ထိုင်း-မြန်မာနယ်စပ် ၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုမြို့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များအား နှိမ်နင်းမည်ဟု စစ်တပ်ဩဇာခံ ကရင်နယ်ခြားစောင့်တပ် (BGF) က ပြောဆိုပြီးနောက် ညတွင်းချင်း ပြောင်းရွှေ့မှုများ ရှိခဲ့ကာ ယနေ့ နံနက်တွင် စစ်ကော်မရှင်တပ် ရောက်ရှိနေကြောင်း သိရသည်။
ရွှေကုက္ကိုအပါအဝင် ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို အထူးစစ်ဆင်ရေး အဖြစ် နှိမ်နင်းသွားမည်ဟု ယမန်နေ့ (နိုဝင်ဘာလ ၁၇ ရက်နေ့) တွင် BGF က သတင်းထောက်အချို့ကို ခေါ်ယူအသိပေးခဲ့သည်။
ထို့နောက် ည ၈ နာရီခန့်မှ စတင်ကာ ရွှေကုက္ကိုတွင် တရုတ်လူမျိုးအများအပြား လမ်းပေါ်ထွက်လာပြီး BGF များ ဦးဆောင်၍ နေရာရွှေ့ပြောင်းပေးမှုများ လုပ်နေကြသည်ဟု ရွှေကုက္ကိုဒေသခံ သတင်းရင်းမြစ်နှစ်ဦး က Myanmar Now ကို ပြောသည်။
“သူတို့ (BGF) က ကြိုပြီးရှောင်ခိုင်းတာ။ တချို့တရုတ်တွေဆိုရင်လည်း အဖွဲ့အစည်း (BGF)ကားတွေနဲ့ပဲ ဝမ်ခတို့ဘာတို့ နီးစပ်ရာ စခန်းတွေကိုပဲ ပြန်သွင်းတယ်ပေါ့။ ဝမ်ခကြတော့ နှိမ်နင်းတဲ့အထဲ မပါသေးဘူး။ ဆိုတော့ ဝမ်ခမှာက ကျားဖြန့်တွေ လည်ပတ်နေတုန်းပဲ” ဟု ရွှေကုက္ကိုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မြန်မာလူမျိုးဝန်ထမ်းများကိုလည်း ည ၂ နာရီတွင် ပြန်ခွင့်ပြုလိုက်ပြီး အများစုသည် မြဝတီမြို့သို့ သွားကြကြောင်း ၎င်းက ဆက်ပြောသည်။
“တချို့လည်း ခြေကျင်လျှောက်ပြန်တဲ့သူရှိတယ်။ အမျိုးသမီးရော ၊ အမျိုးသားရော။ မြဝတီကိုပဲလာကြတယ်။ မြဝတီမှာက အဆောင်တွေရှိတော့ တည်းခိုဆောင်တွေမှာပဲပြန်နေကြတယ်။ အဆောင်မရတဲ့သူကတော့ သက်ဆိုင်ရာ ဘုန်းကြီးကျောင်းတွေမှာ အကူအညီတောင်းပြီး နေတာပေါ့။ လူဦးရေအားဖြင့်ကတော့ ၂၀၀၀ ဝန်းကျင်လောက်ရှိတယ်” ဟု ထိုသူက ဆိုသည်။
မြဝတီမြို့ဒေသခံအမျိုးသားတစ်ဦးကလည်း မြဝတီမြို့ထဲတွင် လူအများအပြား ရောက်နေကြောင်း ဆိုသည်။
“ရွှေကုက္ကိုက လူဆင်းလာတော့ မြို့ထဲ လူများလာတယ်။ တည်းခိုခန်းတွေမှာတော့ လူများတာပေါ့။ မြို့ထဲအဝင် ပိတ်တာမျိုးတော့မရှိပါဘူး၊ အားလုံး ဖွင့်ထားတယ်။ မြို့ထဲလူများလာတော့ လုံခြုံရေးတွေ (BGF) က ကင်းလှည့်ပြီး လှည့်နေတာတော့ တွေ့တယ်။ စစ်တာဆေးတာတော့မရှိဘူး၊ ညပိုင်းဧည့်စာရင်း စစ်တာလည်းမရှိပါဘူး” ဟု ထိုသူက မြဝတီမြို့ အခြေအနေကို ပြောသည်။
ရွှေကုက္ကိုရှိ တရုတ်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦးက လက်နက်ကိုင်အဖွဲ့များ တရုတ်ကုမ္ပဏီများကို ဝင်ရောက်စစ်ဆေးမည်ဆိုသည့် သတင်းထွက်လာပြီးနောက် ဝန်ထမ်းများကို မြို့မှထွက်ခွာ ကြရန် ခေါ်ယူပြောဆိုခဲ့ကြောင်း ဆိုသည်။
ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်ပြီး နာမည်ဆိုးထွက်နေသော ရွှေကုက္ကို မြို့ထဲရှိ နေရာတချို့ကို ယခုနှစ် ဖေဖော်ဝါရီလအတွင်း BGF က ဝင်ရောက်စီးနင်းကာ စစ်ဆေးခဲ့သော်လည်း လုပ်ငန်းများ ဆက်လက် လည်ပတ်နေခြင်းဖြစ်သည်။
BGF က အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) များ အားလုံးကို ယနေ့ (နိုဝင်ဘာ ၁၈ ရက်နေ့) နံနက်မှ စတင်ကာ စီးနင်းရှင်းလင်းမည်ဖြစ်ကြောင်း BBC သတင်းဌာနကို ပြောထားသော်လည်း မြို့တွင်းအခြေအနေ အသေးစိတ်မသိရသေးပေ။
လက်ရှိတွင် မြဝတီမြို့ဘက်မှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ရွှေကုက္ကိုမြို့သစ်အတွင်း ရောက်ရှိနေကြပြီး မြို့ပတ်လည်တွင်မူ BGF တပ်ဖွဲ့ဝင်များ ရှိနေကြောင်း ဒေသခံအချို့က ပြောသည်။
“စစ်ကော်မရှင်တပ်ကတော့ တစတစ ရောက်လာကြတယ်ဗျ။ မြို့ထဲမှာက လူနေအိမ်တွေရှိတယ်။ ရုပ်ရှင်ရုံတွေရှိတယ်။ ဈေးတွေရှိတယ်။ ပန်းခြံတွေရှိတယ်။ မြို့တစ်ခုလိုဖြစ်နေတော့ လက်ရှိလည်ပတ်တဲ့ အဆောက်အအုံတွေပဲ ဖျက်မယ့်ပုံစံရှိတယ်” ဟု အထက်ပါ ရွှေကုက္ကိုဒေသခံအမျိုးသားက မှတ်ချက်ပေးသည်။
တရုတ်ဘာသာဖြင့် ‘ကျားဖြန့်’ ဟုခေါ်ပြီး အွန်လိုင်းကတဆင့် အုပ်စုဖွဲ့ငွေလိမ်တာ အပါအဝင် ရာဇဝတ်မှုများ လုပ်ကိုင်နေသည့် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှ KK Park ဧရိယာကို ယခုနှစ် အောက်တိုဘာလ တတိယပတ်ထဲ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည်။
KK Park သည် မြဝတီမြို့အရှေ့တောင်ဘက် ငါးမိုင်ကျော်အကွာ မယ်ထော်သလေးကျေးရွာအနီး လေးကေ့ကော်မြို့သစ် အရှေ့မြောက်ဘက် နှစ်မိုင်ကျော်အကွာတွင်ရှိပြီး စစ်တပ်ဩဇာခံ စောချစ်သူ ဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF က ထိန်းချုပ်ထားသည့် နေရာများဖြစ်သည်။
ထိုနေရာအား စီးနင်းပြီး အဆောက်အအုံများကို ဖောက်ခွဲဖျက်ဆီး၍ ကျားဖြန့်ကိုတိုက်ခိုက်နေကြောင်း သက်သေထူရန် စစ်ကော်မရှင်က ကြိုးပမ်းခဲ့သည်။
ထိုစဉ်က ကျားဖြန့်လုပ်ငန်းနှင့်ပတ်သက်၍ နာမည်ကျော်သော BGF ထိန်းချုပ်ထားသည့် မြဝတီမြို့ မြောက်ဘက်ရှိ ရွှေကုက္ကိုနှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားသော ကျောက်ခတ်ဒေသကို အရေးမယူဘဲ KK Park ကို စီးနင်းမှုသည် ဟန်ပြသာဖြစ်ကြောင်း လူအများက ဝေဖန်ခဲ့ကြသည်။
ထို့ကြောင့် အလားတူ ကြိုးပမ်းမှုမျိုး ရွှေကုက္ကိုကိုလည်း ပြုလုပ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု မြဝတီ ဒေသခံများက ယူဆကြသည်။
“BGF က နှိမ်နင်းမယ်ပြောတာ အခုနဲ့ဆိုရင် နှစ်ခါရှိပြီ။ အရင်ကလည်း Plan A,B,C နဲ့လုပ်မယ်ပြောတာပဲ။ အခုကတော့ သူတို့ KK Park လိုဖြစ်မှာစိုးလို့နေမှာပေါ့” ဟု မြဝတီမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ရွှေကုက္ကိုမှ ယခုကဲ့သို့ အစုလိုက်ပြောင်းရွှေ့မှုသည် မြဝတီတောင်ဘက် လေးကေ့ကော် မြို့သစ်အနီး KK Park မှ လူအများအပြားရွှေ့ပြောင်းမှုဖြစ်စဉ်နှင့် ပုံစံတူညီကြောင်း ၎င်းက ဆက်ပြောသည်။
KK Park အတွင်း စစ်ကော်မရှင်တပ်နှင့် BGF တပ်များ ပူးပေါင်း၍ စစ်ဆေးမည်ဆိုသည့် သတင်းများ ကြောင့် KK Park ထဲမှ လူထောင်ချီသည် အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီခွဲ မှစ၍ အုပ်စုလိုက် အပြင်ထွက်လာကာ မြဝတီမြို့နှင့် ထိုင်းဘက်သို့ ထွက်ပြေးပြောင်းရွှေ့ခဲ့ကြသည်။
ထိုစဉ်ကလည်း တရုတ်လူမျိုးများကို BGF က ဦးဆောင်ခေါ်ထုတ်ပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေး သည်။
အဆိုပါကိစ္စရပ်များနှင့်ပတ်သက်ပြီး BGF ဘက်ကို Myanmar Now က မေးမြန်းထားသော်လည်း တုံ့ပြန်ချက် မရသေးပေ။



