddy Complex ၊ (၁၉) Galaxy Park (Xinhe/Pier-6) ၊ (၂၀) Heng Sheng (ဟိန့်စိန်/Elephant) Park ၊ (၂၁) Bai Sheng (Pier 1) Park ၊ (၂၂) Heng Sheng 4 (Phoenix) Park ၊ (၂၃) Galaxy International (Pier 17) ၊ (၂၄) UK Park ၊ (၂၅) PK Park ၊ (၂၆) 669 Park ၊ (၂၇) Xinhao Park ၊ (၂၈) Tongda Park ၊ (၂၉) Huanya Park ၊ (၃၀) Poly Park ၊ (၃၁) KK park 1 ၊ (၃၂) KK Park 2 ၊ (၃၃) KK Park 3 ၊ (၃၄) KK Park 4 ၊ (၃၅) Dong Mei (ဧက ၁၀၀) Park ၊ (၃၆) Shunda Park (မင်းလက်ပံ) ၊ (၃၇) Demon Park (ဖလူးကြီး) ၊ (၃၈) Pulu Park (ဖလူးလေး) ၊ (၃၉) Taichang Park (ကျောက်ခတ်) ၊ (၄၀) New Taichang Park (ကျောက်ခတ်) ၊ (၄၁) Hensheng 3 (Triumph) Park (ဝေါလေမြိုင်) ၊ (၄၂) Hensheng 5 Park (ဝေါလေမြိုင်) တို့ဖြစ်သည်။

အကြမ်းဖျင်းအားဖြင့် ဆိုရလျှင် စခန်း ၄၂ ခုအနက် စခန်း ခုနစ်ခုသည် မြဝတီမြို့မြောက်ဘက်တွင်ရှိပြီး မြဝတီမြို့ တွင် ၂၁ ခုရှိသည်။ မြဝတီမြို့တောင်ဘက် မယ်ထော်သလေးရွာအနီးမှ ဝေါလေမြိုင်အထိ စခန်း ၁၄ ခု ရှိသည်။

အဆိုပါ စခန်း ၄၂ ခုအနက် စခန်းရှစ်ခုအကြောင်းနှင့် အချက်အလက်များအား မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများအကြောင်း ဖော်ထုတ်နေသော (JFM)၏ မတ်လအစီရင်ခံစာတွင် ဖော်ပြထားသည်။

JFM က ရေးသားဖော်ထုတ်ခဲ့သည့် စခန်း ရှစ်ခုသည် KK Park 1 ၊ KK Park 2 ၊ ရွှေကုက္ကိုရှိ Yatai New City၊ Yulong Bay Park၊ Apollo Park ၊ DongMei (တုံမိန်) Park ၊ Huanya Park ၊ မင်းလက်ပံရွာရှိ Shunda Park တို့ဖြစ်သည်။ ကျန်စခန်း ၃၄ ခုနှင့် ပတ်သက်သည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရသေးပေ။

ယခုနှစ် မတ်လအတွင်း ရွှေကုက္ကိုမြို့ရှိ အထပ်မြင့်အဆောက်အအုံများနှင့် ဆောက်လက်စ လုပ်ငန်းခွင်။ (ဓာတ်ပုံ – အောင်ခမ်း)

ကျားဖြန့်ဆိုတာ ဘာလဲ 

နိုင်ငံတကာရှိ ၎င်းတို့ပစ်မှတ်ထားသည့် လူတစ်ဦးချင်းစီထံမှ ငွေကြေးလိမ်လည်ရယူရန် အွန်လိုင်းမှ တဆင့် ပုံစံမျိုးစုံဖြင့် ကြိုးပမ်းခြင်းဖြစ်သည်။ 

ကျားဖြန့်တွင် ပါဝင်လုပ်ကိုင်ကြသူ အများစုသည် လိမ်လည်ခေါ်ယူ ခံရပြီးနောက် အတင်းအကျပ်စေခိုင်း ခံနေရသော နိုင်ငံတကာမှ လူမျိုးစုံ ပါဝင်ကြသည်။ အများစုသည် တရုတ်နိုင်ငံသားများဖြစ်ကြပြီး အချို့သည် အဓိကဦးဆောင်သူများဖြစ်ကြသည်။

စနစ်တကျ ဖွဲ့စည်းထားသော ရာဇဝတ်ဂိုဏ်းများသည် ဆိုက်ဘာလိမ်လည်မှုများအား အဆိုပါနေရာများ၌ အကြီးအကျယ် လုပ်ကိုင်နေပြီး ကမ္ဘာတစ်ဝန်းမှ လူကုန်ကူး၍ ခေါ်ဆောင်ထားသူများကို ငွေလိမ်လည်မှုများ လုပ်ဆောင်ရန် အတင်းအကျပ် ခိုင်းစေခဲ့ကြသည်။ 

၎င်းတို့၏ထောင်ချောက်ကို မမြင်သည့် ပြည်ပမှ လိမ်လည်ရန် ပစ်မှတ်ထားခံရသူများနှင့် ယုံကြည်မှု တည်ဆောက်၍  ထိုသူများထံမှ ဒေါ်လာဘီလီယံပေါင်းများစွာ ခိုးယူခဲ့ကြသည်။

တရုတ်လို ကျားဖြန့်ဟုခေါ်သော အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသရှိ စစ်တပ် လက်အောက်ခံ ကိုးကန့်တပ် လက်ထက်တွင်  ကြီးထွားပျံ့နှံ့ခဲ့ရာမှ မြန်မာနိုင်ငံတွင် လူအများစတင် သတိထားမိလာသည်။

ယင်းအပြင် ကျားဖြန့် လုပ်ငန်းခွင်တွင် ညှဉ်းပန်းနှိပ်စက်ခံရသော ရုပ်သံဖိုင်များ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာခြင်းကလည်း လူအများကို ပိုမိုသတိပြုမိလာစေသည်။

မြန်မာအခြေစိုက်ကျားဖြန့်နှင့် ဘေကျင်းအမျက်ဒေါသ

ရှမ်းမြောက်အခြေစိုက် ကျားဖြန့်လိမ်လည်မှုများကြောင့် တရုတ်နိုင်ငံသားအများအပြား ဆုံးရှုံးထိခိုက်ရမှု အခြေအနေသည် တရုတ်အစိုးရကို အကြီးအကျယ် အမျက်ဒေါသသင့်စေခဲ့သည်။

တရုတ်အစိုးရသည် ကျားဖြန့်ခေါ် အွန်လိုင်းလောင်းကစားဂိုဏ်းများကို နှိမ်နှင်းရန် ၂၀၂၂ ခုနှစ်မှ စတင်ကာ မြန်မာစစ်တပ်ကို အစဉ်မပြတ်ဖိအားပေးခဲ့ပြီး ၂၀၂၃ နှစ်ဆန်းတွင်လည်း တရုတ်ရဲတပ်ဖွဲ့က နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှ ဝင်ရောက်လာပြီး မူဆယ်မြို့တွင်း ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ခဲ့သေးသည်။

၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့ ညသန်းခေါင်ယံအချိန် မင်္ဂလာမူဆယ်အနီး ကိုးထပ်အမြင့်ရှိ Golden Elephant အဆောက်အအုံ၊ Fully Light ဟိုတယ်အပါအဝင် နေရာ ၁၀ ခုခန့်ကို စစ်တပ်က အင်အားသုံး စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို ပြန်လွှဲပေးခဲ့သည်။ 

တရုတ်၏တောင်းဆိုမှုကြောင့်  စစ်တပ်သည် ၂၀၂၄ ခုနှစ် မတ်လအတွင်း ကာကွယ်ရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကို လောက်ကိုင်အခြေစိုက် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်ခဲ့ကြောင်း သံသယဖြင့် ဖမ်းဆီးပေးခဲ့ရသည်။

အလားတူ ကြံ့ခိုင်ရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်ဟောင်းနှင့် အမတ်ဟောင်းလည်းဖြစ်သည့် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ဦးမြင့်လှိုင်ကိုလည်း ကျားဖြန့်သံသယဖြင့် ဖမ်းဆီးခဲ့သည်

ကျားဖြန့်နှင့်ပတ်သက်သည်ဟုဆိုသည့် အဆိုပါထိပ်ပိုင်းခေါင်းဆောင်အချို့ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။ စစ်တပ်ဘက်ကမူ ယင်းအခြေအနေအပေါ် တရားဝင် တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ မြန်မာနောင်းအနေဖြင့်လည်း ယင်းအခြေအနေအား သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

သို့သော် ရှမ်းမြောက်ခြေကုပ်ယူထားသည့် ကျားဖြန့်အရေး ဘေကျင်း၏ ပြတ်ပြတ်သားသားကိုင်တွယ်မှုများကို ထောက်ရှုခြင်းအားဖြင့် ထိုအခြေအနေသည် မဖြစ်နိုင်ဟု ယူဆ၍မရပေ။စစ်တပ်လက်အောက်ခံ ကိုးကန့်အဖွဲ့ ပြုတ်ကျသည်အထိ တရုတ်နိုင်ငံသည် ရှမ်းမြောက် ကျားဖြန့်အရေးတွင် ပြင်းပြင်းထန်ထန်ကိုင်တွယ် နှိမ်နင်းခဲ့သည်။

ကျားဖြန့်သံသယမှုဖြင့် လောက်ကိုင်မြို့ထဲမှ တရုတ်နိုင်ငံသားများကို ရန်လုံကျိုင်းဂိတ်မှ တဆင့် ၂၀၂၃ ခုနှစ် အောက်တိုဘာအတွင်း စစ်တပ်က တရုတ်အစိုးရထံ လွှဲပြောင်းပေးစဉ် (ဓာတ်ပုံ- စစ်တပ်လက်အောက်ခံ ကိုးကန့်တပ်)

နှိမ်နင်းခံရသော ကျားဖြန့်များသည် စားကျက်ပြောင်းရွှေ့ခဲ့ရာ နိုင်ငံတောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်  ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ထိုလုပ်ငန်းများ ပျံ့နှံ့ရောက်ရှိခဲ့သည်။ ယခင်ရှိနေနှင့်ပြီးသား ကျားဖြန့် လုပ်ငန်းများနှင့် ရွှေ့ပြောင်းရောက်ရှိလာသော ကျားဖြန့်များကြောင့် ပိုမိုအင်အားကောင်းလာသည်။ 

ထိုနယ်မြေတွင် ကရင်နယ်ခြားစောင့်တပ် BGF (ခ) ကရင်အမျိုးသားတပ်မတော် KNA နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)  တို့ နယ်မြေစိုးမိုးကြသည်။ 

မြဝတီနယ်ထဲ စစ်တပ်က ဘယ်လို ဝင်ရောက်လဲ

ကရင်ပြည်နယ်၊ လေးကေ့ကော်ရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နေရာများကို စစ်တပ်က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့သည်။ 

စစ်ကော်မရှင်တပ်၏ ဦးတည်ရာသည် အထက်ပါစီးနင်းခဲ့သောနေရာမှ နှစ်မိုင်ကျော်အကွာတွင် တည်ရှိပြီး ကမ္ဘာပေါ်၌ အဆိုးဆုံးသော အွန်လိုင်းလိမ်လည်မှုစခန်းများအနက် တစ်ခုဖြစ်သည့် KK Park ကို ရည်ရွယ်သည်ဟု ယူဆရသည်။

စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နေရာဖြစ်သည့် KK Park သည် မြဝတီမြို့အရှေ့တောင်ဘက် ငါးမိုင်ကျော်အကွာ မယ်ထော်သလေးကျေးရွာအနီး လေးကေ့ကော် မြို့သစ်အရှေ့မြောက်ဘက် နှစ်မိုင်ကျော်အကွာတွင် တည်ရှိသည်။

စစ်တပ်သည် ယင်းနေ့တပြိုင်နက်တည်းတွင် KK Park ကို စီးနင်း၍ ရှင်းလင်းခဲ့ကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ကြေညာသည်။ 

Star Link စလောင်း ၃၀ စုံနှင့် ဆက်စပ်ပစ္စည်းများ၊ အဆောက်အအုံများ၊ လူ ၂၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် ထိုစီးနင်းမှုသည် ဟန်ပြသာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကရင်လူမျိုးနိုင်ငံရေးလေ့လာသူအချို့အပါအဝင် ပြည်သူအများအပြားက ဝေဖန်ထောက်ပြခဲ့ကြသည်။ 

မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ဆုံးနှင့် လူထုထောက်ခံမှုအများဆုံး  တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) က KK Park ကို ဦးဆောင်နေသည်ဟု စစ်ကော်မရှင်က စွပ်စွဲခဲ့ပြီး KNU ဘက်ကလည်း  အချက်အလက်များနှင့်တကွ ပြင်းပြင်းထန်ထန် တုံ့ပြန်ပယ်ချခဲ့သည်။ 

ထို့နောက် စစ်ကော်မရှင်နှင့် BGF သည် ကျားဖြန့်နှင့် ဆက်စပ်လုပ်ငန်းများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုမြို့သစ်ကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဆက်လက် စီးနင်းခဲ့သည်။

စစ်တပ်ဩဇာခံ ကရင်နယ်ခြားစောင့်တပ် (BGF) ကလည်း ထိုင်း- မြန်မာနယ်စပ် ၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုမြို့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များအား နှိမ်နင်းမည်ဟု နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုပြီးနောက် ညတွင်းချင်း ကျားဖြန့်လုပ်ကိုင်သူများ ပြောင်းရွှေ့ခဲ့ကြသည်။

ထို့နောက် နောက်တစ်နေ့တွင် စစ်ကော်မရှင်တပ် ရောက်ရှိလာပြီး ယနေ့ထက်ထိ ကျားဖြန့်လုပ်ငန်း ဆက်စပ်သည်ဟုဆိုသည့် အဆောက်အအုံများကို ဖျက်ဆီးရှင်းလင်းနေရာ အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၃၆၁ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။

KK Park ကို နှိမ်နင်းမည့်အစီအမံဟု စစ်တပ်က ထုတ်ပြန်ထားစဉ်။
 ထိုင်းမြန်မာ နယ်စပ် KK Park ရှိ အွန်လိုင်း ကျားဖြန့်အဆောက်အအုံအချို့ကို BGF ဖောက်ခွဲဖျက်ဆီး နေစဉ်။ (ဓာတ်ပုံ- ကိုလှိုင်း/ Myanmar Now) 

KNU က ဘာတွေလုပ်နေသလဲ

မြဝတီမြို့အရှေ့တောင်ဘက် ရှစ်မိုင်ခန့်အကွာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းနံဘေး ကရင် လက်နက်ကိုင်အဖွဲ့ ဖြစ်သော ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားသည့် မင်းလက်ပံကျေးရွာအနီး စစ်တပ်နှင့် KNU တပ်များ တိုက်ပွဲဖြစ်ပွားပြီး KNU တပ်များက ထိုကျေးရွာကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စီးနင်းထိန်းချုပ်ခဲ့သည်။ 

မင်းလက်ပံကျေးရွာရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့် ဂိတ်အထပ်ထပ်ပိတ်ထားသော ခြံဝင်းကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် KNU က ဝင်ရောက်စီးနင်းရာ လူ ၃၀၀၀ ကျော် ( ၃၅၈၂ ဦး) ကို ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။  ထိုထိန်းသိမ်းမှုအတွင်း ပစ်ခတ်မှုဖြစ်ခဲ့ပြီး တရုတ်တစ်ဦးအပါအဝင် ငါးဦး ထက်မနည်း သေဆုံးခဲ့သည်။ 

KNU က ထိုစခန်းဝင်းမှ သိမ်းဆည်းရမိသော လုပ်ငန်းသက်သေ အထောက်အထား အမြောက်အများကို အိမ်နီးချင်းထိုင်းနိုင်ငံ အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါကျားဖြန့်စခန်းရှိ  ၃၅၈၂ ဦးထဲမှ စခန်းအပြင်သို့ ထွက်လိုသူ၂၆၆၅ ဦးကို ထွက်ခွာခွင့်ပြုခဲ့ပြီး ထို ၂၆၆၅ ဦးအနက် ၂၄၆၀ ဦးကို ထိုင်းနိုင်ငံဘက်သို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန် ၂၀၀ ကျော်သည် သောင်ရင်းမြစ်ကမ်းဘေး စောင့်ဆိုင်းခဲ့ကြောင်း KNU ၏ ဒီဇင်ဘာလ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံသား အများစုပါဝင်သော ကျန် ၉၀၀ ကျော်သည် စခန်းအတွင်းမှ ထွက်ခွာရန် ငြင်းဆန်ခဲ့ပြီး ကျန်ရှိနေသူများသည် ခြံဝင်းအတွင်း မီးရှို့ခြင်း၊ ဆူပူမှုများပြုလုပ်ခြင်း ၊ ကျန်နေခဲ့သူများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထွက်ခွာရန် (သို့မဟုတ်) အခြားအွန်လိုင်းငွေလိမ်စခန်းများထံသို့ သွားရောက်ခွင့်ပေးရန် တောင်းဆိုခြင်း၊ အချို့သူများသည် ခြံဝင်းကျော်၍ ထွက်ပြေးကြခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း KNU က ဆိုသည်။ 

ထို့ကြောင့် လုံခြုံ‌ရေးအခြေအနေ အလွန်အမင်းဆိုးရွားလာသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ကို KNU က တာဝန်လွှဲပေးခဲ့သည်။ 

KNU ထိန်းချုပ်ထားချိန်မှစ၍ မင်းလက်ပံရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း လုပ်ခဲ့သလို လက်နက်ကြီးများပစ်ခတ်ခဲ့၍ ထိုင်းဘက်ခြမ်းနှင့် မင်းလက်ပံ ကျားဖြန့်စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် လူထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ 

လက်ရှိအခြေအနေတွင် တရုတ်နိုင်ငံသားအများစုအပါအဝင် ကျန်သူများကို ပြန်လည်လွှဲပေးနိုင်ရန် KNU က ကြိုးပမ်းနေသလို ထိုနေရာကို စီးနင်းနိုင်ရန် စစ်တပ်ဘက်က စစ်ကြောင်းထိုးနေသဖြင့် ယခုရက်ပိုင်း တိုက်ပွဲများဖြစ်နေသည်။

ယင်းအပြင် KK Park၊ ရွှေကုက္ကို၊ မင်းလက်ပံ အစရှိသော သုံးနေရာ၏ အခြေအနေကိုသာသိရပြီး အခြားသော ကျားဖြန့်စခန်းများ၏ အခြေအနေ မည်ကဲ့သို့ ဖြစ်ပျက်နေသည်ကို သိနိုင်ရန်ခက်ခဲနေသည်။

အဆိုပါ စခန်းသုံးခုကို စီးနင်းထားသည့် စစ်တပ် ၊ BGF နှင့် KNU က ကျားဖြန့်လုပ်ငန်းများအား တိုက်ဖျက် ချေမှုန်းမည်ဟု အသီးသီး ကြေညာထားကြသည်။ 

လက်နက်ကိုင်များ၏ ကျားဖြန့်နှိမ်နင်းရေးနှင့်ပတ်သက်၍ လုပ်နည်းလုပ်ဟန်တွင် အငြင်းပွားဖွယ်ရာများနှင့် ဂရုတစိုက်စောင့်ကြည့်စရာများရှိနေသည်။ လူထောင်ချီ ဖမ်းမိထားသော်လည်း ကျားဖြန့်နှင့် အွန်လိုင်း လောင်းကစားလုပ်ငန်း၏ ခေါင်းဆောင်ဟု သံသယရှိသူများကိုမူ ဖမ်းဆီး၊ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

မည်သို့ပင်ဖြစ်စေ KK Parkတွင် စခန်းလေးခုရှိပြီး ရွှေကုက္ကိုလ်တွင် အနည်းဆုံး စခန်းလေးခုရှိသည်ဖြစ်ရာ လက်ရှိတွင် စခန်းစုစုပေါင်း  ရှစ်ခုသည် ဝင်ရောက် စစ်ဆေးမှုများကြုံနေရသည်ဟု ယေဘူယျဆိုနိုင်ပေသည်။

“အခုလက်ရှိ (ကျားဖြန့်လုပ်ငန်း)လည်ပတ်တာက ဧက ၁၀၀ (DongMei Park) လည်ပတ်တယ်။ ၂၉ ဂိတ်ဆိုတဲ့ နေရာမှာလည်း လည်ပတ်နေတယ်။မြို့ထဲမှာရှိတဲ့ ကျားဖြန့်ရုံ အသေးတွေလည်း လည်ပတ်နေတယ်။ နောက် UK တို့၊ 669 တို့ကလည်း လည်ပတ်နေတာပဲ” ဟု မြဝတီမြို့နယ်တွင် နေထိုင်သည့် Myanmar Now သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ဆိုသည်။

၂၀၂၄ ခုနှစ်တွင် ထွက်ပြေးလာနိုင်ခဲ့သည့် ကျားဖြန့်လုပ်သားဟောင်းအမျိုးသားတစ်ဦးကလည်း ရွှေကုက္ကိုမှ ကျားဖြန့်လုပ်သားများသည် မြဝတီမြို့နယ်ထဲရှိ အခြားကျားဖြန့်စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း Myanmar Now ကို ပြောသည်။

“တော်တော်များများ ၉၉၉ (Myawaddy Complex) ဆီ ပြောင်းနေတာ ရှိတယ်။ ၉၉၉ ကနေလည်း တခြားနေရာကို ပြောင်းဖို့လုပ်နေတယ်လို့လည်း ကြားရတယ်”ဟု ထိုသူက ဆိုသည်။

စစ်ဆေးခြင်းမခံရသေးသော ကျန်ရှိသည့် စခန်း ၃၄ ခုအတွင်း မည်သည့်အတိုင်းအတာအထိ လုပ်ငန်းများ လည်ပတ်နေပြီး စခန်းအတွင်းပိုင်း၌ မည်ကဲ့သို့ဖြစ်ပျက်နေသည်ကို သိရှိရန်ခက်ခဲနေဆဲဖြစ်သည်။

စစ်ကော်မရှင်၏ ကျားဖြန့်တိုက်ဖျက်ရေးကော်မတီ

မြောက်ပိုင်းကျားဖြန့်အရေးနှင့် မတူဘဲ တောင်ပိုင်းကျားဖြန့်အရေးတွင် စစ်ကော်မရှင်သည် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။ 

ယင်းအဖွဲ့တွင်  ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး၊ ဒုတိယဥက္ကဌ(၁) အဖြစ် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊  ဒုတိယဥက္ကဌ(၂) အဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်တို့ အပါအဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းသည်။

အမေရိကန်၏ အွန်လိုင်းငွေလိမ်လုပ်ငန်းတိုက်ဖျက်ရေးအဖွဲ့(Scam Centre Strike Force) ဖွဲ့စည်းထားကြောင်း ကြေညာပြီးနောက် ထွက်ပေါ်လာသည့် စစ်ကော်မရှင်တပ်၏  ကျားဖြန့်တိုက်ဖျက်ရေးကော်မတီသည် လုပ်ငန်းတာဝန် (၅) ရပ် ချမှတ်၍ ကျားဖြန့်အရေးဆောင်ရွက်ရာတွင် ပြည်တွင်းအင်အားစုများအပြင် ပြည်ပအစိုးရများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မည်ဟုဆိုသည်။ 

စစ်ကော်မရှင် ပြောဆိုသည့် ပြည်တွင်းအင်အားစုများဆိုသည်မှာ ကျားဖြန့်အရေး နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် စစ်တပ်လက်ဝေခံ လက်နက်ကိုင်အဖွဲ့များကို ဆိုလိုခြင်းလားဆိုသည်မှာ ရှင်းလင်းခြင်း မရှိသေးပေ။


ကျားဖြန့်များသည် အမေရိကန် နိုင်ငံသားများ၏ ချွေးနှဲစာငွေကြေးများကို ပစ်မှတ်ထား ခိုးယူနေသောကြောင့်  အမေရိကန်နိုင်ငံက ထိုအရေးကို အာရုံစိုက်လာခဲ့သည်။

အမေရိကန်နိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းတိုက်ဖျက်ရေးအဖွဲ့(Scam Centre Strike Force) ဖွဲ့စည်း ဆောင်ရွက်လာသည့်အပေါ် စစ်ကော်မရှင်ကတရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ထိတ်လန့် တုန်လှုပ်နေမှုကို  အတိုင်းသားမြင်နေရသည်။

ကျားဖြန့်အရေးတွင် အမေရိကန် ကို်ယ်ထိလက်ရောက် ပါဝင်လာမည်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် မည်မျှစိုးရိမ်နေကြောင်း စစ်ကော်မရှင်ပြောခွင့်ရ ဇော်မင်းထွန်း၏ အပြုအမူများက ပေါ်လွင်ထင်ရှားသည်ဟု မြန်မာ့အရေး အချက်အလက်အခြေပြု သုတေသနဆောင်းပါးများ ရေးသားနေသည့်  မြန်မာနောင်း၏ ဆောင်းပါးရှင် ကိုသုတဇော်က သုံးသပ်သည်။

KK Park နှင့် ရွှေကုက္ကိုရှိ အဆောက်အအုံများကို စစ်တပ်က ဖြိုချဖျက်ဆီးနေခြင်းသည် ကျားဖြန့်လုပ်ငန်း သက်သေများကို ဖျောက်ဖျက်ရန် စစ်တပ်က ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုမှုများလည်းရှိသည်။ 

မြဝတီနယ်စပ်တစ်လျှောက် ကျားဖြန့်လုပ်ငန်းများအားလုံး KNU တစ်ဖွဲ့တည်းကသာ လုပ်ဆောင်နေသယောင် စစ်ကော်မရှင်က အတင်းအဓမ္မဝါဒဖြန့်လာခြင်းနှင့် ထိုကျားဖြန့်ပြဿနာကို KNU ဘက်သို့ မြားဦးပြန်လှည့် ပေးနေခြင်းသည် ရာဇဝတ်မှု ကျူးလွန်ထားသော တရားခံက “ဘူးခံ” ငြင်းဆိုနေသကဲ့သို့ တွေ့မြင်နေရသည်ဟု ဆောင်းပါးရှင် ကိုသုတဇော်က မှတ်ချက်ပြုထားသည်။

 မြဝတီမြို့မြောက်ပိုင်း ကျားဖြန့်စခန်းဟုယူဆရသည့် စခန်းတည်နေရာများ။
မြဝတီမြို့ထဲက ကျားဖြန့်စခန်းဟု ယူဆရသည့် စခန်းတည်နေရာများ။
Huanya Park ၊ Poly Park ၊ KK Park စခန်းတည်နေရာများ။
မင်းလက်ပံ နှင့် ဖလူး ဒေသက ကျားဖြန်စခန်းဟု ယူဆရသည့် စခန်းတည်နေရာများ။ 
ကျောက်ခတ်ဒေသက ကျားဖြန်စခန်းဟု ယူဆရသည့်တည်နေရာ။
Screenshot

Related Articles

Back to top button